ဧကစာရီ ပြင်ပကမ္မဋ္ဌာန်း
နောက်
အစီအစဉ်တစ်ခုကို ဧကစာရီ ပြင်ပကမ္မဋ္ဌာန်းလို့ နာမည်ပေးထားပါတယ်။ ဧကစာရီ ပြင်ပကမ္မဋ္ဌာန်းရဲ့
သဘောလက္ခဏာ တစ်ခုက အချိန်အတော်ကြာအောင် ကိုယ့်ဟာကိုယ် နေတတ်အောင် လေ့ကျင့်ရတာ
ဖြစ်ပါတယ်။ ဒီမှာ တော်တော်လေး သာယာတဲ့ နေရာတွေ ရှိပါတယ်။ ကိုယ်တစ်ယောက်တည်း
လွတ်လွတ်ကင်းကင်း နေနိုင်မယ့် နေရာကို ရှာပါ။ ကိုယ် တစ်ယောက်တည်း ရှိနေတဲ့ အခါမှာ
ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆက်ဆံမိသလဲ သိရအောင် သတိထားကြည့်ပါ။ ခဏကြာလာတာနဲ့
အထီးကျန်မှု၊ ပျင်းရိငြီးငွေ့မှုကို ခံစားရသလား သတိထားကြည့်ပါ။ အထီးကျန် မခံစားရဘဲ၊
မပျင်းရိ မငြီးငွေ့ဘဲ ကိုယ်တစ်ယောက်တည်း အချိန်တော်တော်ကြာအောင် မနေနိုင်ဘူးဆိုတဲ့
အချက်ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် မနှစ်သက်တဲ့သဘော
သက်ရောက်နေပါရောလား။ တစ်ချို့ကိစ္စတွေ ကျွန်တော်တို့ လုပ်ဆောင်ကြတာဟာ . . .
ကိုယ့်ကိုယ်ကိုယ်ကနေ လွတ်မြောက်ဖို့ လုပ်နေကြတယ် ဆိုတာကို ပြသနေပါတယ်။ မနက်ဖြန်ကျရင်
ကိုယ့်ကိုယ်ကိုယ်ကနေ လွတ်မြောက်ဖို့ မကြိုးစားမိအောင် ကြိုးစားကြမယ်။ ကိုယ်ကိုယ်တိုင်
ကိုယ်နဲ့အတူ ရှိနိုင်အောင် ကြိုးစားကြမယ်။ အထီးကျန် ခံစားရတယ်၊
ပျင်းရိငြီးငွေ့လာတယ်ဆိုရင် အလျှော့မပေးလိုက်ဘဲ အတွေ့အကြုံကနေ လေ့လာသင်ယူကြမယ်။ အထီးကျန်မှု၊
ပျင်းရိငြီးငွေ့မှုကို တွေ့ကြုံခံစားရင်း ကိုယ်ကိုယ်တိုင် ကိုယ်နဲ့ အဆက်အသွယ်ရဖို့
စတင်လုပ်ဆောင်ကြမယ်။ အဲဒီကနေ . . . ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အကောင်းဆုံး
မိတ်ဆွေဖြစ်အောင် လေ့လာကြမယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို ကပ်နေအောင် လေ့ကျင့်ကြမယ်။
နောက်တစ်ခုက
. . . သဘာဝ တရားကို နားလည်ခံစားနိုင်စွမ်း မြင့်မားလာအောင် လေ့ကျင့်ဖို့
ဖြစ်ပါတယ်။ ဒီကိုရောက်ပြီး လကို မြင်လိုက်ရတော့ ကျွန်တော် တော်တော် ပျော်သွားတယ်။ ကောင်းကင်ထဲမှာ
ကြယ်တွေကို မြင်ရတယ်။ ပတ်ဝန်းကျင်က ပိုးပွားတွေ မြည်သံကို ကြားရတယ်။ လှပတဲ့
သစ်ပင်တွေ၊ လှပတဲ့ ပန်းတွေကိုလည်း မြင်နိုင်တယ်။ ဒါတွေ အားလုံးက ကျွန်တော့်ကို
ပျော်ရွှင်စေပါတယ်။ ဒီ ခေတ်သစ် ကမ္ဘာမှာ ဒီလို သဘာဝတရားကို နားလည်ခံစားနိုင်စွမ်း
ပျောက်ဆုံးသွားပြီလို့ ထင်မိပါတယ်။ သဘာဝတရားနဲ့ ရင်းရင်းနှီးနှီး မရှိကြတော့ဘူး။ အရေးကြီးတဲ့
ဒီ အရည်အသွေးကို ဖွံ့ဖြိုးအောင်လုပ်ဖို့၊ သဘာဝတရားကို နားလည်ခံစားနိုင်စွမ်း
မြင့်မားအောင် လုပ်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ်နဲ့ သဘာဝတရား တစ်သားတည်း
မြင်နိုင်အောင် လေ့ကျင့်ပါ။ သဘာဝတရားရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်အောင် လေ့လာပါ။
အရာရာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်နိုင် ကြားနိုင်အောင် လေ့ကျင့်ပါ။
ဧကစာရီ ပြင်ပကမ္မဋ္ဌာန်းချိန်မှာ လုပ်ဆောင်နိုင်တာတွေကို ဆက်လက်ပြီး အကြံပြု
တင်ပြပါဦးမှာပါ။
နေ့လယ်စာချိန်၊
နားချိန်နှင့် ဆွေးနွေးမေးမြန်းချိန်
အဲဒါပြီးတော့
နေ့လယ်စာ စားကြပါမယ်။ နေ့လယ်စာပြီးရင် ခဏနားချိန် ရပါတယ်။ နေ့စဉ်နေ့တိုင်း
စောစောထရမှာ ဖြစ်တဲ့အတွက် အနားယူဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်
ဖော်ဖော်ရွေရွေဖြစ်အောင် လေ့ကျင့်သင့်ပါတယ်။ နားပြီးရင် ဧကစာရီ ပြင်ပကမ္မဋ္ဌာန်း
နောက်တစ်ချိန် ရှိပါသေးတယ်။ ဧကစာရီ ပြင်ပကမ္မဋ္ဌာန်း မနက်တစ်ချိန်၊ ညနေတစ်ချိန်။
ဒီနှစ်ချိန် အတွင်းမှာ ကျွန်တော် ခင်ဗျားတို့နဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်းစီ
တွေ့ချင်ပါတယ်။ ခင်ဗျားတို့ နာမည်တွေ ရေးဖို့ စာရွက်တစ်ရွက် ရှိပါလိမ့်မယ်။ မနက် လေးယောက်၊
ညနေ လေးယောက်လောက် တွေ့ချင်ပါတယ်။ ကျွန်တော်နဲ့ လာတွေ့ကြပြီး အားထုတ်ရင်း ကြုံရတဲ့
ပြဿနာတွေ၊ အခက်အခဲတွေကို ဆွေးနွေးနိုင်ပါတယ်။ တစ်ကိုယ်ရေ ပြဿနာတွေရှိရင် ပြောကြပါ။
ခင်ဗျားတို့ရဲ့ အခက်အခဲတွေ ပြဿနာတွေကို ဘာဝနာနည်းနဲ့ ကြိုးစားပြီး ကူညီဖြေရှင်း
ပေးပါ့မယ်။
ယောဂ
အဲဒါပြီးရင်
ယောဂ လေ့ကျင်ခန်းပါ။ တကယ်တော့ ယောဂနဲ့ ဘာဝနာ ဆက်စပ်မှုကို ခင်ဗျားတို့ သိပါတယ်။ ယောဂ
လေ့ကျင့်ခန်းမှာ ကိုယ်ခန္ဓာကို အာရုံစိုက်ရတာ ပါပါတယ်။ ခန္ဓာကိုယ်နဲ့ ဆက်သွယ်မိဖို့၊
ခန္ဓာကိုယ်နဲ့ မိတ်ဆွေဖွဲ့ဖို့၊ ခန္ဓာကိုယ်အပေါ် ကြင်ကြင်နာနာရှိဖို့ အရေးကြီးပါတယ်။ ယောဂမှာ
အရေးကြီးတာ တစ်ခုက . . . ပြေပြေလျော့လျော့ ဖြစ်နေအောင် လေ့ကျင့်ရပါတယ်။ ပြေပြေလျော့လျော့ဖြစ်အောင်
လေ့ကျင့်နိုင်တယ်ဆိုရင် ကိုယ်နဲ့စိတ်ကို ဖြေလျှော့ထားရတဲ့ ဘာဝနာ အလုပ်မှာ
အထောက်အကူ ရပါတယ်။ ထိုင်ခြင်း ဣရိယာပုထ်ကြောင့်၊ ဒါမှမဟုတ် တစ်ခြားအကြောင်းကြောင့်
ခန္ဓာကိုယ်မှာ တင်းကြပ်မှုတွေ၊ နာကျင်မှုတွေ ရှိနိုင်ပါတယ်။ မသက်မသာ
ဖြစ်နေနိုင်ပါတယ်။ အဲဒါတွေအတွက် ယောဂလေ့ကျင့်ခန်းက အထောက်အပံ့ ပေးပါလိမ့်မယ်။ ကူညီပံ့ပိုးပေးမယ့်
ယောဂဆရာကောင်းတစ်ယောက် ရှိနေတာ . . . ခင်ဗျားတို့ ကံကောင်းပါတယ်။
သွားရေစာနှင့်
ညနေခင်း လုပ်ဆောင်ဖွယ်
ယောဂပြီးရင်
အုပ်စုလိုက် အားထုတ်ကြပါမယ်။ အုပ်စုလိုက် အားထုတ်ပြီးရင် သွားရေစာ ရှိပါတယ်။ သွားရေစာဆိုတဲ့
စကားလုံးကို ကျွန်တော် သဘောကျပါတယ်။ ညနေစာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့်
ခင်ဗျားတို့ ညနေစာ စားနေကျ ထင်ပါတယ်။ မနက်ဖြန်မှာတော့ သွားရေစာပဲ စားရပါလိမ့်မယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့ လေ့လာစရာ အတွေ့အကြုံပါ။
သွားရေစား
စားပြီးခင် ခဏ တရားထိုင်ပါမယ်။ တရားထိုင်ပြီးရင် ဆွေးနွေးကြပါမယ်။ ဆွေးနွေးပွဲပြီးရင်
ဝတ်ရွတ်စဉ် ရှိပါလိမ့်မယ်။ အဲဒါပြီးရင် တစ်နေ့တာကို မေတ္တာ ဘာဝနာနဲ့ အဆုံးသတ်ပါမယ်။
မနက်စောစော
ထရမှာ ဖြစ်တဲ့အတွက် ညကိုးနာရီမှာ အိပ်ယာဝင်ကြပါမယ်။
ကင်းဆိတ်ငြိမ်သက်ခြင်း
အရေးကြီးတာ
နောက်တစ်ခုက . . . တိတ်တိတ်ဆိတ်ဆိတ် နေတတ်အောင် လေ့ကျင့်ကြပါမယ်။ တရားဓမ္မမှာ
အဲဒါကို မြင့်မြတ်တဲ့ တိတ်ဆိတ်မှုလို့ ခေါ်ပါတယ်။ အလွန်မြင့်မြတ်တဲ့ တိတ်ဆိတ်နိုင်မှု
စွမ်းရည်ကို မြှင့်တင်ကြပါမယ်။ ကျွန်တော်တို့မှာ ပြောတာဆိုတာတွေ စွဲစွဲမြဲမြဲ
အကျင့်ပါနေပါတယ်။ တိတ်ဆိတ်ခြင်းနဲ့ သတိတို့ ဆက်သွယ်နေတာကိုလည်း ခင်ဗျားတို့
သိရပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင် ကိုယ်နဲ့အတူ ရှိနေအောင် တိတ်ဆိတ်မှုက
လုပ်ပေးနိုင်ပါတယ်။ တစ်ချိန်လုံး၊ ဒါမှမဟုတ် အချိန်အများစုမှာ ကိုယ့်စိတ်နဲ့
ကိုယ့်ကိုယ် အတူရှိနေအောင် တိတ်ဆိတ်မှုက လုပ်ပေးနိုင်ပါတယ်။
ဒီနေရာမှာ
မေးခွန်းထုတ်နိုင်ပါတယ်။ တိတ်ဆိတ်နေရင်းနဲ့ မေတ္တာထားလို့ ရနိုင်ပါသလား။
တိတ်ဆိတ်နေရင်းနဲ့လည်း တစ်ခြားလူတွေ့နဲ့ ဆက်ဆံနိုင်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်
မေတ္တာပွားပြီး သူတစ်ပါးနဲ့ အဆက်အသွယ် လုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စကားလုံးနေနဲ့
ဆက်ဆံတာကိုသာ သိကြပါတယ်။ ဒီ တရားစခန်းမှာတော့ သူတစ်ပါးနဲ့ ဆက်ဆံရာမှာ
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆက်ဆံတတ်အောင် လေ့ကျင့်နိုင်ပါတယ်။ နည်းတစ်ခုက . . . ကိုယ့်
အနီးအနားက လူတွေကို သတိထားမိအောင် လေ့ကျင့်တာ ဖြစ်ပါတယ်။ နောက်တစ်နည်းက ကိုယ့်ဘေးက
လူကို ပြုးပြလိုက်တာ ဖြစ်ပါတယ်။ သူတစ်ပါးနဲ့ ဆက်ဆံနည်းတွေ ရှိပါတယ်။ ဘေးပတ်ဝန်းကျင်ကို
ကြည့်လိုက်တဲ့ အခါမှာ၊ လူတွေကို အကဲခတ်ကြည့်တဲ့ အခါမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ
သူတစ်ပါးကို ကူညီနိုင်မယ့် အခွင့်အရေးတွေ တွေ့နိုင်ပါတယ်။ စကားလုံး မပါဘဲ
တိတ်ဆိတ်နေရင်း သူတစ်ပါးနဲ့ ဆက်သွယ်နိုင်စွမ်းကို ဖွံ့ဖြိုးအောင် လုပ်စေချင်ပါတယ်။
နှုတ်မဟဘဲ နက်နက်နဲနဲ ဆက်သွယ်နိုင်ရဲ့လား သုံးသပ်ကြည့်ပါ။
တံခါးများ
နောက်တစ်ခု
ညွှန်ပြချင်တာက . . . ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ တံခါးတွေ ရှိပါတယ်။ တံခါး
ဖွင့်တဲ့အခါ ပိတ်တဲ့အခါတွေမှာ သတိကြီးကြီး ထားရပါတယ်။ မဟုတ်ရင် ဆူဆူညံညံ
ဖြစ်သွားပါလိမ့်မယ်။ ဒီလို လုပ်တာဟာ သတိကောင်းဖို့ အထောက်အကူ ရပါတယ်။ တစ်ခြားလူတွေကို
နားလည်ခံစားနိုင်စွမ်း ဖွံ့ဖြိုးအောင် လေ့ကျင့်ဖို့ အထောက်အကူ ရပါတယ်။ တစ်နည်းအားဖြင့်
တစ်ခြားသူတွေနဲ့ ဆက်ဆံတာလည်း ဖြစ်ပါတယ်။ ကိုယ့်လုပ်ရပ်ကြောင့် သူတစ်ပါး
အနှောင့်အယှက် မဖြစ်အောင် တံခါးကို ဖြည်းဖြည်းပဲ ဖွင့်ပါမယ်။ ဖြည်းဖြည်းပဲ ပိတ်ပါမယ်။
ဒီလို အသေးအဖွဲကိစ္စ၊ တံခါးအဖွင့် အပိတ်လုပ်တာကနေ တရားစွမ်းရည် ထက်မြက်လာအောင်
လုပ်နိုင်ပါတယ်။
မေတ္တာအကြောင်း
ရေးသားထားတဲ့ စာအုပ်လေးထဲမှာ စိတ်ဝင်စားစရာ အကိုးအကားတစ်ခု ပါပါတယ်။ ဘုရားရှင်က
ရဟန်းတော်တွေကို မိန့်တော်မူပါတယ်။ လက်ဖျစ်တစ်တွက် အချိန်လေး
မေတ္တာပွားနိုင်တယ်ဆိုရင် ရဟန်းဘ၀နဲ့ ထိုက်တန်ပြီလို့ မိန့်တော်မူပါတယ်။ လက်ဖျစ်တီးဖို့အတွက်
တစ်စက္ကန့်ရဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲ အချိန်ကြာပါတယ်။ တစ်စက္ကန့်ရဲ့
အစိတ်အပိုင်း တစ်ခုလောက် ဖြစ်ဦးတော့ မေတ္တာပွားလို့ ရတယ်ဆိုတာ ဖော်ပြနေပါတယ်။ မေတ္တာကိစ္စတွေ
ဆောင်ရွက်နေချိန်မှာ ထူးခြားမှု ရှိပါတယ်။ အလုပ်က သေးငယ်ပေမယ့် မေတ္တာတရားတွေ အများကြီး
ပါဝင်ပါတယ်။
ခဏလောက်
နားချင်ပါတယ်။ မေးစရာရှိရင်၊ ရှင်းလင်းဖို့ လိုအပ်ရင် ဆွေးနွေး မေးမြန်းနိုင်ပါတယ်။
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို
နားလည်သလို
ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale
No comments:
Post a Comment