Monday, May 18, 2015

လူမှုဆက်ဆံရေး (ဟောင်း&သစ်)

အထီးတည်း ရှိနေခိုက် ကံကောင်းထောက်မစွာ ဤစာကို ဖတ်ခွင့်ရလိုက်သည်ဆိုလျှင် စေ့စေ့ငုငု ဖတ်ရှုရန် ရှေးဦးစွာ တိုက်တွန်းလိုပါသည်။ မိတ်ဆွေတစ်ယောက်နှင့် သို့မဟုတ် မိတ်ဆွေများစွာနှင့် အတူရှိနေခိုက် ဖြစ်ပါလျှင် ရှေးဦးစွာ မိတ်ဆွေ(များ)ကို ဧည့်ခံပါ။ သို့မဟုတ် မိတ်ဆွေ(များ)၏ ဧည့်ဝတ်ကို သုံးဆောင်ပါ။ ဖြစ်နိုင်လျှင် စားသောက်ဖွယ်ရာများကို အားပါးတရ မျှဝေသုံးဆောင်ပါ။ ထို့နောက် အေးအေးဆေးဆေး အချိန်ရမှ ဤစာကို ပြန်ဖတ်ပါရန် အကြံပြုရပါမည်။ အထူးသဖြင့် ကြုံခဲဆုံခဲ မိတ်ဆွေ(များ)နှင့် ကြိုက်မိတုန်း ဖြစ်ပါလျှင် ဤစာအတွက် အဆောတလျင် မရှိမိစေဘဲ သက်ရှိငုတ်တုတ် မိတ်ဆွေ(များ) အတွက်သာ လေးနက်သင့်ပါသည်။ အရေးအသား စပါမည်။

လူမှုဆက်ဆံရေးသည် အသွားအပြန် ရှိ၏။ နှစ်ဘက်အပြိုင် စီးဆင်းမှ အလျဉ်ကောင်း၏။ ပျူပျူငှာငှာ စိုက်ပျိုးနိုင်မှ လှိုက်လှိုက်လှဲလှဲ သီးပွင့်သည်။ မီးကိုမတွေ့ရှိမီ ကတည်းက ထွန်းကားခဲ့သော လူသားတို့၏ အမှုကိစ္စ အရေးအရာဖြစ်သည့် ထိုလူမှုရေးသည် နည်းပညာဖြင့် သတင်းအချက်အလက်များ ဖြန့်ဖြူးနိုင်သော ယနေ့ခေတ်၌ နည်းပညာကြောင့် ကျယ်ပြန့်လာသည်။ နည်းပညာ အကူအညီဖြင့် လူသားချင်း အဆက်အဆံ ထွားကြိုင်းလာသည်။ ထိုစဉ် အထစ်အငေါ့တစ်ချို့ ငေါထွက်လာ၏။

အစဉ်အလာ ရှိခဲ့သော ထိတွေ့ဆက်ဆံမှုကို ယနေ့ ထွန်းကားနေသော မထိမတွေ့ဘဲ ဆက်ဆက်နိုင်မှုက အတွန်းအထိုး ပြုလာသည်။ ယနေ့ခေတ်၌ မမြင်ဖူးသူချင်း ဖုန်းသူငယ်ချင်း ဖြစ်နိုင်သည်။ မကြားဖူးသူချင်း အင်တာနက်မိတ်ဆွေ ဖြစ်နိုင်သည်။ ထို့ပြင် မမြင်ဖူး မကြားဖူးသေးသည့် ခေတ်သစ်မိတ်ဆွေများကို ဆက်ဆံထိတွေ့နေကျ သမားရိုးကျ မိတ်ဆွေများထက် ပို၍ အလေးပေး ဆက်ဆံမှုများပင် ရှိလာသည်။ ခေတ်သစ်မိတ်ဆွေကို နှစ်နှစ်ကာကာ လေးလေးနက်နက် ဆက်ဆံခြင်းမျိုး မဟုတ်သည့်တိုင် သိသိသာသာ အချိန်ပေး လိုက်လျောမှုများ သာသားထိုးထိုး ရှိနေသည်။

တအုံတုံဆင်း သွေးရင်းသားချင်းကဲ့သို့ ယုံကြည်ထိုက်သော အာမခံ ပြည့်ဝသည့် သမားရိုးကျ မိတ်ဆွေကို အရိုအသေမဲ့လျက် ကျားမဟူ၍လည်းကောင်း၊ သူခိုးဓားပြဟူ၍လည်းကောင်း၊ သူတော်စင်ဟူ၍လည်းကောင်း၊ သူတော်ကောင်းဟူ၍လည်းကောင်း၊ သာမန်လူဟူ၍လည်းကောင်း၊ ချိုကုတ်ဟူ၍လည်းကောင်း၊ ချိုထောင်ဟူ၍လည်းကောင်း၊ ၀ဲစားဟူ၍လည်းကောင်း၊ ကုတ်ကြားဟူ၍လည်းကောင်း၊ သိကြားဟူ၍လည်းကေင်း၊ ဗြဟ္မာဟူ၍လည်းကောင်း၊ ဒေ၀ါဟူ၍လည်းကောင်း၊ ခေမာဟူ၍လည်းကောင်း၊ ခေမာစာရဟူ၍လည်းကောင်း၊ အာစာရဟူ၍လည်းကောင်း . . . တစ်စုံတစ်ရာ တိတိပပ သမုတ်ရန် ခက်ခဲစေကာမူ ခေတ်သစ်မိတ်ဆွေဘက် ယိမ့်နွဲ့မှုပင် ပိုရက်နိုင်အားတော့သည်။

နှစ်ဦး နှစ်ဦးထက်အလွန်ဖြစ်သော သမားရိုးကျ မိတ်ရင်းဆွေချာတို့ အတူတကွ အနီးကပ်ရှိနေခိုက်မှာပင်လျှင် ဘုဘမသိနိုင်သော ခေတ်သစ်မိတ်ဆွေကို လှမ်း၍ hiအော်မည်။ Hiပြန်ထူးမည်။ ဆက်လက်၍ . . . နံဘေးကမိတ်ဆွေကို ကျောခိုင်းထားမည်၊ သို့မဟုတ် မေ့ထားမည်၊ မေ့ချင်ဟန်ဆောင်မည်။ Chatချင်သူနှင့် Chatမည်။ ဖတ်ချင်ရာကို ဖတ်နေမည်။ ကြိုက်လျှင် Likeမည်။ Shareချင် Shareဦးမည်။ ပြုံးချင်လျှင် ပြုံးလိုက်ဦးမည်။ ရယ်ချင်လျှင် ရယ်လိုက်ဦးမည်။ အော်ချင်အော်မည်။ ခုန်ချင်ခုန်မည်။ ထိုသို့ဆိုပါက လျော်ကန်ပါသေး၏လော။ ဖုန်းမိတ်ဆွေ အင်တာနက်မိတ်ဆွေတို့ကို အကြောင်းခံ၍ ငုတ်တုတ်မိတ်ဆွေနှင့် ငုတ်တုတ်မိတ်ဆွေတို့အကြား အထစ်အငေါ့ မပြုမိစေလိုပါ။

မိတ်ဆွေ(များ)နှင့် ကြိုက်မိတုန်း ဖြစ်ပါလျှင် ဤစာအတွက်ပင်လျှင် အဆောတလျင် မရှိမိစေဘဲ သက်ရှိငုတ်တုတ် မိတ်ဆွေ(များ) အတွက်သာ လေးနက်သင့်ကြောင်း ထောက်ပြလိုရင်း ဖြစ်သည်။ အရေးအသား ပြီးပါပြီ။

:)
ရှင်အာစာရ

No comments:

Post a Comment