Monday, April 27, 2015

ဆက်ရန် . . . . .


ဘွဲ့ပုံလက်မှတ်၌ အသက် (၂၆)၊ သိက္ခာ (၆)နှင့် အင်္ဂလိပ်နှစ် ၁၉၉၈တို့ ဖော်ပြပါရှိသည်။  (စစ်ကိုင်းတိုင်းကို မန္တလေးတိုင်းဟု မှားယွင်း ဖော်ပြထားသည်။) သာသနတက္ကသီလဓမ္မာစရိယ၊ BA (Buddhism)ဟူ၍ တစ်ဘွဲ့ကို နှစ်မည်ခွဲ ပေးထားသော ထိုအရည်အချင်း သတ်မှတ်ချက်တစ်ခုကိုသာ အခိုင်အမာ အားကိုးရာပြုလျက် အလုပ်စတော့မည်ဟု စိတ်ကူးခဲ့သည်။ စာသင်သား အဖြစ်ဖြင့် စာမကျက်ချင်တော့ခြင်းသည် ပဓာနအကြောင်းတစ်ခု ဖြစ်နိုင်သည်။ စာသင်တိုက်တစ်ခု တည်ထောင်မည်။ စာချမည်။ ပြန်ကြည့်သောအခါ လွယ်လွန်းသော စိတ်ကူးဟု ထင်မိသည်။ သို့သော် စိတ်ကူးမျှတော့ မဟုတ်။ အလုပ်စလိုက်သေးသည်။ “ရည်ချွန်စာသင်တိုက်ဟု နာမည်ပေး၏။  မန္တလေး သကျသီဟ အသင်း၏ စာမေးပွဲသို့ ၀င်ရောက်မည့် ရည်ချွန်သာမဏေတို့အတွက် ပရိယတ္တိစာပေနှင့် အင်္ဂလိပ်စာ၊ သင်္ချာတို့ ပို့ချမည်ဟူသော စိတ်ကူးစာသင်တိုက်အကြောင်း လက်ကမ်းစာစောင်များ လုပ်လိုက်သေးသည်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာအတွက် စိတ်ကူးခဲ့ခြင်း ဖြစ်သည်။ (စိုင်ပြင်ရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့် အကွာ၌ ဇာတိရွာ ရင်းရဲ ရှိသည်။)


ထို စိတ်ကူးကို စိုင်ပြင်ရွာကျောင်းထိုင် ဆရာတော် (၇)ပါးထံ တင်ပြလျှောက်ထား တိုင်ပင်သည်။ ကောင်းသည်ဟု မိန့်တော်မူကြသည်ကို ယျေဘုယျအားဖြင့် မှတ်မိသည်။ ပုပု၀၀ ဆရာတော်ကြီး၏ မိန့်ကြားချက် တစ်ခုကို ၀ိသေသအားဖြင့် မှတ်မိသည်။ “ငါတစ်ယောက်တည်း မပြီးဘူး။ ရွာက ကိုယ်တော်တွေနဲ့ တိုင်ပင်လိုက်အုံးမယ်။ ပြီးမှ အကြောင်းပြန်မယ်။ ကျောင်းတိုက်သစ် တည်ထောင်ခြင်း ကိစ္စကို ရွာခံကျောင်းထိုင် ဆရာတော်များက ဆန့်ကျင်လိမ့်မည် မဟုတ်ဟု ထင်မိသကဲ့သို့ မဆန့်ကျင်သင့် မဆန့်ကျင်းကောင်းဟုလည်း ယုံကြည်သည့်အားလျော်စွာ ဆရာတော်ကြီး၏ မိန့်ကြားချက်ကို ရိုးသားစွာ ယုံကြည်ခဲ့သည်။ သို့သော် ထိုဆရာတော်ကြီးထံမှ သတင်းစကား တစ်စုံတစ်ရာ တိုက်ရိုက် မကြားရဘဲ သွယ်ဝိုက်သော တားမြစ်မှုကို ရရှိခဲ့သည်။



ရွာမှပြန်လာပြီး ငယ်စာသင်တိုက်ဖြစ်သည့် မုံရွာမြို့ မြို့မရွှေဂူပါဠိတက္ကသိုလ်၌ (သာသနာ့တက္ကသိုလ် ကျောင်းပိတ်ရာသီ) ခိုလှုံခိုက် အဆိုပါ တားမြစ်မှုကို ရရှိခဲ့သည်။ နာယကဆရာတော် ဦးစိတ္တရက မိန့်ကြားဆင့်ခေါ်သဖြင့် သွားရောက်ရသည်။ စိုင်ပြင်ရွာ၌ စိတ်ကူးထားသော စာသင်တိုက်ကို ရွာခံဘုန်းကြီးများ မလိုလားကြကြောင်း၊ နားချ တားမြစ်ပေးရန် လာရောက်လျှောက်ထားကြောင်းကို “မောင်ကောဝိဒ လာသွားတယ်ဗျ အစချီကာ ဆယ်မိနစ်ခန့် မိန့်ကြားသည်။ အနှစ်ချုပ်အားဖြင့် ပညာဆက်လက် သင်ယူရန် ဆုံးမသည်။ အာမ ဘန္တေ ခံယူခဲ့ခြင်းသည် ကောင်းမြတ်မှုတစ်ခုဟု ဆိုနိုင်သည်။



ဤသို့လျှင် စာသင်သား အဖြစ်ဖြင့် ဆက်လက်၍ စာကျက်ပြန်သည်မှာ 9/11 အကြမ်းဖက်မှု ပေါ်ပေါက်ချိန်အထိ ဖြစ်သည်။ ၂၀၀၃ခုနှစ်၌ သာသနတက္ကသီလမဟာဓမ္မာစရိယ၊ MA (Buddhism)ဘွဲ့ နှင့် ၂၀၀၉ခုနှစ်၌ PhD (BDh) ဘွဲ့တို့ ရရှိသည်အထိ ကျောင်းတိုက်တည်ထောင်ရန် စိတ်ကူး ပြန်မပေါ်ခဲ့ပေ။



၂၀၁၂ခုနှစ်ကျမှ ရာဟုလာစိတ်ကူး ပေါ်လာသည်။ ၂၀၀၉ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့သော စင်္ကာပူ မင်္ဂလ၀ိဟာရ ကျောင်းတိုက်ရှိ စာသင်ခန်းတစ်ခု၏ အမည်သည် ရာဟုလာဓမ္မသင်တန်းကျောင်း ဖြစ်လာရန် စိတ်ကူး၏ အခြေခံ ဖြစ်သည်။ စင်္ကာပူမှ ပြန်လာပြီး စိုင်ပြင်ရွာမှာပင် ရာဟုလာကို တည်ထောင်သည်။ ကျောင်းမြေ အလှူခံသည်။ ယခင်နည်းအတိုင်း ကျေးရွာသံဃာတော်များထံ တင်ပြလျှောက်ထားသည်။ အများသဘောဟုပင် တုံ့ပြန်တော်မူကြသော်လည်း လောလောဆယ် မဖြစ်နိုင်သေးကြောင်း ငြင်းဆိုတော်မူကြသည်။



ကျေးရွာ၌ ဘုန်းကြီးကျောင်း များလွန်းနေသည်ဟု အကြောင်းပြသည်။ မှန်သင့်သလောက် မှန်၏။ ဘုန်းကြီးကျောင်း (၈)ကျောင်း ဖြစ်နေပြီ။ ယခင်က (၇)ကျောင်း ရှိခဲ့၏။ တစ်ကျောင်း တိုးထားသည်။ ရည်ချွန်စာသင်တိုက် ရည်ရွယ်ခဲ့သော နေရာနှင့် မလှမ်းမကမ်း၌ ဇေယျာသီရိ အမည်ရှိ ကျောင်းတစ်ကျောင်း တိုးနေ၏။ နေရာလွတ် မရှိအောင် နေရာယူထားလိုက်ခြင်း ဖြစ်နိုင်သည်။ သာမန်ကြည့်လျှင် ကျေးရွာတစ်ရွာ၌ ဘုန်းကြီးကျောင်း (၈)ကျောင်း ရှိနေခြင်းသည်ပင် များလွန်းနေပြီဟု ဆိုနိုင်၏။ သို့သော် စိုင်ပြင်ရွာသည် သာမန်ရွာတစ်ရွာ မဟုတ်ပေ။ အိမ်ခြေ (၁၅၀၀)ခန့်ရှိသော မြို့နီးနီး ရွာကြီးတစ်ရွာ ဖြစ်၏။ ရပ်ကွက်ပေါင်း (၁၃)ရပ်ကွက် ရှိ၏။ ရဲစခန်း၊ ဈေး၊ တိုက်နယ်ဆေးရုံနှင့် အထက်တန်းကျောင်း ရှိသည်။ ရာဟုလာ ရောက်လာခြင်းသည် ကျေးရွာအတွက် တာဝန်ပိုတစ်ခု မဖြစ်နိုင်ပေ။ သို့သော် လောလောဆယ် ကျောင်းသစ်တိုးရန် မဖြစ်နိုင်ဟူသော မူကိုသာ ကျေးရွာကျောင်းထိုင် ဆရာတော်များက စွဲကိုင်ထားသည်။



ထို့နောက် အကြောင်းပြချက်တစ်ခု တိုးလာပြန်သည်။ ကျောင်းများလျှင် ကျေးရွာအတွင်း ဒကာဒကာမ အကွဲအပြဲ များမည်ဟု အမိန့်ရှိကြ၏။ စဉ်းစားစရာ ဖြစ်လာသည်။ ရာဟုလာ မလာခင်က မည်၍မည်မျှ ညီညွတ်ခဲ့ကြပါသနည်း၊ ညီညွတ်ရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက်ခဲ့ကြပါသနည်း မေးခွန်းများစွာ စဉ်းစားမိသည်။ စကားတိုင်းကို အရိုးခံစိတ်ဖြင့် မယုံကြည်သင့်ကြောင်း မှတ်ယူထားပြီးဖြစ်၍ ကျောင်းများလွန်းသည်၊ အကွဲအပြဲ ဖြစ်လာမည်ဟူသော ပင်မ အကြောင်းပြချက် နှစ်ခုသည် ရာဟုလာ မလာစေချင်၍ ဖန်တီးထားသော ဆင်ခြေများသာ ဖြစ်သည်ဟု သုံးသပ်ကာ လာဟုလာအတွက် ခရီးဆက်ခဲ့သည်။



ခရီးကား ကြမ်းသလောက် အားပါ၏။ အဖျက်အား ပြင်းထန်သည်။ အကူအားလည်း ထက်သန်သည်။ ရာဟုလာ မလာခင်က ရှိနှင့်သော ရွာခံ အားပြိုင်မှုသည် ရာဟုလာကို ဗဟိုပြုလိုက်၏။ ရွေးစရာလမ်း မရှိပေ။ အကူအားကို ယူရန်သာ ရှိတော့သည်။ အမှန်စကား ဆိုရသော် အကူအားကို လက်ခံရယူသော်လည်း အူယားဖားယား မလုပ်မိသကဲ့သို့ အဖျက်အားကိုလည်း ခါးခါးသီးသီး မရှိတတ်ပေ။



ခရီစဉ် အကျဉ်းမှာ . . . ရပ်/ကျေး သံဃာ့နာယက အဖွဲ့က ရာဟုလာကို ထောက်ခံသည်။ ရွာခံ ကျောင်းထိုင်ဆရာတော်များက ရာဟုလာကို အလိုမရှိသဖြင့် မြို့နယ် သံဃာ့နာယက အဖွဲ့က ရာဟုလာကို မထောက်ခံပေ။ အထက် ဆက်တက်ရန် အလွတ်သဘော နှုတ်မိန့်ပေးသည်။ ကျောင်းသစ်တည်ထောင်ခြင်း ကိစ္စ၌ တိုင်းသံဃာ့နာယက အဖွဲ့သည် ပြတ်ပြတ်သားသား ဆုံးဖြတ်ခွင့် မရှိသောကြောင့် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ထံ တင်ပြလျှောက်ထားသည်။ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့က ဗဟိုဝန်ဆောင် စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်၍ စိစစ်ပြီး ရာဟုလာကို ဘုန်းတော်ကြီးကျောင်းအဖြစ် အသိအမှတ်ပြုရန် အဆင့်ဆင့် ညွှန်ကြားလိုက်သည်။ ခွင့်ပြုလိုက်သည်။



သို့သော် စိုင်ပြင်ကျေးရွာ ကျောင်းထိုင်ဆရာတော်များက ရာဟုလာကို အသိအမှတ် မပြုနိုင်ပေ။ အဆက်အဆံ မပြုဘဲ ညီညွတ်စွာ ၀ိုင်းပယ်ကြသည်။ အနီးအပါး ကျေးရွာများမှ ကျောင်းထိုင်ဆရာတော်များကိုလည်း ရာဟုလာနှင့် အဆက်အဆံ မလုပ်ကြရန် တားမြစ်သည်။ ရာဟုလာ လုံးပါးပါးရန် ရည်ရွယ်ဟန်တူသည်။ တားမြစ်၍ မရပေ။ ဂေါစရဂါမ် သံဃာများက ရာဟုလာကို ရွေးလိုက်ကြသည်။ စိုင်ပြင်ကျောင်းထိုင် ဆရာတော်များ၏ ၀ိုင်းပယ်မှုကိုလည်းကောင်း၊ ဂေါစရဂါမ် ဆရာတော်များ၏ ဆက်ဆံမှုကိုလည်းကောင်း လက်ခံရန်သာ ရှိတော့သည်။



ဂေါစရဂါမ် သံဃာတော်များ၏ အသိအမှတ်ပြုမှုမှာ မထူးဆန်းလှသော်လည်း စိုင်ပြင်ကျောင်းထိုင် ဆရာတော်များ၏ ဆန့်ကျင်မှုမှာ သတိထားရမည့် အချက် ဖြစ်သည်။ ယခင်ကလည်း စိုင်ပြင်ရွာ၌ ရဟန်းချင်း ၀ိုင်းပယ်မှု အစဉ်အလာ ရှိခဲ့ဖူးသည်။ လယ်တီဆရာတော် ဘုရားကြီး ကျောင်းသားဘ၀ ကိုရင်ဘ၀က ပညာသင်ယူခဲ့သော ကျောင်းမကျောင်းတိုက်ကို တစ်ခြားကျောင်းများက ၀ိုင်းပယ်ကြသည်။ အကြောင်းရင်းကို အတိအကျ မသိရသေးပေ။ သာသနဓဇဓမ္မာစရိယဘွဲ့ရ ကျောင်းမဆရာတော် ဦးဓမ္မပါလသည် အပစ်ပယ်ခံ ဘ၀ဖြင့် တမြန်နှစ်က ပျံလွန်တော်မူခဲ့သည်။ ယခုလည်း အစဉ်အလာ ၀ိုင်းပယ်နှိပ်ကွပ်နည်းကို ရာဟုလာအတွက် မျိုးပွားယူထားကြသည်။ ၀ိုင်းပယ်နှိပ်ကွပ်မှုနှင့် စပ်လျဉ်း၍ ကျောင်းမကျောင်းနှင့် ရာဟုလာကျောင်း မတူကွဲပြားမှုများ ရှိသည်။ ရာဟုလာ ဆရာတော်သည် ကျောင်းမဆရာတော်ကဲ့သို့ သာသနဓဇဓမ္မာစရိယဘွဲ့ မရရှိ၊ ရာဟုလာကျောင်းသည် ကျောင်းမကျောင်းကဲ့သို့ မှေးမှိန်မည့် အလားအလာ မတွေ့ရ၊ ကျောင်းမကျောင်းသည် အထီးတည်း ရပ်တည်ခဲ့ရသည့် ရိုးရာ ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပြီး ရာဟုလာသည် ဂေါစရဂါမ် သံဃာအားနှင့် အနီးအဝေး ဒကာဒကာမအား ရှိနေသည့် ပညာရေးဌာန တစ်ခု။ ရာဟုလာ မပေါ်ခင်က ကျောင်းမကျောင်းကို အခြားကျောင်း (၇)ကျောင်းက ၀ိုင်းပယ်နှိပ်ကွပ်ကြသော်လည်း ရာဟုလာကို ၀ိုင်းပယ်နှိပ်ကွပ်သည်မှာ (၆)ကျောင်းသာ ရှိပြီး (၂)ကျောင်းက အလိုက်သင့် ဆက်ဆံသည်။ (၆)ကျောင်းအနက် (၂)ကျောင်းက အခိုင်အမာ ဦးဆောင်၍ (၄)ကျောင်းက အလိုက်သင့် မလွန်ဆန်နိုင်သော နောက်လိုက်များဟု ယူဆရသည်။ ဤသို့ စသည်ဖြင့် မတူကွဲပြားမှုများ ရှိသည်။



မည်သို့ဆိုစေ ဤနည်းအတိုင်း ရပ်တည်နိုင်သရွေ့ ရာဟုလာ တိမ်ကောရန် မရှိ။ စည်ပင်ရန်သာ ရှိ၏။ အဖျက်အားကို မည်သို့ ဖြေလျှော့နိုင်မည်နည်း ကြံစည်စိတ်ကူးရင်း ရာဟုလာ စည်ပင်ရေး ခရီးဆက်ရန်သာ ရှိတော့သည်။



:)

ရှင်အာစာရ



No comments:

Post a Comment