အရာရာ ပြောင်းလဲလျက်ရှိရာ အဆိုးဘက်မှ အကောင်းဘက်သို့ ပြောင်းလဲခြင်းသည် ကောင်းမွန်၍ အကောင်းဘက်မှ အဆိုးဘက်သို့ ပြောင်းလဲခြင်းသည် ဆိုးသွမ်း၏။
ပြောင်းလဲမှု မြောက်များစွာ ရှိသည့်အနက် ကောင်းသည်ဟူ၍လည်းကောင်း၊ ဆိုးသည်ဟူ၍လည်းကောင်း မဆုံးဖြတ် မသတ်မှတ်လိုသော သာမည ပြောင်းလဲမှု တစ်ခုကို ရှေးဦးစွာ ထုတ်ဆောင်ပါမည်။ ယခင်က ကွမ်းယာဆိုင်များ၌ ကွမ်းယာသုံးမျိုး ရရှိခဲ့သည်။ ကွမ်းယာအချို၊ ကွမ်းယာအဆိမ့်နှင့် ဆေးကွမ်းယာ (အခါး)တို့ ဖြစ်ကြသည်။ ထို့နောက် ကွမ်းယာအချို ကွယ်သွားပြီး နှစ်မျိုးသာ ကျန်တော့သည်။ နောက်ဆုံး၌ ဆေးကွမ်းယာသာ ထွန်းကားလာပြီး ဆေးကွမ်းယာ အမျိုးမျိုး ခွဲခြား၍ ရောင်းချသည်။ ဥပမာ - အိန္ဒိယဆေး (အမျိုးမျိုး)၊ ဗမာဆေး (အ၀ါနှင့်အမဲ။ လေးလေး၊ ပါးပါးနှင့် ပုံမှန်)၊ နှပ်ဆေး (ဆေးရွက်ကြီး အရက်စိမ်)၊ စပ်ကြား (ဗမာဆေး နှင့် နှပ်ဆေး)။ မည်သို့ဆိုစေ ကောင်းသည်ဟူ၍လည်းကောင်း၊ ဆိုးသည်ဟူ၍လည်းကောင်း မဆုံးဖြတ် မသတ်မှတ်လိုသော ပြောင်းလဲမှု တစ်ခုကို ထုတ်ဆောင်လိုရင်းသာ ဖြစ်ပေသည်။
ယေဘုယျ ဆိုရသော် ပြောင်းလဲမှု အများစု မဟုတ်သည့်တိုင် ပြောင်းလဲမှု တော်တော်များများမှာ စားသုံးသူကို အခြေခံ၍ ပြောင်းလဲသည်ဟု ယူဆမိ၏။ သို့မဟုတ် ထုတ်လုပ်သူ၏ ဖောက်သည်နှင့် ဈေးကွက်ရှာကြံမှုကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ပြင် အခြားသော ရာသီဥတု တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေသည်။
အလားတူ ပြောင်းလဲမှု နောက်တစ်ခုမှာလည်း ကွမ်းနှင့် ဆက်စပ်နေသည်။ တံတားဦးက ကွမ်းနုဝါ ငါန်းမြာကဆေး၊ ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ ပြည်ရှား သာဝါးလို့ထွေး။ ရှေးကဗျာ ဖြစ်၏။ ရှေးအခါက ဒေသအလိုက် ကွမ်းပစ္စည်းများ အရည်အသွေး စံဖြစ်ခဲ့ခြင်းကို ဖော်ပြသည့် ကဗျာ ဖြစ်သည်။ ဆေးနှင့်ထွေး အဆုံးကာရန်နှစ်ခု ညီသောကြောင့် ဒွေးချိုးဟု ခေါ်ရမည် ထင်၏။ ယခုအခါ၌ စံချိန်မီ ကွမ်းပစ္စည်းများကို ဒေသအနှံ့အပြား၌ ထုတ်လုတ်နေပြီ ဖြစ်သည်။ ပြောင်းလဲမှု တစ်ခုပင် ဖြစ်ပေသည်။
တတိယ ပြလိုသော ပြောင်းလဲမှု တစ်ခုမှာ ကျွန်နှင့်မယား ဖြစ်သည်။ ကျွန်ကုလား မယားတောသူ။ ၀န်ဆောင်မှု ပြည့်ဝခြင်းနှင့် ၀တ်ကျေခြင်းတို့အတွက် စံပြုအပ်သော ကျိုးနွံမှုများကို ဖော်ပြသည့် စကားပုံ၊ သို့မဟုတ် စာဆို ဖြစ်ပေသည်။ ကိုလိုနီအမွေ ကုလားငယ်တို့သည် ခိုင်းဖတ်များဖြစ်ခဲ့ကြပြီး ကုလားကြီးတို့မှာ ချစ်တီးများ ဖြစ်ခဲ့ကြ၏။ အကြီးရော အငယ်ပါ နှစ်သက်မြတ်နိုးဖွယ်ရာများ မဟုတ်ခဲ့ကြပေ။ နှစ်သက်ခြင်း မနှစ်သက်ခြင်းနှင့် စပ်လျဉ်း၍ ပထမအချက်ကို ပြန်ကောက်ကြည့်လျှင် စားသုံးသူတို့၏ တောင်းဆိုမှု အမျိုးမျိုးကြောင့် ကွမ်းယာအမျိုးမျိုး ဖြစ်တည်ခဲ့ရာ၌ အိန္ဒိယဆေးကို ကုလားဆေးဟု မခေါ်ကြသည်ကို သတိပြုမိပေလိမ့်မည်။ ကောင်းသည်ဟု ထင်ကြသောကြောင့် ကုလားဟူသော ရှေ့ဆက်ပုဒ်ကို မသုံးကြခြင်း ဖြစ်နိုင်၏။ ယေဘုယျအားဖြင့် မကောင်းသောအရာ၊ အရည်အသွေး နိမ့်ဖျင်းသော အရာကို ကုလားတပ်၍ ခေါ်တတ်ကြသည်။ ဥပမာ - ကုလားရွှေ။ (ဤနေရာ၌ တောသူမယားများ မည်သို့ ပြောင်းလဲသည်ကို မဆွေးနွေးနိုင်တော့။) မည်သို့ဆိုစေ ကျွန်ကုလားကား ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။ ကမ္ဘာရွာ၌ ကျွန်ကုလားဟု သတ်မှတ်ရန် မဖြစ်နိုင်တော့ပေ။
ထို့ပြင် ဆက်စပ်နေသော ပြောင်းလဲမှု တစ်ခုကို စတုတ္ထ သို့မဟုတ် နောက်ဆုံးအဖြစ် ထည့်သွင်းလိုပေသည်။ ကာလရှည်စွာ တည်လာခဲ့သည့် စောင့်လေမျိုးနွယ်ဟူသော အဆုံးအမကို မြန်မာတို့ လိုက်နာရန် မခက်ခဲလှပေ။ သို့သော် ယခုအခါ အလေးဂရုပြု၍ ဟောကြားဆုံးမ နေကြရပြီ၊ ရေးသားနားချ နေကြရပြီ ဖြစ်၏။ အထူးသဖြင့် လွတ်လပ်ပွင့်လင်းမှု ကျယ်ပြန့်လာသည် ယနေ့ခေတ်၌ မြန်မာအမျိုးသမီးများ ကုလားကိုကြဉ်၍ မျိုးနွယ်စောင့်ရန် ပညာပေးလှုံ့ဆော်နေရသည်မှာ သိသာသော အပြောင်းအလဲတစ်ခုဟု ဆိုရပေမည်။
ဝိသေသဟု ဆိုရမည့် ဤပြောင်းလဲမှုသည် စားသုံးသူကို အခြေခံပါသလော။ ဖောက်သည်နှင့် ဈေးကွက် ရှာကြံသည့် ထုတ်လုပ်သူကြောင့်လော။ မည်သို့သော ရာသီဥတုကြောင့်နည်း။ ဟောကြားဆုံးမ ရေးသားနားချရန် တာရှိလာလျှင် အပြောင်းအလဲအတွက် ထိရောက်သော အကြောင်းကို ရှာရန်မှာလည်း မမေ့အပ်သော ၀တ်တစ်ခု ဖြစ်သင့်ပေသည်။
(ဆက်ရန် . . . . .)
:)
ရှင်အာစာရ

No comments:
Post a Comment