Thursday, October 30, 2014

သိမ်မွေ့သောလမ်း (၂၈)

ဒုတိယနေ့ - အတွေ့အကြုံကို မျှဝေခြင်း
(ဟောင်ကောင်၊ ၁၄ အောက်တိုဘာ၊ ၁၉၉၇)

ဆရာကြီး။  ။ ဆွေးနွေးမှု ကဏ္ဍမှာ လုပ်ဖို့ရှိတာက . . . တစ်နေ့တာ အတွေ့အကြုံကို မျှဝေကြဖို့ ဖြစ်ပါတယ်။

အတွေ့အကြုံကို ဓမ္မမိတ်ဆွေတွေနဲ့ အရိုးသားဆုံး မျှဝေတတ်အောင် လေ့ကျင့်ဖို့ အလွန်အရေးကြီးတယ်လို့ ထင်မိပါတယ်။ နှစ်သက်စရာလို့ ထင်တားတဲ့ အတွေ့အကြုံတွေ၊ မနှစ်သက်စရာလို့ ထင်ထားတဲ့ အတွေ့အကြုံတွေ။ နှစ်မျိုးလုံးကို မျှဝေဖို့ပါ။ ဓမ္မမိတ်ဆွေတွေကို ဖွင့်ဟပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပုံမှန်အားဖြင့် စိုးရွံ့တတ်ပါတယ်။ ကိုယ့်အကြောင်း ကိုယ်ပြောဖို့ မဝံ့မရဲ ရှိုးတိုးရှန့်တန့် ဖြစ်နေတတ်ပါတယ်။ သူများက ကိုယ့်ကို တစ်မျိုးတစ်ဖုံး ဆုံးဖြတ်ကြလိမ့်မယ်၊ ကိုယ်လုပ်လိုက်တာ မှန်မှ မှန်ပါရဲ့လား စသည်ဖြင့် တွေးတောပြီး တွန့်နေကြတာ ဖြစ်ပါတယ်။ အတွေ့အကြုံကို ရိုးရိုးသားသား မျှဝေတာ ဖြစ်တဲ့အတွက်ကြောင့် မကြောက်သင့်ပါဘူး။

ခင်ဗျားတို့ရဲ့ ဘာဝနာ အတွေ့အကြုံတွေက ဘယ်လိုတွေလဲ။ ကျွန်တော်တို့ ငါးနာရီက စခဲ့တာပါ။ မေးစရာ ရှိပါသလား။ ပြဿနာ ရှိပါသလား။ ဖြစ်နေတာကိုသာ စောင့်ကြည့်ပြီး ရိုးရိုးရှင်းရှင်း ကျင့်သုံးခဲ့တဲ့ ဘာဝနာ အလုပ်မှာ အခက်အခဲတွေ ရှိနေပါသလား။

ယောဂီ။  ။ မနက်စောစော ဘာဝနာချိန်မှာ ကျွန်တော် အိပ်မှုန်စုံဝါး ဖြစ်နေပါတယ်။ ဝိုးတိုးဝါးတားနဲ့ လုပ်ခဲ့ရတာပါ။ ဒါပေမယ့် . . . ဘာ့ကြောင့်လဲ ဆိုတာတော့ မသိပါဘူး။ ဒီ ဆွေးနွေးပွဲ မတိုင်ခင် တရားထိုင်တုန်းက သတိထားမိလိုက်ပါတယ်။ မနက်ကနဲ့ မတူတော့ပါဘူး။ မနက်စောစောကတော့ အားအင်တွေ ဖြုန်းတီးနေတာနဲ့ တူပါတယ်။ ကိုယ်အမူအရာ စိတ်အမူအရာတွေကို သိမှတ်ရတာ ပင်ပန်းပါတယ်။ ရောက်မလာတဲ့ သူတွေကို မျှော်နေရသလိုပါပဲ။ ခု ပြီးခဲ့တဲ့ အချိန်မှာတော့ ကျွန်တော် အေးဆေးတည်ငြိမ်လာတာနဲ့ ဆရာ သင်ပြတာကို ကျင့်သုံးတတ်လာပါတယ်။ ခန္ဓာကိုယ် အလုပ်လုပ်ပုံကို ဘယ်လို သိမှတ်ရမယ်ဆိုတာကို သိလာပါတယ်။ ရှင်းရှင်းလင်းလင်း သိနိုင်လာပါတယ်။

ဆရာကြီး။  ။ အတွေ့အကြုံကို မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မနက်ခင်းတုန်းက မနှစ်သက်စရာ အတွေ့အကြုံတွေ။ ညနေပိုင်းကျတော့ နှစ်သက်စရာလို့ သဘောထားလာနိုင်တယ်။ ကောင်းပါတယ်။ မနက်ပိုင်းမှာ မနှစ်သက်စရာ အတွေ့အကြုံသာ မရှိခဲ့ဘူးဆိုရင် ညနေပိုင်းမှာ နှစ်သက်စရာ အတွေ့အကြုံကို တွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။ မနှစ်သက်စရာ အတွေ့အကြုံတွေကနေ လေ့လာနိုင်တယ်၊ နှစ်သက်စရာ အတွေ့အကြုံတွေကလည်း လေ့လာနိုင်တယ် ဆိုတာကို ပြသနေပါတယ်။ ဒါကြောင့် နှစ်သက်စရာ မနှစ်သက်စရာ အတွေ့အကြုံ နှစ်မျိုးလုံး အပေါ်မှာ ပွင့်ပွင့်လင်းလင်း ရှိသင့်ပါတယ်။

ဒီနေ့မနက် ဘာဝနာချိန်မှာ ကြုံခဲ့ရတာတွေ မျှဝေမယ့်သူ ရှိပါသေးလား။

ပင်ပန်းမှု

ယောဂီ။  ။ အိမ်မှာ အားထုတ်တဲ့အခါ အရမ်းပင်ပန်းနေချိန်မှာ တရားအားမထုတ်တာ ပိုကောင်းပါသလား။ ဒီနေ့မနက် ကျွန်တော် အရမ်း အိပ်ချင်နေပါတယ်။ အာရုံစူးစိုက်နိုင်လောက်အောင် အင်အား မရှိဘူး ဖြစ်နေပါတယ်။

အိမ်မှာပဲဖြစ်ဖြစ် ဒီမှာပဲဖြစ်ဖြစ် ပင်ပန်းနေချိန်မှာလည်း ဘာဝနာနဲ့ လေ့လာစမ်းသပ်ဖို့ အကြံပေးချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် . . . ပင်ပန်းနေပြီ၊ ဘာဝနာပွားလို့ ရမှာမဟုတ်ဘူး၊ အိပ်တော့မယ်လို့ လွယ်လွယ်ပဲ သဘောထားမိတတ်ပါတယ်။ ဒီလိုပဲ . . . ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တတ်ကြပါတယ်။ အမြဲတမ်းပဲ ခန္ဓာကိုယ်ကို အလိုလိုက် အကြိုက်ဆောင် ပေးကြပါတယ်။

ဒီ အစဉ်အလာကနေ ရင်းရင်းနှီးနှီး သိမ်သိမ်မွေ့မွေ့ ကြင်ကြင်နာနာနဲ့ ဖောက်ထွက်ဖို့ လိုပါတယ်။ ဆိုလိုတာက . . .တစ်ချို့နေ့တွေမှာ ခန္ဓာကိုယ်ကို အလိုလိုက်မယ်။ တစ်ချို့နေ့တွေမှာ အလိုမလိုက်ဘူး။ ဒါကြောင့် မနက်ဖြန်မနက်ကျတော့ ပင်ပန်းမှု ခံစားရတယ်ဆိုရင် . . . မနေ့က ငါ အလျှော့ပေးခဲ့တယ်၊ အလိုလိုက်ခဲ့တယ်၊ ဒီနေတော့ အလိုမလိုက်နိုင်တော့ဘူးလို့ ခန္ဓာကိုယ်ကို ပြောလိုက်ရပါမယ်။ ကိုယ်တစ်ယောက်တည်း၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ဒီလို စကားပြောဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို ငြင်းလိုက်ပြီးတော့ ဓမ္မာရုံထဲ လာပါ။ တရား လာထိုင်ပါ။ ဘယ်လို နေသလဲ စောင့်ကြည့်ပါ။

ဗုဒ္ဓစာပေ ကျန်းဂန်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ စကားပြောခန်းတစ်ခု ရှိပါတယ်။ ထုံထုံလေးလေး အိပ်ချင်မူးတူးနဲ့ ပင်ပန်းနေတဲ့ ရဟန်းတစ်ပါးနဲ့ ဘုရားရှင်တို့ ပြောကြတာပါ။ အိပ်ချင်မူးတူး ဖြစ်နေရင် ဘယ်လိုလုပ်ရမယ် ဆိုတာကို ဘုရားရှင်က နည်းလမ်းတွေ ညွှန်ပြတော်မူပါတယ်။

ပထမဆုံး ဘုရားရှင် အကြံပေးတော်မူတာက . . . ဣရိယာပုထ် ပြောင်းလိုက်ပါတဲ့။ ဒါကြောင့် ထိုင်လျက် အားထုတ်နေတာဆိုရင် ဣရိယာပုထ် ပြောင်းပြီး မတ်တတ်ရပ် အားထုတ်ပါ။ စင်္ကြံကမ္မဋ္ဌာန်း ပြောင်းပြီး အားထုတ်ပါ။ နောက်ပြီး . . . အိပ်ချင်မူးတူး ဖြစ်နေရင် မြန်မြန်လမ်းလျှောက်လိုက်ဖို့ အကြံပေးချင်ပါတယ်။ ဒါမှမဟုတ် နောက်ပြန် လမ်းလျှောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပြန် လမ်းလျှောက်တဲ့ အခါမှာ နိုးကြားမှုနဲ့ သတိကြီးကြီး ထားရလို့ပါ။ နောက်ပြန် လမ်းလျှောက်လိုက်တာနဲ့ တစ်ပြိုင်နက် နိုးနိုးကြားကြား ဖြစ်လာပါလိမ့်မယ်။

ဒါနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက ကမ္မဋ္ဌာန်း ဆရာတစ်ယောက်ကို သတိရမိတယ် . . .။ သူက ယောဂီတွေကို ညွှန်ကြားတယ်။ သူတို့ ကမ္မဋ္ဌာန်း ရိပ်သာမှာ တော်တော်နက်တဲ့ ရေတွင်းကြီးတစ်တွင်း ရှိတယ်။ ယောဂီတွေကို ရေတွင်းပေါင်ပေါ်မှာ တရားထိုင်ခိုင်းတာ။ ပင်ပန်းလို့ ငိုက်မိရင်တော့ ရေးတွင်းထဲ ပြုတ်ကျပြီး သေဖို့ ရှိတာပဲ။ အခု ဒီနေရာမှာ ရေတွင်း မရှိတာ ကံကောင်းတယ် ပြောရမယ်။

မြတ်စွာဘုရား နောက်တစ်ခု အကြံပေးတော်မူတာက . . . ဣရိယာပုထ် ပြောင်းတာမှ အဆင်မပြေဘူးဆိုရင် နားရွက်တွေကို ပွတ်လိုက်ပါတဲ့။ ခန္ဓာကိုယ်ကို နှိုးဆော်ပေးသလို ဖြစ်သွားအောင် ထင်ပါတယ်။ ဒါလည်း အဆင်မပြေသေးဘူးဆိုရင် အပြင်ထွက်ပြီး ကြယ်တာရာတွေကို ကြည့်ပါတဲ့။ ဘုရားရှင် ဟောတော်မူတုန်းက အခုလို ကြယ်တွေစုံတဲ့ ညနေခင်း ဖြစ်နိုင်ပါတယ်။ ပြင်ပအာရုံ တစ်ခုခုနဲ့ စိတ်ကို နှိုးဆော်ပေးဖို့ အကြံပြုချင်ပါတယ်။  အဲဒါမှ အဆင်မပြေသေးဘူးဆိုရင် နှုတ်တက်ရထားတဲ့ တရားစာကို စိတ်နဲ့ ရွတ်ဆိုပါတဲ့။

ဒါလည်း အိပ်ချင်မပြေသေးဘူးဆိုရင် တောက်ပတဲ့ အလင်းရောင်ကို ကြည့်ပါတဲ့။ တစ်ချို့ယောဂီတွေ အလင်းရောင်ကို ကြည့်ကြပါတယ်။ ဒီရဟန်းလည်း အလင်းရောင်ကို ကြည့်ဖို့ ဖြစ်နိုင်မှာပါ။ ဒါကြောင့် မြတ်စွာဘုရားက အလင်းရောင်ကိုကြည့်ဖို့ မိန့်တော်မူတာပါ။ ဒါလည်း စိတ်ကို လှုံ့ဆော်နိုင်တာပါပဲ။

ဒါမှ အိပ်ချင်မပြေဘူးဆိုရင် . . . ဘုရားရှင် မိန့်တော်မူပါတယ် . . . အိပ်လိုက်ပါတော့တဲ့။

အိပ်လိုက်ပါလို့ ဘာ့ကြောင့် မိန့်တော်မူတာလဲ။ ဘုရားရှင်က အဲဒီ ရဟန်းတော်ကို ဘာဖြစ်လို့ အိပ်ဖို့ တိုက်တွန်းတော်မူတာလဲ။

ယောဂီ။  ။ ခန္ဓာကိုယ် ပင်ပန်းရင် အနားယူဖို့ လိုအပ်လို့ မဟုတ်လား။

ဆရာကြီး။  ။ ဟုတ်ပါတယ် အဲဒီလိုပါ။ ခန္ဓာကိုယ် တကယ် ပင်ပန်းတာလား စိတ်က ထင်နေတာလား သိနိုင်ဖို့ ဒီနည်းစနစ်က ဒီစမ်းသပ်မှုက အကူအညီ ပေးပါလိမ့်မယ်။ တစ်ခါတစ်လေ . . . ဆိုပါစို့ အများအားဖြင့် . . . ပင်ပန်းမှုဟာ ခန္ဓာကိုယ် ပင်ပန်းတာ မဟုတ်ဘဲ စိတ် ပင်ပန်းတာ ဖြစ်နေတတ်ပါတယ်။ ကိုယ်ပင်ပန်းတာလား စိတ်ပင်ပန်းတာလား သိရအောင် နည်းအမျိုးမျိုးနဲ့ စမ်းကြည့်ဖို့ ဘုရားရှင်က ရဟန်းတော်ကို အားပေးတိုက်တွန်းတော်မူတာပါ။ နည်းအားလုံးနဲ့ အဆင်မပြေဘူးဆိုရင် ခန္ဓာကိုယ် ပင်ပန်းတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ် ကြင်နာတတ်အောင် လေ့ကျင့်သင့်ပါတယ်။

ကိုယ့်စိတ် ကိုယ့်ကိုယ်အကြောင်း၊ ကိုယ်နဲ့စိတ် အလုပ်လုပ်နေပုံတွေ။ ဒါတွေကို ရဟန်းတော်တွေ ယောဂီတွေ ကိုယ်တိုင် ရှာဖွေဖော်ထုတ်ကြဖို့ ဘုရားရှင် အားပေးတော်မူခဲ့တာဟာလည်း စိတ်ဝင်စားစရာပါ။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို လေ့လာစောင့်ကြည့်ဖို့၊ ရှာဖွေဖော်ထုတ်ဖို့ ကျွန်တော် ပြောတာလည်း ဒီ အဓိပ္ပာယ်ပါပဲ။ ကျွန်တော်တို့စိတ်နဲ့ ကျွန်တော်တို့ကိုယ်ဟာ ကျွန်တော်တို့နဲ့ နီးစပ်နေတာပါ။ ကျွန်တော်တို့က သူတို့ကို မလေ့လာ မဖော်ထုတ် မစမ်းသပ်တော့ သူတို့က ကျွန်တော်တို့နဲ့ ဝေးနေပါတယ်။ ဒါကြောင့် ဘာဝနာအလုပ်ကို စိတ်အခြေအနေ တစ်ခုခု ရရှိမယ့် အကျင့်လို့ မမြင်သင့်ပါဘူး။ လေ့လာမှု၊ ဖော်ထုတ်မှု၊ စူးစမ်းမှုလို့ မြင်ပါ။ ဘာဝနာအပေါ် လှလှပပ ရှုမြင်နည်း ဖြစ်ပါတယ်။

အတွေးများ

နံနက်ခင်း ဘာဝနာချိန်ပြီးတော့ (၆)နာရီကနေ (၆)နာရီ မိနစ် (၃၀)အထိ လက်ဖက်ရည် သောက်ခဲ့ကြပါတယ်။ အပြင်ထွက်ပြီး အရာဝတ္ထုတွေကို စူးစူးစိုက်စိုက် ကြည့်ဖို့၊ ပြတ်ပြတ်သားသား မြင်အောင်ကြည့်ဖို့ အကြံပေး တိုက်တွန်းခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အတွေ့အကြုံကို မျှဝေမယ့်သူ ရှိပါသလား။

ယောဂီ။  ။ ဒီနေ့ ဆရာကြီး သင်ပေးခဲ့တဲ့ အပေါ်မှာ ကျွန်တော် မြင်မိတာကို မျှဝေချင်ပါတယ်။  ဒီနေ့ သင်ပေးတဲ့ ကမ္မဋ္ဌာန်းနည်းဟာ တကယ့်ကို အသုံးဝင်တယ်ဆိုတာ သိလိုက်ရပါတယ်။ အမေက သားကို စောင့်ကြည့်သလို ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ဖို့ ပြောခဲ့ပါတယ်။ ဒီလို သဘောထားနဲ့ အားထုတ်နေရင်း တကယ့်ကို ကျေကျေနပ်နပ်ကြီး ခံစားလိုက်ရပါတယ်။ အသက်ရှူမှု အပေါ်မှာ၊ ပေါ်လာသမျှ အတွေး၊ ခံစားချက်၊ အတွေ့အထိ အားလုံးအပေါ်မှာ သားကို စောင့်ကြည့်တဲ့ မိခင်တစ်ယောက်ရဲ့ သဘောထားမျိုးနဲ့ စောင့်ကြည့်နိုင်ခဲ့ပါတယ်။ အတွေးတွေးကို မတွယ်တာဘူး၊ တည်တည်ငြိမ်ငြိမ် နေနိုင်တယ်လို့ ခံစားမိပါတယ်။

ဆရာကြီး။  ။ ဒီလို သဘောထားမျိုး ထားရှိနိုင်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဖြစ်ပေါ်လာသမျှနဲ့ ရင်းရင်းနှီးနှီး ရှိဖို့၊ သိမ်မွေ့ဖို့၊ သိရုံလေး သိနေဖို့ လိုပါတယ်။ ဘာတွေပဲ ဖြစ်နေဖြစ်နေ ဆန့်ကျင်ပြီး မတုံ့ပြန်ဘဲ ဖော်ဖော်ရွေရွေ ဖြစ်နိုင်အောင် လေ့ကျင့်ရပါမယ်။ စောစောက ယောဂီ ပြောခဲ့သလို ချက်ချင်းပဲ သက်သာရာ ရနိုင်ပါတယ်။  ဖော်ရွေတဲ့ သဘောထား ရှိမယ်ဆိုရင် လွတ်မြောက်ရာ ရနိုင်ပါတယ်။ ဆန့်ကျင်တုံ့ပြန်မှုဟာ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်တွင်းအဇ္ဈတ္တမှာ ပေါ်လာတာပဲဖြစ်ဖြစ် ပြင်ပဗဟိဒ္ဓက အရုံပဲဖြစ်ဖြစ် အားလုံးအပေါ်မှာ ဒီလို သဘောထား ထားရှိရပါမယ်။ ပြင်ပအာရုံတွေကို ဆန့်ကျင်တုံ့ပြန်ရာက ဆင်ရဲဒုက္ခ ဖြစ်ပေါ်လာတာ များပါတယ်။ ဆန့်ကျင်တုံ့ပြန်တာ မဟုတ်ဘဲ၊ ဖော်ဖော်ရွေရွေနဲ့ ချဉ်းကပ်နည်း ရှိပါတယ်။ ဖြစ်ပေါ်တာကို သိရုံပဲ သိနေတာပါ။ ဖော်ဖော်ရွေရွေ သဘောထားတယ်ဆိုတာ ဖြစ်ပေါ်နေတာတွေကို အလျှော့ပေးတာ မဟုတ်ပါဘူး။ ရင်းရင်းနှီးနှီး သိမ်သိမ်မွေ့မွေ့နဲ့ ဆက်ဆံတာပါ။ မတူတာကို နားလည်သင့်ပါတယ်။ အလျှော့ပေးတာ မဟုတ်ဘူး၊ ဆက်ဆံနည်း တစ်မျိုးသာ ဖြစ်တယ်ဆိုတာ နားလည်ထားဖို့ လိုပါတယ်။

 (၆)နာရီကနေ (၆)နာရီ (၃၀)အထိ လက်ဖက်ရည်သောက်ချိန်မှာ ကြုံခဲ့ရတဲ့ တစ်ခြားအတွေ့အကြုံတွေ ရှိပါသေးလား။


:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment