အမည် - အေးမြ
အတန်း - ခြောက်တန်းတက်
“စိတ်ပိန်ရသော နေ့”
_____
“Mpt ၁၅ သန်း၊ Ooredoo ၆ သန်း၊ Telenor ၇ သန်း။ ဖုန်းအလုံးပေါင်း ၂၈သန်း။ တစ်မိနစ် ဖုန်းခေါ်ခ ၂၅ကျပ်ဆိုတော့ ဖုန်း၂၈သန်းအတွက် သန်း၇၀၀။ အခွန်က ငါးရာခိုင်နှုန်းတဲ့။ ၃၃၆သိန်းကွာ။ ဒါ တစ်မိနစ် ရှိသေးတာ။ ဒီငွေတွေ ဘာလုပ်မယ် မသိဘူး။ သူခိုး ဓားပြတွေ။”
ဖေဖေက တွက်ပြပြီး ဒေါပွနေပါတယ်။ ကျွန်မ ကျောင်းသို့ မသွားခင် လူကြီးတွေက အခွန်ကို မကျေမနပ် ဖြစ်နေကြပါသည်။ ဖုန်းငွေဖြည့်တဲ့ထဲက အခွန်ကောက်လို့ ပွစိပွစိ လုပ်ကြပါတယ်။ အဲ့ဒါနဲ့ ပွစိပွစိ မကြားချင်လို့ ကျောင်းသို့ စောစောထွက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မက ကျောင်းပိတ်ချိန်မို့ ယဉ်ကျေးလိမ္မာသင်တန်း တက်တာပါ။ ဘုန်းဘုန်းပြောသလို ကိုယ်နှုတ်စိတ် ယဉ်ကျေးအောင် တက်ရတာပါ။
လူကြီးတွေရဲ့ ပွစိပွစိ မကြားချင်လို့ ကျောင်းရောက်တော့မှ သူငယ်ချင်းတွေနဲ့ ဆော့ရတာ ပျော်ပါတယ်။ ဒါပေမယ့် ခဏနေတော့ ပူညံပူညံ ဖြစ်ကုန်ပါတယ်။ ဘုန်းဘုန်းက စိတ်တိုနေလို့ ကျွန်မ ကြောက်ရပြန်ပါတယ်။ အေးခိုင်က ဘုန်းဘုန်းကို သုံးထောင်တန် ဖုန်းငွေဖြည့်ကဒ်လှူပါတယ်။ အဲ့ဒီကနေ ဘုန်းဘုန်းက အေးခိုင်ကို စိတ်တိုတာပါ။ အဲ့ဒီကနေ ဆက်ပြီးဆူပါတယ်။ အေးခိုင်ကလည်း အေးခိုင်ပါပဲ။ ဟုတ်ပါရဲ့။ ဘုန်းဘုန်း ခဏခဏ ပြောနေတဲ့ကြားထဲက အဲဒီဆိုင်ကမှ ဖုန်းကဒ် ၀ယ်ခဲ့ရတယ်လို့။ ဘုန်းဘုန်းက ကျောင်းတက်ချိန်ထိ ဘုရားစာ မသင်ဘဲ ဆူပါတယ်။
“ကိုယ့်ဗုဒ္ဓဘာသာဆိုင်မှာပဲ ဈေးဝယ်ဖို့ ငါမပြောဘူးလား။ ကြီးရင် ကုလားမယားဖြစ်မယ့် ကောင်မတွေ”
မဆိုင်ဘူး ထင်ပါတယ်။ ကျွန်မ ရှက်လို့ ခေါင်းငုံ့ထားရပါတယ်။ အေးခိုင်ရော၊ မိတုတ်ရော။ အကုန်းလုံး ခေါင်းငုံ့ထားကြပါသည်။ နောက်ဆုံးတော့ ဘာတွေဆူနေမှန်း မသိတော့ပါဘူး။ နောက်ဆုံးတော့ ဘုန်းဘုန်း မောနေပြီ ထင်ပါတယ်။ အသံတွေ တုန်နေပါပြီ။
“ဈေးပိုပေးရလည်း ဗုဒ္ဓဘာသာဆိုင်မှာပဲ ၀ယ်ရတယ်။ ငါ့လောက် ရှင်းပြတာ ငါပဲ ရှိတယ်။ ဗုဒ္ဓဘာသာက မြတ်တဲ့ငွေနဲ့ ဘုရားတည်မှာ ကျောင်းဆောက်မှာ။ အလှူအတန်းလုပ်မှာ။ ဦးဘကျော်ဆိုင်က ၀ယ်ရင် မြွေပွေးကိုက်မှာမို့လား။”
ဘုန်းဘုန်းက ဦးဘကျော် ကုန်စုံဆိုင်ကို နာမည်ပဲ ကြားဖူးတာပါ။ ဘုန်းဘုန်းပြောတဲ့ ဦးဘကျော်ဆိုင်က ဈေးချိုသလား ဈေးတန်သလားတော့ ကျွန်မ မသိပါဘူး။ ဦးဘကျော်ကတော့ ဘုရားလည်းမတည်ပါ။ ကျောင်းလည်းမဆောက်ပါ။ သူ၏ ထရံအိမ်ကိုတော့ အုတ်တိုက်ဖြစ်အောင် ပြန်ဆောက်ထားတာ မကြာသေးပါ။ သားမရှိလို့ အလှူလည်း မပေးပါ။ သူများတွေလို တူတွေ မြေးတွေကိုလည်း အလှူမပေးပါ။ ကိုရင်တွေကိုတောင် ဆွမ်းလောင်းတာ မမြင်ဖူးဘူး။ ဥပုသ်လည်း မစောင့်ဘူး။ စတုဒိသာလည်း တစ်နှစ်မှ မကျွေးဘူး။ ကပ်စေးနည်း လူဂျစ်ကပ်မို့ တစ်ရပ်ကွက်လုံးနဲ့ မတည့်တဲ့လူကြီး။ ရပ်ကွက်ထဲက လမ်းပြင်ဖို့ ငွေခွဲတာတောင် မထည့်ချင်လို့ ဖေဖေနဲ့ စကားများထားတာ။ ဘုန်းဘုန်းကတော့ မျက်နှာနီနေပါတယ်။ မလွယ်ပါလား ဘုန်းဘုန်းရယ်။
“ဒီနေ့တော့ အကုသိုလ်ပဲ။ အစိုးရက ဖုန်းကဒ်ထဲက အခွန်ကောက်ပါတယ်ဆိုမှ။ စာသင်လို့လည်း ရမှာမဟုတ်ဘူး။ မိအေးခိုင်ကို ငါ ရိုက်မိတော့မယ်။ တော်ပြီ။ အကုန်သွားကြ။”
ဘုန်းဘုန်းက စားပွဲကို တအားရိုက်ပြီး အရင်ထွက်သွားပါတယ်။ ကျောင်းဆင်းပါပြီ။ လမ်းမှာ အိမ်မှာ ဘာတွေ စိတ်ပိန်ရအုံးမှာလဲ။ ကျွန်မက ဒီစာထဲမှာ အေးမြအဖြစ် သရုပ်ဆောင်ရတာဆိုတော့ စာရေးဆရာ ရေးတဲ့အတိုင်း ဖြစ်ရမှာပေါ့ရှင်။
:)
ရှင်အာစာရ

No comments:
Post a Comment