Monday, April 27, 2015

အငယ်ဆုံး (မွေးနေ့လက်ဆောင်)

မနက်ဖြန် (Apr 23) မွေးနေ့အတွက် လက်ဆောင်စာ ရေးရန် ရှိသေးသည်။ ညဥ့်နက်သည်ထိ အိပ်မပျော်နိုင်ဘဲ ရှိနေသည်။ ရာသီဥတု ပူသည်။ လေငြိမ်သည်။ မီးအားမပြည့်၍ လေအေးပေးစက်လည်း ငြိမ်နေသည်။ မွေးနေ့ရှင်က ဆုံးမစကား တစ်ခုခု မိန့်ကြားရန် လျှောက်ထားရာ တစ်ရာ တစ်ထောင် တစ်သောင်း စသည်အားဖြင့် များနိုင်သလောက်များများ နေ့စဉ် ဂုဏ်တော်ပွားရန် အကြံပေး၍ ဆရာလုပ်ဖူးသည်။

ဂုဏ်တော်ပွားခြင်းဖြင့် မလှသောညကို အလိုက်သင့် ဖြတ်ကျော်ရန် ကြိုးစားသည်။ အိပ်မက်ယောင် ပေါ်လာသည်ထိ ပွားမိသော်လည်း မျှော်လင့်သည့်အတိုင်း ဂုဏ်တော်ပွားရင်း အိပ်ပျော်မသွားပေ။ ဂုဏ်တော်ပွားနေသည်ဟု အိပ်မက်မက်သည် ထင်လိုက်ရပြီး ပကတိ နိုးကြားမှု ပြန်ပေါ်လာသည်။။ အိပ်မက်အစစ် ဟုတ်မည်မထင်၍ အိပ်မက်ယောင်ဟု နာမည်ပေးလိုက်ခြင်း ဖြစ်သည်။ နိုးကြားလာပြီးမှတော့ အတွေးဆန့်ခြင်း သက်သက်ထက် မှတ်ဥာဏ်ထဲမှ တစ်ခုခုကို ပြန်ခေါ်ကြည့်လျှင် ပိုကောင်းမည် ထင်မိသည်နှင့် ငယ်အတိတ်ကို စဉ်းစားကြည့်သည်။ မှတ်ဥာဏ်လေ့ကျင့်ခန်းရယ်၊ ဘာရယ်မသိ။ ငယ်ဘ၀မှ ဘာကို မှတ်မိသနည်း။ အငယ်ဆုံး ဘယ်အရွယ်ထိ မှတ်မိသနည်း။ ပြန်ခေါ်ကြည့်သည်။ ဤသို့ ပြန်ကြည့်ခြင်းသည် ဘာအကျိုးရှိသနည်း။ အကျည်းတန်ည အနည်းငယ် ပိုလှလာသလိုလိုတော့ ရှိသည်။

ဘ၀၏ အငယ်ဆုံး အတိတ်ကို ပြန်စဉ်းစားရခြင်းသည် မလွယ်လှပေ။ ငယ်ဘ၀ အဖြစ်အပျက်များ များများစားစား မမှတ်မိသော်လည်း အငယ်ဆုံး တစ်ခုကို ရွေးရန် ခက်၏။ အငယ်ဆုံးဟု တိတိကျကျ ဆိုရန် မလွယ်ပေ။ အငယ်ဆုံး ဖြစ်နိုင်သော်လည်း ပြောပလောက်သည့် အဖြစ်အပျက် ရှားပါးသည်။ တစ်နေ့သ၌ အိမ်သို့ အလည်လာသည့် ဦးကြီး တစ်ယောက်က ကြီးခကွေး ရမရ စစ်ဆေးသည့် လူတွေ့စာမေးပွဲ ဖြေဆိုရသောနေ့ ပေါ်လာရာ ထိုနေ့ကို ရွေးလိုက်သည်။

ငယ်စဉ်ဘ၀ အချိန်တော်တော်များများကို အဖေနှင့်သာ ကုန်ခဲ့သည်။ ရိုက်နှက်လေ့ရှိသော အမေ့ထက် ရိုက်ခဲသော အဖေ့နှင့် ပို၍ နီးသွားခြင်း ဖြစ်မည်။ ကျောင်းမနေခင် ယခုခေတ် မူကြိုအရွယ်မှ စ၍ အဖေက သင်ပုန်းကြီး သင်ပေးသည်။ စာလုံးပေါင်း ဖတ်တတ်မှ ကျောင်းတက်ရသည်။ သင်တန်း စခဲ့ပုံနှင့် သင်ယူခဲ့ရပုံတို့ကို မမှတ်မိတော့ပေ။ ရင်ခွင်ပိုက် အဖေ့မူကြို တက်နေစဉ် ပထမဆင့် ကကြီးခကွေး စာလုံးသိချိန်၌ အဖေက အိမ်သို့ အလည်လာသည့် ဦးကြီးကို ကြွားသည်။
“ဒီကောင် ကကြီးခကွေး ရသွားပြီ။”
“မင့်ကောင် ကြက်တူရွေးလို ရတာလား။ စာလုံး သိလား။ လာကွာ။ စမ်းကြည့်ကြသေးတာပါ့။”
ကကြီး၊ ခကွေး၊ ဂငယ် စည်သည်ကို အစဉ်အတိုင်း တစ်လုံးချင်း လက်ညှိုးနှင့် ထောက်၍ “ဒါ ဘာလဲ” “ဒါ ဘာလဲ”နှင့် မေးသည်။ ဏကြီး အထိ အစဉ်အတိုင်း မေးသည်။ တ၀မ်းပူကျမှ ထဆင်ထူးကို ကျော်မေးသည်။ လှည့်ကွက် တစ်ချက်သာ ရှိသည်။ မှန်အောင် ဖြေနိုင်၍ အအောင်ပေးလိုက်သည်။
“မဆိုးဘူး။ အိမ်ကတူမ အစဉ်အတိုင်း ထောက်မေးလို့ကတော့ တည့်နေတာ။ ကျော်ထောက်လိုက်ရင် . . . တန်းဆိုသွားတာပဲ။ နင့်မေကလွှား . . . ဟား ဟား ဟား။”
ခုန်ကျော်ကွက်ကြား ရှေ့ရောက်လိုက် နောက်ရောက်လိုက် မေးမည် ထင်သော်လည်း စာမေးပွဲ လွယ်လွန်း၍ အောင်မြင်မှုအတွက် မချင့်မရဲ ဖြစ်လိုက်ရသေးသည်။ ဘာဆုမှ မမျှော်လင့်ခဲ့သလို ရလည်း မရခဲ့ပေ။

ညအပူချိန် ကျသွားသော်လည်း အိပ်မပျော်သေးပေ။ ပို၍ ငယ်သော တစ်ခုခု မှတ်မိဦးမည်လား။ ကကြီးခကွေး မရခင် စကားပြောတတ်စ၊ ဆော့တတ်စ၊ သိတတ်စ အရွယ်မှ ပြောပလောက်စရာ တစ်ခုခုကို မှတ်မိသင့်သည်။ စဉ်းစား၍ မရတော့ပေ။

မွေးနေ့ရှင် လေ့ကျင့်ရန် -
၁။ သင်မှတ်မိသော သင့်ဘ၀ အငယ်ဆုံးအရွယ်မှ အဖြစ်အပျက်တို့ကို စဉ်းစား၍ စိတ်ဝင်စားဖွယ် တစ်ခုကို တင်ပြပါ။
၂။ အထက်ပါအတိုင်း စဉ်းစား၍ မိဘ ဆရာ ဦးကြီး ဦးလေး ဒေါ်ကြီး ဒေါ်လေး အစ်ကို အစ်မ စသော လူကြီးသူမများ၏ ဂုဏ်ကျေးဇူး၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတို့၏ ဂုဏ်ကျေးဇူးတို့ကို ဆင်ခြင်ပါ။
၃။ ပွားနေကျအတိုင်း အသက် တစ်ရာ့နှစ်ဆယ်ထိတိုင်အောင် နေ့စဉ်နေ့စဉ် ဂုဏ်တော်များ များများပွားပါ။

 :)
ရှင်အာစာရ

No comments:

Post a Comment