Friday, May 15, 2015

စိတ်ပုတီး စိတ်ခြင်း


မေး။  ။ ပုတီးစိတ်တယ်ဆိုတာ ဘယ်လို အဓိပ္ပာယ်လဲ။

ဖြေ။  ။ ပုတီးစိတ်တယ်ဆိုတာ များသောအားဖြင့် ဘုရားဂုဏ်တော် ပွားတာပါ။ ပွားလိုက်တဲ့ ဂုဏ်တော်ကို ပုတီးလုံးနဲ့ ရေတွက်တာပါ။

မေး။  ။ ပုတီး မပါဘဲနဲ့ ဂုဏ်တော်ပွားရင် ဂုဏ်တော် အပေါ်မှာ စိတ်အာရုံ ပိုမြဲမယ် ထင်ပါတယ်။ ပုတီးနဲ့ ရေတွက်နေတော့ တာဝန် မပိုဘူးလား။

ဖြေ။   ။ အလေ့အကျင့် မရှိရင် ပုတီးက ရှုပ်နေတတ်ပါတယ်။ အများစုအတွက် ပုတီးကိုင်ရတာ မ၀ံ့မရဲနဲ့ ရှက်စရာလည်း ဖြစ်နေတတ်ပါတယ်။ တစ်နေ့တာ နှစ်ဆယ့်လေးနာရီအတွင်း ဂုဏ်တော်ကိုးပါး တစ်ကြိမ်လောက် အောက်မေ့တာမျိုး ဆိုရင်တော့ ပုတီးမပါလည်း ကိစ္စ မရှိပါဘူး။ ဆိုပါစို့ ဂုဏ်တော် ၁၀၀၊ ၁၀၀၀၊ ၁၀၀၀။ တစ်ရက်တစ်ရက် ပွားတဲ့ဂုဏ်တော် အရေအတွက် များချင်တယ် ဆိုရင်တော့ ပုတီးနဲ့ ရေတွက်တာက ပိုပြီးအဆင်ပြေပါတယ်။ ပုတီးမပါဘဲနဲ့ ဂုဏ်တော်တွေ အများကြီး ပွားရင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပုတီးနဲ့ဖြစ်ဖြစ်၊ Counterနဲ့ဖြစ်ဖြစ် ရေတွက်တာက ပွားများမယ်လို့ ရည်မှန်းထားတဲ့ ဂုဏ်တော်အရေအတွက်၊ ပွားများမယ်လို့ အဓိဋ္ဌာန်ထားတဲ့ ဂုဏ်တော်အရေအတွက် ပြည့်အောင်ပွားဖြစ်ဖို့ အများကြီး အထောက်အကူ ပြုပါတယ်။ နေ့စဉ် ဂုတ်တော်ပွားတဲ့ဝတ် မပျက်ဖို့လည်း အများကြီး အထောက်အကူ ပြုပါတယ်။

မေး။   ။ ပွားချင်တဲ့ ဂုဏ်တ်ေအရေအတွက် ပြည့်ဖို့နဲ့ ၀တ်မပျက် ပွားဖြစ်ဖို့ အထောက်အကူ ပြုတယ်ဆိုတာတော့ ဟုတ်ပါပြီ။ တစ်ခု ရှိတာက . . . ဂုဏ်တော်ဆီ စိတ်မရောက်ဘဲ ပုတီးလုံးတွေကိုပဲ ရေတွက်နေတာမျိုး မဖြစ်နိုင်ဘူးလား။

ဖြေ။   ။ ဖြစ်တတ်ပါတယ်။ စိတ်လွတ်သွားရင်တော့ ရေတွက်ထားတာတွေ အပျက်ထားပြီး ပြန်စပေါ့။ စိတ်လွတ်တာကတော့ ပုတီးစိတ်ပြီး ပွားလိုက်တဲ့ ဂုဏ်တော်ကို ရေတွက်တာမှ မဟုတ်ပါဘူး။ အာနာပါန ရှုမှတ်ပြီး တရားထိုင်သလို ထိုင်ပြီးတော့ ဂုဏ်တော်ပွားတယ် ဆိုရင်လည်း စိတ်လွတ်သွားနိုင်တာပါပဲ။

မေး။   ။ ပုတီးလုံးရေနဲ့ မှတ်သားပြီး ဂုဏ်တော်ပွားဖို့ မြတ်စွာဘုရား မိန့်တော်မူခဲ့ပါသလား။

ဖြေ။   ။ ဂုဏ်တော်ပွားဖို့၊ ဂုဏ်တော်ကို ကြည်ညိုဖို့ပဲ မိန့်တော်မူတာပါ။ ရေတွက်တာတွေ၊ အဓိဋ္ဌာန်ပြုတာတွေကတော့ ရှေးဆရာတော်ကြီးတွေ၊ ရှေးလူကြီး သူမတွေ ကျင့်ခဲ့တဲ့ ကျင့်ထုံးပါ။ ပုတီးစိတ်တာကို ဟိန္ဒူကနေ မွေးစားယူထားတာ ဖြစ်မယ် ထင်ပါတယ်။

မေး။   ။ ဘယ်ကပဲလာလာ ပုတီးစိတ်တာဟာ ဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေး အလုပ်တစ်ခု ဖြစ်နေပါပြီ။ စောစောက ပြောခဲ့တဲ့ အတိုင်း . . . ပုတီးစိတ်တယ်ဆိုတာ များသောအားဖြင့် ဘုရားဂုဏ်တော် ပွားတာဖြစ်တယ်ဆိုတော့ . . . တစ်ခြား ဘယ်လို ပုတီးစိတ်တာ ရှိသေးလို့လဲ။

ဖြေ။   ။ ဘာဝနာ တစ်ခုခုပေါ့။ ဗုဒ္ဓါနုဿတိဘာဝနာ အပြင် တစ်ခြားဘာဝနာတွေ ရှိပါသေးတယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသ၊ ကာယဂတာသတိဘာဝနာ။ မေတ္တာဘာဝနာ စတာတွေ ရှိပါသေးတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါး ပွားကြတာလည်း ရှိပါတယ်။ ကြိုက်တဲ့ တရားတစ်ခုခုကို ပွားများလို့ ရပါတယ်။ ဘုရားစာ တစ်မျိုးမျိုး ရွတ်ဖတ်ပူဇော်ပြီး အကြိမ်အရေအတွက် သိရအောင် ပုတီးစိတ်တာလည်း ရှိပါတယ်။

မေး။   ။ ဗုဒ္ဓါနုဿတိဘာဝနာ ဆိုပါစို့။ ဘာဝနာ ပွားမိတဲ့ အကြိမ်အရေအတွက်ကို ရေတွက်တဲ့ နေရာမှာ ရေတွက်ရတာက တာဝန်ကြီးတစ်ခု ဖြစ်မနေဘူးလား။ မရေတွက်ဘဲ ပွားများရုံ ပွားများတာက ဂုဏ်တော်အပေါ် ပိုပြီး အာရုံစိုက်မစိုက်မိပေဘူးလား။

ဖြေ။   ။ ပိုပြီး အာရုံစိုက်မိနိုင်ပါတယ်။ ၀န်ပေါ့ပေါ့နဲ့ ထိမိတဲ့အတွက် မရေတွက်ဘဲ စူးစူးစိုက်စိုက် ပွားများနိုင်မယ်ဆိုရင် ပွားများသင့်ပါတယ်။ ဒီနည်းနဲ့ ၀တ်မြဲတယ်ဆိုရင် ပိုပြီး ချီးကျူးရမှာပါ။ အရေအတွက်ကို မှတ်သားရင်း ပွားများတဲ့ နေရာမှာလည်း အရေအတွက်ကို ဦးစားပေးတာ ဖြစ်မသွားဖို့ လို့ပါတယ်။ ရေတွက်တာရဲ့ ကောင်းကွက်တစ်ခုက . . . မဖြစ်မနေ ပွားများဖြစ်ဖို့ အထောက်အကူ ဖြစ်သလို ဖြည့်ဆည်းစရာ အဓိဋ္ဌာန် တည်ဆောက်မှုတစ်ခုလည်း ရရှိသွားပါတယ်။

မေး။   ။ ဟုတ်ပါပြီ။ ပုတီးစိတ်တယ်ဆိုတာ ဘာဝနာအလုပ် တစ်မျိုးပေါ့။ ပွားများမှု အရေအတွက် ပြည့်ဖို့နဲ့ ၀တ်မပျက် ပွားဖြစ်ဖို့ အထောက်အကူ ဖြစ်စေတဲ့ အလုပ်လည်း ဟုတ်ပါတယ်။ ဆိုပါစို့ . . . အဓိဋ္ဌာန်ပါရမီ ဖြည့်ဆည်းဖို့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ကုသိုလ်ကိစ္စပေါ့။ အခုလို ဆွေးနွေးတာ၊ ရှင်းပြတာ၊ ဆွေးနွေးခန်း ရှင်းလင်းချက်ကို ဖတ်ရှုမှတ်သားတာတွေကို သာသနာပြုအလုပ်လို့ ခေါ်နိုင်ပါသလား။

ဖြေ။   ။ ကျင့်သုံးဖို့ နည်းလမ်း ဖြစ်တဲ့အတွက် . . . . . ပရိယတ္တိသာသနာပြုလုပ်ငန်းလို့ ခေါ်နိုင်ပါတယ်။

:)
ရှင်အာစာရ

No comments:

Post a Comment