Wednesday, December 24, 2014

တရားမင်းသခင် (. . .) - ရှင်ပုဏ္ဏ


ရှင်ပုဏ္ဏသည် တိတ်ဆိတ်ငြိမ်သက်သူ ဖြစ်၏။ အဖော်သဟဲနှင့် မွေ့လျော်သူ မဟုတ်ပေ။ ရှင်ပုဏ္ဏအတွက် ပြောစရာစကား နည်းပါးလှပြီး ရှင်ပုဏ္ဏကို စကားစပြည် ပြောဆိုမည့်သူလည်း မရှိသလောက် ရှား၏။ အခြားရဟန်းတို့က ရှင်ပုဏ္ဏကို အဖက်မပြုလို၍ ၀ိုင်းပယ်သည့် အနေဖြင့် မဆက်မဆံ မပြောမဆိုကြသည်ကား မဟုတ်။ တိုးတိတ်ညင်သာသူ ကင်းဆိတ်ငြိမ်သက်သူ ရှင်ပုဏ္ဏ၏ ဆန္ဒကို ဖြည့်ဆည်းသည့် အနေဖြင့် ခပ်ကင်းကင်း နေကြခြင်းသာ ဖြစ်၏။ ရှင်ပုဏ္ဏ အနေဖြင့်လည်း ပတ်ဝန်းကျင်ကို မနှစ်သက် မလိုလား၍ ပတ်ဝန်းကျင်နှင့် ကင်းလွတ်၍ နေသည်မဟုတ်။ ပတ်ဝန်းကျင်ကို ရှုကြည့်ရာ၌ ကောင်းကွက်ကိုသာ ရှုကြည့်တတ်၏။ သို့သော် ၀ိဝေကသုခကို ခံစားလို၍ ပတ်ဝန်းကျင်နှင့် ကင်းကင်းရှင်းရှင်း နေလေ၏။

ဘုရားရှင် ကိုယ်တော်မြတ် အကြိမ်ကြိမ် အထပ်ထပ် ချီးကျူးဟောကြားတော်မူအပ်သော အသင်းအပင်း အသိုက်အ၀န်းနှင့် ကင်းကွာလျက် တစ်ကိုယ်ရေ နေထိုင်ခြင်းဖြင့် ခံစားအပ်သော ကိုယ်အားဖြင့် ကင်းဆိတ်ငြိမ်သက်ခြင်း ကာယ၀ိဝေကကိုလည်းကောင်း၊ စိတ်ကို အာရုံမျိုးစုံမှ ခွာလျက် တည်သောသမာဓိနှင့် နေထိုင်ခြင်းဖြင့် ခံစားရသော စိတ်အားဖြင့် ကင်းဆိတ်ငြိမ်သက်ခြင်း စိတ္တ၀ိဝေကကိုလည်းကောင်း ရှင်ပုဏ္ဏ အဖန်ဖန် အခါခါ နာယူမှတ်သားခဲ့ရသည်။ ထိုသို့သော ကင်းဆိတ်ခြင်း နှစ်မျိုး၊ ၀ိဝေက နှစ်ပါး၏ ဓမ္မရသကိုလည်း ရှင်ပုဏ္ဏ အစဉ်အမြဲ ခံစားလေ့ရှိသည်။ ယခုလည်း ဆိတ်ငြိမ်ရာမှ ထလာခဲ့သော ရှင်ပုဏ္ဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ သင့်တော်သည့် နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားရှင်အား ရိုသေစွာ လျှောက်ထားလေ၏။

“တောင်းပန် လျှောက်ထားပါရစေ မြတ်စွာဘုရား . . .။ တပည့်တော်ကို အကျဉ်းအားဖြင့် တရားဓမ္မ ဟောပြတော်မူပါ ဘုရား။ တပည့်တော် တစ်ပါးတည်း ဆိတ်ငြိမ်ရာမှာ မမေ့မလျော့ မပေါ့မဆ ထက်သန်တဲ့ လုံ့လနဲ့ နိဗ္ဗာန်ကို အာရုံပြုပြီး နေချင်ပါတယ် ဘုရား။”

“ပုဏ္ဏ . . . နာယူမှတ်သားပါ။ လိုချင်ဖွယ်ရာ နှစ်သက်ဖွယ်ရာ မြတ်နိုးဖွယ်ရာ ချစ်ခင်ဖွယ်ရာ ကာမနဲ့ ဆက်စပ်တဲ့အရာ စွဲမက်ဖွယ်ရာတွေ ဖြစ်ကြတဲ့ မျက်စိနဲ့ မြင်ရတဲ့ အဆင်း၊ နားနဲ့ ကြားရတဲ့ အသံ၊ နှာခေါင်းနဲ့ ရှူရတဲ့ အနံ့၊ လျှာနဲ့ ခံစားရတဲ့ အရသာ၊ ကိုယ်နဲ့ ထိရတဲ့ အတွေ့အထိ၊ စိတ်နဲ့ သိရတဲ့ သဘောတရားတွေ အပေါ်မှာ အလွန်အမင်း နှစ်သက်စွဲလမ်းတယ်ဆိုရင် လောဘတဏှာ ဖြစ်ပေါ်တယ်။ တဏှာကြောင့် ဆင်းရဲရတယ်။ မနှစ်သက် မစွဲလမ်းရင် လောဘတဏှာ ချုပ်ငြိမ်းတဲ့ အတွက်ကြောင့် ချမ်းသာရတယ်။ ပုဏ္ဏ . . . အကျဉ်းချုပ် ဟောကြားဆုံးမချက်ဖြစ်တဲ့ တရားဓမ္မကိုတော့ နာယူပြီးပြီ။ ဘယ်ဇနပုဒ်မှာ နေမလဲ။”

“မှန်ပါ . . . သုနာပရန္တ ဇနပုဒ်မှာ နေပါမယ် ဘုရား . . .။”

“ပုဏ္ဏ . . . ဖြစ်နိုင်ပါ့မလား။ သုနာပရန္တ တိုင်းသားတွေဟာ ကြမ်းတမ်းကြတယ်။ ခက်ထန်ကြတယ်။ ဒါကို သိရဲ့လား။ တကယ်လို့ သူတို့က ဆဲရေးကြတယ်၊ ရေရွတ်ကြတယ်၊ ကြိမ်းမောင်းကြတယ်၊ မြည်တွန်တောက်တီးကြတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ စိတ်ထဲမှာ ဘယ်လို ခံစားရမလဲ။”

“မြတ်စွာဘုရား . . . ဖြစ်နိုင်ပါတယ် ဘုရား။ ခက်ထန်ကြမ်းတမ်းတဲ့ သုနာပရန္တ တိုင်းသားတွေ ဆဲရေးကြတယ်၊ ရေရွတ်ကြတယ်၊ ကြိမ်းမောင်းကြတယ်၊ မြည်တွန်တောက်တီးကြတယ် ဆိုရင်လည်း . . . နှုတ်နဲ့သာ ပြစ်မှားကြပေတယ် . . .။ ကိုယ်ထိလက်ရောက် မကျူးလွန် မထိပါးကြပေဘူး . . .။ တော်ကြကောင်းကြပါပေစွ . . .လို့ သဘောထားနိုင်ပါတယ် မြတ်စွာဘုရား . . .။”

“ကောင်းလေစွ ပုဏ္ဏ . . .။ သူတို့ဘက်က ကိုယ်ထိလက်ရောက် ပြုလာကြရင်ကော . . .။”

“ကိုယ်ထိလက်ရောက် ကျူးလွန်ထိပါးကြတယ် ဆိုရင်လည်း . . . လက်နဲ့သာ ကျူးလွန်ကြပေတယ် . . . ခဲနဲ့မပစ်မပေါက်ကြ . . . တော်ကြကောင်းကြပါပေစွ . . .လို့ သဘောထားနိုင်ပါတယ် မြတ်စွာဘုရား . . .။”

“ခဲနဲ့ ပစ်ပေါက်လာတယ် ဆိုရင်ကော . . .”

“ခဲနဲ့သာ ပစ်ကြပေါက်ကြပေတယ် . . . တုတ်နဲ့ မရိုက်ကြ မနှက်ကြ . . . တော်ကြပါပေတယ် ကောင်းကြပါပေတယ်လို့ သဘောထားနိုင်ပါတယ် ဘုရား . . .။”

“တော်ပေစွ ပုဏ္ဏ . . .။ သည်းခံခြင်း အရာ၌ ငါ၏ တပည့်သား ပီသပါပေတယ် . . .။ သုနာပရန္တတိုင်းသား အကြမ်းအရမ်းတွေက . . . တုတ်နဲ့ ရိုက်ကြတယ် ဆိုရင်လည်း ဓားနဲ့ မခုတ်ကြတဲ့အတွက် တော်ကြပါပေတယ်၊ ကောင်းကြပါပေတယ်လို့ သဘောထားမယ် မဟုတ်လား။”

“မှန်လှပါ မြတ်စွာဘုရား . . .။”

“ဓားနဲ့ ခုတ်ကြတယ် ဆိုရင်ကော . . .။”

“ဓားထက်ထက်နဲ့ တစ်ချက်တည်း အသက်ထွက်အောင် မခုတ်သတ်ကြသေးတဲ့အတွက် တော်ကြကောင်းကြပါပေတယ်လို့ သဘောထားနိုင်ပါတယ် မြတ်စွာဘုရား . . .။”

“ပုဏ္ဏ . . . ထိုးနှက်တိုက်ခိုက်တဲ့ လက်နက်မှန်သမျှကို သည်းခံခြင်း လက်နက်နဲ့သာ ကာကွယ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သဘောထားကို ဘုရားရှင် အဆူဆူတို့ ချီးမွမ်းတော်မူကြပေတယ်။ သည်းခံခြင်း လက်နက်ဟာ စွမ်းအားအပြင်းဆုံး လက်နက်ဖြစ်တယ်။ အလုံခြုံဆုံး ဒိုင်းလည်း ဖြစ်တယ်။ အဆိပ်ထုပ်ကို လက်ဆောင်လုပ်၍ ပေးသူကို နတ်သုဒ္ဓါ ပြန်ပေးသလို . . . ကြမ်းတမ်းယုတ်မာသူကို  ခန္တီနဲ့ ဆက်ဆံပြီး မေတ္တာလက်ဆောင် ပြန်ပေးရမယ်။ သည်းခံခြင်း ခန္တီဟာ ယဉ်ကျေးသူတို့ရဲ့ အဆင်တန်ဆာလည်း ဖြစ်တယ်။ ပွဲတိုင်းမှာ တင့်တယ်သလို နေရာတိုင်းမှာလည်း သင့်တော်တယ်။ ပုဏ္ဏ . . . တကယ်လို့ သုနာပရန္တတိုင်းသား အကြမ်းပတမ်း အရိုင်းအစိုင်းတွေက ဓားထက်ထက်နဲ့ အသက်ထွက်အောင် ခုတ်သတ်ကြတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။”

“ဘုရားတပည့်သား ဖြစ်ကြတဲ့ အရှင်ကောင်း တစ်ချို့ဟာ ခန္ဓာကိုယ် အတ္တဘောကို စက်ဆုပ်ကြတယ်။ ငြီးငွေ့ကြတယ်။ စက်ဆုပ်ငြီးငွေ့လွန်း အားကြီးလာလို့ အသက် မရှင်ချင်ကြတော့ဘူး . . .။ အသုံးမကျတဲ့ ခန္ဓာကိုယ်ကို မွေးမြူရင်း အသက်ရှင်ရတာကိုပဲ ရှက်စရာလို့ မြင်တတ်ကြတယ်။ အဲ့ဒီလို အရှင်တွေဟာ ကိုယ့်အသက်ကိုယ် လုပ်ကြံဖို့ ဓားလက်နက်တွေ ရှာဖွေကြရတယ် . . .။ ငါ့မှာတော့ ဓားလက်နက်တွေ ရှာစရာ မလိုဘူး။ သုနာပရန္တ တိုင်းသားတို့ တော်ကြပါပေတယ်။ ကောင်းကြပါပေတယ်လို့ သဘောထားမှာပါ မြတ်စွာဘုရား . . .။”

“ကောင်းလေစွ ပုဏ္ဏ . . .။ ကောင်းလေစွ၊ ကောင်းလေစွ။ သည်းခံမှု အအေးဓာတ်နဲ့ ပြည့်စုံတယ်ဆိုရင် သုနာပရန္တ ဇနပုဒ်မှာ နေထိုင်နိုင်လိမ့်မယ်။ သုနာပရန္တ တိုင်းသားတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပါ။ လောကဓမ္မ နှစ်ဝသော အကျိုးကို အမိုက်အရိုင်းတွေ မြင်နိုင်အောင် ထင်ထင်ပြပါ။ အဆိပ်ကို ဆေးနဲ့သတ်သလို၊ မီးကို ရေနဲ့ငြှိမ်းသလို အကြမ်းအရိုင်း ဇနပုဒ်သားတွေရဲ့ ဒေါသအပူကို ဒေသနာ အမြိုက်ဆေးနဲ့ အေးအောင်လုပ်ပေးလိုက်ပါ။ ဘုရားရှင်ရဲ့ အဆုံးအမတွေ ထွန်းကားတဲ့ မြို့တော်တွေမှာတောင်မှ တရားကင်းသူတွေ ရှိနေသေးတာဆိုတော့ . . . မတရားမှုတွေ ခေါင်းထောင်တတ်သေးတာပဲ။ သုနာပရန္တတိုင်းဟာ သာသနာတော်အတွက် ဒေသသစ် ဖြစ်နေတော့ အခက်မျိုးစုံနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ခိုင်မြဲတဲ့ သတိနဲ့ ကြံ့ကြံ့ခံနိုင်ပါစေ။ ကြမ်းတမ်းတဲ့ ဒေသမှာ ဒေါသနဲ့ ထိုးနှက်တာတင် မကဘူး။ ဿာနဲ့ ရန်ပြုတာလည်း ကြုံရလိမ့်မယ်။ မစ္ဆရိယနဲ့ ထိုးနှက်တာလည်း တွေ့ရလိမ့်မယ်။ ဘယ်လို အခက်အခဲပဲ ဖြစ်ဖြစ် . . . အကုသိုလ် မျိုးစုံကို အကြောင်းခံတဲ့ အထိုးအနှက် အတိုက်အဖျက် မှန်သမျှကို ခန္တီနဲ့သာ တုံ့ပြန်ပါ။ ခက်တယ် ကြမ်းတယ်ဆိုပြီး တွန့်ဆုတ်တာမျိုး မဖြစ်စေနဲ့။ အမှောင်ဆုံးချိန်မှာ အလင်းလာစမြဲပဲ။ ကဲ . . . အခု သွားချိန်တန်ပြီ။ သွားလိုက သွားပေတော့။”

ရှင်ပုဏ္ဏသည် မြတ်စွာဘုရားရှင်၏ စကားတော်ကို အလွန်ပင် နှစ်သက်မိလေ၏။ ဘုရားရှင်ကို ရိုသေစွာ ရှိခိုးဦးခိုက်၍ သူ့နေရာသို့ ပြန်ကြွပြီးလျှင် ကျောင်း အိပ်ယာ နေရာတို့ကို စနစ်တကျ သိုမှီးသိမ်းဆည်း၏။ အလိုရှိသော ရဟန်းတော်တို့ ကြွရောက် သီတင်းသုံးနိုင်ရန် အဆင်သင့် ပြင်ဆင်ပေးခဲ့ပြီး သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးထည် တည်းဟူသော ပေါ့ပါးသည့် ပရိက္ခရာတို့ကို ယူဆောင်ကာ သုနာပရန္တ ဇနပုဒ်သို့ တစ်ပါးတည်း ကြွချီလေ၏။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

မှီငြမ်း - သဠာယတနသံယုတ် ပုဏ္ဏသုတ် စသည်။

No comments:

Post a Comment