Thursday, February 5, 2015

သိမ်မွေ့သောလမ်း (၃၂)

(. . . . .မှ အဆက်)
(အမေးအဖြေ အဆက်)

ဒါကြောင့် . . . သတိမထားမိရင် ဒေါသ ဖြစ်မိတတ်ပါတယ်။ ကိုယ်လုပ်နိုင်တာက . . . ဒေါသနဲ့ အတူရှိနေလိုက်ဖို့ပါပဲ။ စိတ်မကောင်း ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် အနှုတ်လက္ခဏာ မပေးလိုက်သင့်ပါဘူး။ ဒါကို နားလည်ပါ။ အလွန် အရေးကြီးပါတယ်။ ငါးမိနစ် ကြာပြီးတဲ့နောက် ဖြစ်ဖြစ်၊ ဆယ်မိနစ် ကြာပြီးတဲ့နောက် ဖြစ်ဖြစ်၊ နာရီဝက် ကြာပြီးတဲ့နောက် ဖြစ်ဖြစ်၊ နောက်နေ့မှ ဖြစ်ဖြစ်ပေါ့ ဒေါသ ပြေသွားတဲ့အခါမှာ . . . ဒေါသကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အကျဉ်းချုပ်ပြီးတော့ သိမ်သိမ်မွေ့မွေ့နဲ့ သုံးသပ်ဖို့ လိုပါတယ်။ ငါ ဘယ်လို ဖြစ်သွားတာလဲလို့ မေးခွန်းထုတ်လိုက်ဖို့ပါပဲ။ နောက်ပြန်စဉ်းစားပြီး အဖြစ်အပျက်ကို ဓမ္မဓိဋ္ဌာန်ကျကျ မြင်နိုင်အောင် ကြိုးစားပါ။ အဖြစ်အပျက်ကို ဘက်ပေါင်းစုံကနေ မြင်နိုင်အောင်လည်း ကြိုးစားပါ။ ဒေါသဟာ ကမ္မဋ္ဌာန်းအာရုံ ဖြစ်လာပါတယ်။ ဒီလိုနည်းနဲ့ပဲ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ၊ ကျဆုံးမှုတွေဟာ လေ့လာစရာ အတွေ့အကြုံတွေ ဖြစ်လာပါတယ်။

ဒီနည်းကို ကျင့်သုံးတဲ့ အခါမှာ အရေးကြီးတာ တစ်ခုက အမှားကျူးလွန်မိမှာကို စိုးရိမ်ကြောက်လန့်ခြင်း မရှိတော့တာပါပဲ။ ဒီလိုမှ မဟုတ်ရင် လုပ်သမျှ မှန်မှန်ကန်ကန် ဖြစ်ရမယ်၊ အပြစ်ကင်းရမယ်ဆိုတဲ့ စိုးရိမ်စိတ် ဖြစ်ပေါ်လာပါတယ်။ ဒီကနေ . . . တင်းကြပ်မှုတွေ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်စေပါတယ်။ ဒါဟာ အားနည်းချက်တွေကို အလျှော့ပေးလိုက်တာ မဟုတ်ဘူး ဆိုတာကို နားလည်စေချင်ပါတယ်။ လုံးဝမတူတဲ့ နည်းနဲ့၊ ပိုပြီး အဓိပ္ပာယ်ရှိတဲ့ နည်းနဲ့၊ တီထွင်ဆန်းသစ်တဲ့ နည်းနဲ့၊ ဆင်းရဲဒုက္ခတွေ လျှော့ချပေးပြီး လိုအပ်တာကို ပြုလုပ်မိစေတဲ့ နည်းနဲ့ အားနည်းချက်တွေကို နားလည်လိုက်တာသာ ဖြစ်ပါတယ်။ နောက်တစ်ခါ ဒီလို အခြေအနေမျိုး ကြုံရရင် ငါ ဘယ်လိုနေမလဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ပြီးရင် စောင့်ကြည့်ပါ။ ကိုယ် ဘယ်လို ပြုမူသလဲဆိုတာ သိမြင်နိုင်မယ့် အခွင့်အရေးကို စောင့်နေပါတယ်။ တစ်နည်း ပြောရရင် ဒေါသဖြစ်ပေမယ့် ဒဏ်ရာမရှိတော့ပါဘူး။ အကျိုးဆက် အနေနဲ့ . . . ဒေါသထွက်တဲ့ အခါမှာ ဆင်းရဲဒုက္ခ လျော့နည်းသွားတဲ့ အခြေအနေ ရောက်သွားပါတယ်။ အရေးပါတဲ့ အခြေအနေ ဖြစ်ပါတယ်။ တစ်ခြား မေးစရာ ရှိပါသေးလား။

ယောဂီ။  ။ သူတစ်ပါးကိုရော ကိုယ့်ကိုယ်ကိုယ်ပါ ခွင့်မလွှတ်နိုင်တဲ့ မှားယွင်းမှုတွေ အတိတ်မှာ ရှိခဲ့နိုင်တယ်၊ ထုံးစံအားဖြင့် ဒါတွေကို နှလုံးသားမှာ ဖိနှိပ်မျိုသိပ် ထားတတ်ကြတယ်လို့ ခင်ဗျား ပြောခဲ့ပါတယ်။ အတိတ်က ကိစ္စတွေ ဖိနှိပ်မျိုသိပ်ထားတာ ရှိမရှိ ခုချိန်မှာ ဘယ်လိုလုပ် သိနိုင်မှာလဲ။ အဲဒါတွေ ပြေပျောက်ဖို့အတွက် သူတို့ကို ပြန်လည် ဖော်ထုတ်ဖို့ လိုပါသလား။

ဆရာကြီး။  ။ သိပ်ကောင်းတာပဲ။ လက်တွေ့ကျတဲ့ အခြေအနေတစ်ခု ကြည့်ကြရအောင်။ သူတစ်ပါးအပေါ် ပြုမိမှားခဲ့ပြီး ကိုယ့်မှာ အပြစ်ရှိတယ်လို့ ခံစားရတဲ့ ကိစ္စကြောင့် ဒဏ်ရာရခဲ့တယ် ဆိုပါစို့။ ပထမ အချက်က . . . ဘယ်လိုပုံစံနဲ့ ဒဏ်ရာ ရရှိလိုက်တယ် ဆိုတာကို နားလည်ဖို့ ဖြစ်ပါတယ်။ စောစောက မေးခွန်းကို စူးစမ်းကြည့်တဲ့ အခါမှာ ငါ ဘယ်လို ပြုမူသင့်တယ်ဆိုတဲ့ အယူအဆကြောင့် ဒဏ်ရာ ဖြစ်ပေါ်လာတယ်လို့ နားလည်ပါတယ်။ ပြဿနာဟာ ကိုယ် ဘယ်လို ပြုမူသင့်တယ်ဆိုတဲ့ စံနမူနာနဲ့ ဆက်စပ်နေတယ်ဆိုတာကို နားလည်ပါတယ်။ ဒါကို နားလည်တယ်ဆိုရင် ဒဏ်ရာကို ကုသဖို့ အထောက်အကူ ရပါတယ်။ ဒါက ပထမ အချက် . . .။

ဒုတိယ အချက်က . . . ကျွန်တော်တို့ဟာ သာမန်လူတွေပဲ ရှိသေးတယ်၊ မပြီးပြည့်စုံကြသေးဘူးလို့ နားလည်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် . . . ကျွန်တော် မကြာမကြာ ပြောလေ့ရှိသလို . . . ကိုယ့်ရဲ့ လူသားသဘာဝကို ခွင့်လွှတ်နိုင်အောင်၊ ကိုယ့်ရဲ့ မပြီးပြည့်စုံမှုကို ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ဖို့ လိုပါတယ်။

နောက်တစ်ခု အကြံပြုချင်တာက . . . ဒါတွေဟာ အတိတ်မှာ ဖြစ်ခဲ့တယ်လို့ နားလည်ဖို့ပါ။ အတိတ်ကို မပြုပြင် မပြောင်းလဲနိုင်တော့ပါဘူး။ အတိတ်မှာ ဖြစ်ခဲ့တာတွေကို ဘာဖြစ်လို့ ဆုပ်ကိုင်ထားရတာလဲ။

နောက်ဆုံး အချက်က . . . ကျွန်တော် ရှင်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒဏ်ရာတွေကို မှတ်ဉာဏ်နဲ့ သယ်ဆောင်ထားပါတယ်။ ဒဏ်ရာတွေဟာ အမှတ်သညာနဲ့ ဆက်စပ်နေတဲ့အတွက် သူတို့ကို မေ့ဖို့ ကြိုးစားလေ သူတို့က ပေါ်လာလေပါပဲ။ အမှတ်သညာကို မထိန်းချုပ်နိုင်ကြပါဘူး။ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုက အမှတ်သညာနဲ့ မပတ်သက်ပါဘူး။ အမှတ်သညာကို တုံ့ပြန်မှု အပေါ်မှာပဲ ထိန်းချုပ်နိုင်ပါတယ်။ ဒီနေရာမှာ ဘာဝနာအလုပ် ဝင်လာပါတယ်။ လက်တွေ့ ပွားများနိုင်တဲ့ နေရာပါ။ ကိုယ်ပြုခဲ့တာကို ပြန်သတိရတဲ့ အခါမှာ အပြစ်လို့ မှတ်သားထားတဲ့ မှတ်ဉာဏ်အပေါ် တုံ့ပြန်မှုကို စောင့်ကြည့်လေ့လာနိုင်ပါတယ်။

ဒီနေရာဟာ အသိသတိနဲ့ သက်ဆိုင်ပါတယ်။ အပြစ်ကို သိဖို့ပါ။ ကျင့်သုံးနေကျအတိုင်း . . . အပြစ်နဲ့လည်း အဆင်ပြေပါတယ်လို့ သဘောထားနိုင်အောင် လေ့ကျင့်ဖို့ပါ။ အပြစ်အပေါ်မှာ ဖော်ဖော်ရွေရွေ ရှိနိုင်အောင်၊ အပြစ်ကိုလည်း ခွင့်ပြုလိုက်နိုင်အောင် လေ့ကျင့်ဖို့ပါ။ အချိန်အတော်ကြာတဲ့ အခါမှာ အဖြစ်အပျက်ကို ပြန်သတိရနိုင်ပါတယ်။ အပြစ်လည်း ပြန်ပေါ်လာပါလိမ့်မယ်။ အပြစ်အတွက် နေရာ ဖန်တီးပေးမိပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက . . . တစ်ခါတစ်ခါ တမင်သက်သက် သိသိကြီးနဲ့ အမှတ်သညာကို ပြန်ဖော်ပြီး အဲဒီ အမှတ်သညာအပေါ် ဘယ်လို ဆက်ဆံမိတယ်ဆိုတာကို ကြည့်တတ်ပါတယ်။ တစ်နေ့နေ့မှာ အမှတ်သညာ ပြန်ပေါ်လာပါတယ်။ အပြစ်ကတော့ ပေါ်မလာတော့ပါဘူး။ အဲဒီအခါမှာ ဒဏ်ရာ ပျောက်ကင်းသွားပါတယ်။ အမှတ်သညာ ပေါ်လာပေမယ့် သူနဲ့ သက်ဆိုင်နေတဲ့ စိတ်ခံစားမှု ပေါ်မလာတော့ပါဘူး။ အမှတ်သညာကို တမင်သက်သက် ပြန်ဖော်တာတောင်မှ သူနဲ့ဆိုင်တဲ့ စိတ်ခံစားမှုကတော့ မရှိတော့ပါဘူး။

နောက်ဆုံး အကြံပေးချက်က . . . အဲဒီလို ဒဏ်ရာတွေကို မွေးမြူထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းပဲ ဆိုတာကို နားလည်ထားဖို့ပါ။ ဒဏ်ရာတွေကို ကုသဖို့ နည်းလမ်းတွေ ရှိပါတယ်။ အပြစ်ပဲ ဖြစ်ဖြစ်၊ ပူးဆွေးမှုပဲ ဖြစ်ဖြစ်၊ မုန်းတီးမှုပဲ ဖြစ်ဖြစ် ကုသတဲ့ နည်းတွေကတော့ အတူတူပါပဲ။

ယောဂီ။  ။ ဒီနေ့ ဒဏ်ရာရှိသလား မရှိဘူးလား သိရအောင် မှတ်ဉာဏ်ကို ပြန်ဖော်ကြည့်ပါတယ်။ ဒါပေမယ့် ဘာ တုံ့ပြန်မှုမှ မရှိပါဘူး။ ဒါဟာ တွေဝေမှုလား။ ဒီလို ဖြစ်တတ်သလား။

ဆရာကြီး။  ။ ဒဏ်ရာတွေကို ကုသထားပြီးပြီဆိုတဲ့ သဘောပါ။ ငါ့မှာ ဒဏ်ရာတွေ မရှိတော့ဘူး၊ ဘာဖြစ်လို့ ဒဏ်ရာတွေ မရှိတော့တာလည်းလို့ စဉ်းစားပြီး စိုးရိမ်စရာ မလိုပါဘူး။ လူများစုက ဒဏ်ရာတွေ ရှိတတ်တာမို့ ကိုယ့်ကိုယ်ကိုယ် အပေါင်းလက္ခဏာ ထည့်ပေးလိုက်ပါ။ ဒဏ်ရာတွေ မရှိတော့ဘူး၊ ကောင်းတယ်လို့သာ သဘောထားလိုက်ပါ။

ဒဏ်ရာ မရှိတဲ့သူတွေကို ကျွန်တော် ပြောဖူးတယ် ထင်ပါတယ်။ ဒဏ်ရာတွေ ကုသဖို့ ကြိုးစားနေသူတွေကို မေတ္တာပို့ပါ။ တစ်ချို့က ဒဏ်ရာတွေနဲ့ ကြိုးစားရုန်းကန်နေရပါတယ်။ ကျွန်တော် သိပါတယ်။ ဒဏ်ရာတွေက ပြင်းလွန်းတော့၊ သူတို့ဆီမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတော့ ဒီလို အမှတ်သညာတွေကို ကုသဖို့ အများကြီး လုပ်ယူရပါတယ်။ ယောဂီတွေနဲ့ ဆက်ဆံရတဲ့ အတွေ့အကြုံကြောင့် သိတာပါ။

ယောဂီ။  ။ အချစ်နဲ့ အမုန်း အတူတူပဲလား။

ဆရာကြီး။  ။ ဥပမာ တစ်ခုလောက် ပေးနိုင်မလား။ ကျွန်တော်က လူရိုးပါ။ လက်တွေ့ကျတဲ့ ဥပမာတွေကို ကြိုက်ပါတယ်။

ယောဂီ။  ။ ဒဏ်ရာတွေ မရှိတော့ဘူးဆိုရင် တမင်သက်သက် ပြန်ဖော်ပြီး အမုန်းတရားကို ကြည့်တဲ့အခါမှာ . . . တုံ့ပြန်မှု မရှိတော့ဘူးဆိုရင် ဒဏ်ရာ ပျောက်ကင်းသွားပြီလို့ ခင်ဗျား ပြောခဲ့ပါတယ်။ အချစ်နဲ့ ပတ်သက်လို့ရော ဘယ်လိုလဲ။ သူတစ်ပါးအပေါ် ချစ်ခဲ့တဲ့ အခြေအနေကို ပြန်ဖော်လို့ ရပါသလား။ အချစ်နဲ့ ပတ်သက်တဲ့ အမှတ်သညာကို ပြန်ဖော်ပြီး ခံစားမှု တစ်စုံတစ်ရာ ရှိမရှိ ကြည့်လို့ ရပါသလား။ ဥပမာ . . . အမှတ်သညာတွေကို ပြန်ဖော်တဲ့အခါမှာ . . . ခွဲခွာခြင်းတွေကြောင့်သာ မကဘဲ အကြောင်းတစ်မျိုးမျိုးကြောင့် တစ်စုံတစ်ယောက်ရဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနင့်နာခံခဲ့တာကြောင့်လည်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတာတွေ ရှိနိုင်ပါတယ်။ အဲဒါတွေကိုလည်း ဒေါသနဲ့ ပတ်သက်လို့ ကုစားသလိုပဲ ကုစားရမှာလား။

ဆရာကြီး။ ။ မကျေမနပ် ခံစားရတာ မဟုတ်ဘဲ အဲဒါမျိုးကို သတိရတဲ့အခါ၊ ဒါမှမဟုတ် တမင်သက်သက် ပြန်စဉ်းစားတဲ့အခါ ပျော်စရာတွေပဲ ဖြစ်မှာပေါ့။ သူတစ်ပါးအတွက် လုပ်ပေးလိုက်တယ်လို့ ပျော်နိုင်ပါတယ်။

ကိုယ် လုပ်ခဲ့တဲ့ ကောင်းတာတွေအကြောင်း စဉ်းစားဖို့လည်း လိုအပ်ပါတယ်။ ဒီလို စဉ်းစားခြင်းအားဖြင့် နှစ်သက်ပျော်ရွင်ရပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်လာပါတယ်။ မေတ္တာ အပြုအမူတွေ ပိုပိုပြီးတော့ လုပ်ဆောင်မိပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဓလေ့ထုံးတမ်းတစ်ခု ရှိခဲ့ဖူးပါတယ်။ ခုတော့ ကွယ်ပျောက်သွားပါပြီ။ ကုသိုလ်မှတ်တမ်း စာအုပ်ရေးတဲ့ ဓလေ့ပါ။ ရည်ရွယ်ချက်က . . . ကိုယ်ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေကို စာအုပ်ထဲမှာ ရေးမှတ်ထားပါတယ်။ သေလုမျောပါး ဖြစ်နေချိန်ကျတော့ တစ်ယောက်ယောက်က စာအုပ်ကို ဖတ်ပြပါတယ်။ ကျွန်တော်တို့က အမှားတွေ အပေါ်မှာပဲ အလေးပေးမိတတ်တဲ့အတွက် ဒီကိစ္စဟာ အရေးကြီးတယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းမှုတွေကို တမင်သက်သက် သတိရဖို့ တရားတော်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီလို အမှတ်သညာတွေ ပေါ်လာရင် . . . ကောင်းမြတ်တဲ့ စိတ်ခံစားမှုတွေကို အသိအမှတ် ပြုသင့်ပါတယ်။

နောက်တစ်နေ့ ကျင့်ကြံဖွယ်

မနက်ဖြန် ကျင့်စဉ်နဲ့ ပတ်သက်လို့ ပြောပါဦးမယ်။ တစ်ခုက . . . မနက်ဖြန်ကျရင် ကျွန်တော်တို့ အတတ်နိုင်ဆုံး တိတ်တိတ်ဆိတ်ဆိတ် နေကြပါမယ်။ လုပ်စရာ ကိုင်စရာ အရေးတကြီး ရှိရင်လည်း စကားမပြောရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်နေ့တာလုံး အတတ်နိုင်ဆုံး နှုတ်ဆိတ်နေကြဖို့ပါ။ ဒါက အကြံပေးချင်တာ တစ်ခု။

ဒုတိယ တစ်ခုက . . . ဒီနေ့ မေတ္တာဘာဝနာ ပွားတဲ့နေ့။ မနက်ဖြန် စိတ်ခံစားမှု . . .။ မနက်ဖြန်ကျရင် စိတ်ခံစားမှုတွေ ဖြစ်ပေါ်ခွင့် ပေးဖို့ ကြိုးစားကြမယ်။ ခင်ဗျားတို့ တင်ပြခဲ့သလို နှစ်သက်စရာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မနှစ်စရာပဲ ဖြစ်ဖြစ် ဖြစ်ပေါ်ခွင့် ပေးလိုက်ကြမယ်။ နှစ်သက်စရာ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လို့ . . . သူတို့ကို ဖြစ်ပေါ်ခွင့် ပေးလိုက်တဲ့အတွက် ပိုပြီးတော့ ကျေနပ် ပျော်ရွှင် လာနိုင်တယ်။ နှစ်သက်စရာ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လို့ . . . သူတို့ကို ဘယ်လိုလုပ်ရမယ်၊ သူတို့ကို ဘယ်လို အသုံးပြုရမယ် ဆိုတာကို လေ့လာကြမယ်။ တစ်ချို့ယောဂီတွေ . . . ပေါ်ပေါ်လာတဲ့ မနှစ်သက်စရာတွေနဲ့ ရုန်းကန်နေကြရတာကို ကျွန်တော် သိပါတယ်။

မနက်ဖြန်ကျရင် မနှစ်သက်စရာတွေဆိုပြီး စိတ်ခံစားမှုတွေကို ဖယ်မထုတ်မိအောင်၊ မထိန်းချုပ်မိအောင်၊ မငြင်းပယ်မိအောင် လေ့ကျင့်ပါ။ သူတို့ ဖြစ်ပေါ်လာရင် ဖြစ်ပေါ်ခွင့်သာ ပေးလိုက်ပါ။ သူတို့ ပေါ်လာရင် ပေါ်လာခွင့် ပေးနိုင်ရဲ့လား။ သူတို့နဲ့ မိတ်ဆွေဖွဲ့နိုင်ရဲ့လား။ သူတို့ကို နှစ်သက်မြတ်နိုးနိုင်ရဲ့လား။ သူတို့ဆီကနေ လေ့လာသင်ယူနိုင်ရဲ့လား။ စိစစ်ပါ။ မနက်ဖြန်ကျရင် ဒီနည်းတွေ ကျင့်သုံးကြမယ်။ ဘယ်လိုနေလဲ စောင့်ကြည့်ပါ။ ညနေပိုင်းကျရင် တစ်နေ့တာအတွင်း ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး စိတ်ခံစားမှုတွေအကြောင်း ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ စိတ်ခံစားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို စူးစမ်းကြမယ်။

စိတ်ခံစားမှုတွေနဲ့ တိတ်ဆိတ်မှုတွေအကြား ဆက်စပ်မှု ရှိပါတယ်။ တိတ်တိတ်ဆိတ်ဆိတ် နေနိုင်တာနဲ့အမျှ စိတ်ခံစားမှုတွေကို ဖြစ်ပေါ်ခွင့် ပေးနိုင်မယ် ထင်ပါတယ်။ ကောင်းမကောင်း စိတ်ခံစားမှု နှစ်မျိုးလုံးကို ဖြစ်ပေါ်ခွင့် ပေးနိုင်မှာပါ။ မနက်ဖြန် ဘယ်လိုနေမလဲ စောင့်ကြပါစို့။

ကဲ . . . အခု ဝတ်ရွတ်စဉ် ရွတ်ဖတ်ကြပါစို့။


(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment