(. . . . .မှ အဆက်)
ဘာဝနာကမ္မဋ္ဌာန်း အတွေ့အကြုံ
(တစ်ရက်တရားစခန်း၊ ဟောင်ကောင်၊ ၁၂ အောက်တိုဘာ၊ ၁၉၉၇)
၂။ ဘဝနှင့်ဘာဝနာ ပေါင်းစပ်နည်း
ဆရာကြီး။ ။ ဘဝနှင့် ဘာဝနာ ပေါင်းစပ်နည်းကို ဟောပြောပါမယ်။ အပြည့်အဝ အာရုံစိုက်ထားပြီး ဂရုတစိုက် နားထောင်ကြပါ။
နှစ်မြှုပ်ထားခြင်း
ဘဝမှာ ဦးစားပေးရမယ့် အရာတွေကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ ဘဝမှာ ဦးစားပေးရမယ့် စာရင်းထဲမှာ ဘာဝနာ ကမ္မဋ္ဌာန်း ပါသလား . . . ရှင်းရှင်းလင်းလင်း ရှိဖို့ လိုပါတယ်။ ဘာဝနာ အလုပ်မှာ နှစ်မြှုပ်နိုင်တယ်ဆိုရင် တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ပြောမှာ မဟုတ်ပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း နားလည်ပါ။
အသိသတိ
ဒုတိယ အချက်က . . . ဒီနေ့ ကျွန်တော်တို့ အားထုတ်နေတဲ့ တရား ဖြစ်ပါတယ်။ ကျွန်တော် ဦးစားပေး ညွှန်ကြားနေတဲ့ တကယ် အရေးကြီးတဲ့ တရားပါ။ စိတ်ထဲ ကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကို သိရုံလေး သိနေတဲ့ အကျင့် ဖြစ်ပါတယ်။ ဒီလို မသိနိုင်ရင် ကျွန်တော်တို့ဟာ စက်ရုပ်လို ဖြစ်လာကြပါတယ်။ စက်တွေဟာ ထိထိရောက်ရောက် အစွမ်းထက်ထက် လည်ပတ်နိုင်ပါတယ်။ ဒါပေမယ့် လည်ပတ်မှုကို စက်တွေက မသိနိုင်ပါဘူး။ နားမလည်နိုင်ပါဘူး။ မခံစားနိုင်ပါဘူး။
ကျွန်တော်တို့ စိတ်ထဲ ကိုယ်ထဲမှာ ဘာဖြစ်နေတယ် ဆိုတာကို နေ့စဉ်ဘဝမှာ သိမြင်နားလည်နိုင်ပါတယ်။ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက် နေတာတွေက . . . ကျင့်သားရနေလို့ စက်ရုပ်လို အလုပ်လုပ်နေကြတာပါ။ ဆိုပါစို့ . . . သွားတိုက်တာ၊ ခေါင်းဖြီးတာ၊ အဝတ်အစား ဝတ်ဆင်တာတွေပါ။ ဒီလို သေးငယ်တဲ့ ကိစ္စတွေ၊ အသေးအဖွဲတွေကို သတိနဲ့ ဆောင်ရွက်နိုင်အောင် ကြိုးစားပါ။ ကိုယ် လုပ်နေတာကို သိအောင် ကြိုးစားပါ။ လုပ်ကိုင်ဆောင်ရွက်နေချိန်မှာ အပြည့်အဝ အာရုံးစူးစိုက်နိုင်အောင် ကြိုးစားပါ။ အိမ်မှာပဲ ဖြစ်ဖြစ်၊ ကားနဲ့ ခရီးသွားနေတာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်း စိတ်ထဲ ကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကို သတိထားနိုင်အောင်၊ သိမှတ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ ဘဝနဲ့ ဘဝနာ ပေါင်းစပ်ဖို့ တစ်ခုတည်းသောနည်းပဲ ဖြစ်ပါတယ်။
အတွေးစိတ်ကူး
နောက်တစ်ခု အလေးပေးချင်တာက ကျွန်တော်တို့ရဲ့ အတွေးစိတ်ကူးတွေ ဖြစ်ပါတယ်။ ကိုယ့်အတွေးတွေက ဘာတွေလဲ၊ အတိတ် အတွေးတွေလား၊ အနာဂတ် အတွေးတွေလား၊ ကိုယ့်အကြောင်းကိုယ် တွေးတာလား၊ သူများအကြောင်း တွေးတာလား တစ်နေ့တာလုံး သတိမပြတ် သိမှတ်နိုင်အောင် ကြိုးစားပါ။ အိပ်ယာနိုးတာကနေ အိပ်ပျော်တဲ့အထိ စိတ်ထဲမှာ ဒီအတွေးတွေ ရှိပါတယ်။ အတွေးတွေ မရပ်နားပါဘူး။ ဒါတွေကို လေ့လာနိုင်အောင် အားစိုက်ဖို့ လိုပါတယ်။ ကိုယ့်အတွေးကိုယ် လေ့လာခြင်းအားဖြင့် ကိုယ် ဘယ်လိုလူ ဖြစ်တယ်ဆိုတာကို နားလည်နိုင်ပါတယ်။ ကိုယ့်အကြောင်းကိုယ် သိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်ပါတယ်။ ဘာဝနာ အလုပ်မှာ ဒါဟာ တကယ့်ကို အရေးကြီးပါတယ်။
စိတ်ခံစားမှု
ဒါနဲ့ ဆက်စပ်တဲ့ နောက်တစ်ခုက . . . နေ့စဉ်ဘဝမှာ ပြဿနာက . . . ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေ ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခတွေ၊ အကြပ်အတည်းတွေ ဖန်တီးပေးတဲ့ မနှစ်သက်စရာ စိတ်ခံစားမှုတွေ ဖြစ်ပါတယ်။ တရားအားထုတ်တဲ့ ယောဂီ မဟုတ်ဘူးဆိုရင် ဒီ စိတ်ခံစားမှုတွေ ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာကို မသိနိုင်ပါဘူး။ လူတွေမှာ ဖြစ်နေတာက . . . ဒီ စိတ်ခံစားမှုတွေကြောင့် ဆင်းရဲရပါတယ်။ ဒါပေမယ့် ဘာကြောင့် ဆင်းရဲရတယ် ဆိုတာကို လူတွေ မသိကြပါဘူး။ ဒါကြောင့် ဒုက္ခ မဆုံးနိုင်တာပါ။ စိတ်ခံစားမှုတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအခြင်းအရာ ဆက်စပ်မှု ဖြစ်စဉ်သဘောကို နားလည်တယ်ဆိုရင်၊ အတွေးစိတ်ကူးနဲ့ စိတ်ခံစားမှု တိုက်ရိုက် ဆက်စပ်ပုံကို နားလည်တယ်ဆိုရင် စိတ်ခံစားမှုတွေနဲ့ အဆင်ပြေပါတယ်။ စိတ်ခံစားမှုတွေကို ကမ္မဋ္ဌာန်းအာရုံအဖြစ် အသုံးချနိုင်ပါတယ်။
မနှစ်သက်ဖွယ် အတွေ့အကြုံ
နောက်တစ်ခုက ကျွန်တော် ဦးစားပေး ပြောနေကျပါ။ နေ့စဉ်ဘဝမှာ အရေးကြီးပါတယ်။ မနှစ်သက်စရာ အတွေ့အကြုံကို လေ့လာစုံစမ်းဖို့ ဖြစ်ပါတယ်။ ကိုယ့်ကို နှောက်ယှက်နေတဲ့၊ ကိုယ့်ကို ဒုက္ခပေးနေတဲ့ မနှစ်သက်စရာ အတွေ့အကြုံကို ကမ္မဋ္ဌာန်းအာရုံဖြစ်အောင် လုပ်ဖို့ပါပဲ။ ခင်ဗျားတို့ မှတ်မိကြမှာပါ။ ဒီနေ့ တရားထိုင်ချိန်တုန်းက အသံကြီးတစ်သံ ကြားလိုက်ရပါတယ်။ အဲဒီ အဆင့်မှာ အသံကို နားထောင်ဖို့ ကျွန်တော် အကြံပြုခဲ့ပါတယ်။ ပထမဆုံး ကြားဖူးတဲ့ အသံကို နားထောင်သလို နားထောင်ဖို့ အကြံပေးခဲ့ပါတယ်။ မဟုတ်ရင် ဆူသံလို့ ထင်မိပါလိမ့်မယ်။ အနှောင့်အယှက်လို့ ထင်မိပါလိမ့်မယ်။ ကျွန်တော်တို့ စိတ်ဆိုးနိုင်ပါတယ်။ ဗဟိဒ္ဓအသံကြောင့် ဆင်းရဲရပါလိမ့်မယ်။ အခြေအနေတိုင်း၊ ဘဝ အတွေ့အကြုံတိုင်းကို ကမ္မဋ္ဌာန်းအာရုံ လုပ်ပြီး အားလုံးဆီကနေ လေ့လာသင်ယူနိုင်ပါတယ်။
ပြဿနာပေးတဲ့ လူတွေနဲ့ ပတ်သက်လို့လည်း အလားတူပါပဲ။ လူမှုဆက်ဆံရေးဟာ နေ့စဉ်ဘဝမှာ ကြုံရတဲ့ အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုပါပဲ။ အိမ်ကလူတွေနဲ့ ဆက်ဆံရပါတယ်။ အလုပ်ခွင်က လူတွေနဲ့ ဆက်ဆံရပါတယ်။ လူမှုဆက်ဆံရေးကနေ ထွက်ပြေးလို့ မရပါဘူး။ ကိုယ့်ဘဝကို ဖျက်ဆီးတဲ့လူ၊ ကိုယ့်အတွက် ပြဿဘနာတွေ ဖန်းတီးတဲ့လူ၊ ကိုယ့်ကို ဒုက္ခရောက်အောင် လုပ်တဲ့လူ . . . ဆိုပါစို့။ အဲဒီလိုလူနဲ့ ဆက်ဆံဖို့ စိတ်ဝင်စားစရာကောင်းတဲ့နည်း ရှိပါတယ်။ အဲဒီလူကို ကိုယ့်ဆရာ၊ ကိုယ့်ဂရုလို သဘောထားပြီး ဆက်ဆံတာ ဖြစ်ပါတယ်။ အဲဒီလူကို အကြောင်းပြုပြီး ကိုယ့်စိတ်ကိုယ် စောင့်ကြည့်လေ့လာနိုင်ပါတယ်။ အဲဒီလူ့အပေါ် ကိုယ့်ရဲ့ တုံပြန်မှုတွေကို စောင့်ကြည့်နိုင်ပါတယ်။ အဲဒီလူက ပြဿနာမဟုတ်ဘူး၊ သူ့ကို ကိုယ် ဆက်ဆံပုံ တု့ံပြန်ပုံကသာ ပြဿနာ ဖြစ်တယ်ဆိုတာကို နားလည်ပါ။
ဒါဟာ ဗုဒ္ဓဒေသနာတော်ရဲ့ အလှတရား ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခက အပြင်မှာ ရှိတယ်ဆိုရင် ကျွန်တော်တို့ ဆင်းရဲဒုက္ခက မလွတ်မြောက်နိုင်ပါဘူး။ ဒါပေမယ့် ဆင်းရဲဒုက္ခကို ကိုယ်ကိုယ်တိုင် ဖန်တီးနေတာ ဖြစ်တဲ့အတွက် ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ကိုယ့်ဟာကိုယ် လုပ်နိုင်ပါတယ်။ တစ်ခါတစ်ခါ . . . ဘာဝနာဆိုတာ ကိုယ်ဖန်တီးထားတဲ့ ရောဂါအတွက် ကိုယ့်ဟာကိုယ် ဆေးဝါးရှာဖွေတာ ဖြစ်တယ်လို့ ကျွန်တော် ဖွင့်ဆိုပါတယ်။ ရောဂါကို ကိုယ်တိုင် ဖန်တီးတာ ဖြစ်တဲ့အတွက် ကိုယ်ဟာကိုယ် ဆေးဝါးရှာဖို့ လိုပါတယ်။
ဘာဝနာဟာ ဆေးဖြစ်တယ်လို့ သိပြီးတဲ့ အခါမှာ အဲဒီဆေးကို အသုံးပြုရပါမယ်။ အဲဒီဆေးကို နေ့စဉ်ဘဝမှာ အသုံးချရပါမယ်။ တစ်ခါတစ်ခါမှာ ဆေးက ဆိုးတယ် ဆိုတာကို ခင်ဗျားတို့ သိပါတယ်။ ဆေးဟာ အမြဲတမ်း မချိုနိုင်ပါဘူး။ အမြဲတမ်း စားလို့ မကောင်းနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ကုသချင်တယ်ဆိုရင် မကောင်းတဲ့ဆေးကိုပဲ စားသုံးရပါမယ်။ ကျွန်တော်တို့မှာ မနှစ်သက်စရာ အတွေ့အကြုံတွေ ရှိပါတယ်။ ကာယိကဒုက္ခ၊ စေတသိကဒုက္ခတွေဟာ နှစ်သက်စရာ မဟုတ်တာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောထားတဲ့အတိုင်း . . . သူတို့ဆီကနေ လေ့လာသင်ယူရပါမယ်။ သူတို့ကို ကမ္မဋ္ဌာန်းအာရုံ လုပ်ရပါမယ်။
ရုပ်ဝါဒနှင့် ထုတ်လုပ်သုံးစွဲရေးဝါဒ
နေ့စဉ်ဘဝ စိန်ခေါ်မှု နောက်တစ်ခုက ရုပ်ဝါဒဖြစ်ပါတယ်။ များများထုတ်လုပ် များများသုံးစွဲ မူဝါဒ ဖြစ်ပါတယ်။ ဒီနိုင်ငံလို ချမ်းသာတဲ့ နိုင်ငံထဲ နေထိုင်တဲ့ အခါမှာ တစ်သီးတစ်ခြား ကင်းလွတ်လို့ မရပါဘူး။ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး မသိနိုင်ပါဘူး။ ပတ်ဝန်းကျင်ကြောင့် လိုအင်ဆန္ဒ ဖြစ်ပေါ်ပါတယ်။ တကယ် မလိုအပ်တဲ့ လိုအပ်ချက်တွေ ပေါ်လာပါတယ်။
နေ့စဉ် ဘာဝနာ လုပ်ငန်းမှာ အရေးကြီးတာ တစ်ခုက ရိုးရိုးရှင်းရှင်း နေထိုင်ရှင်သန်ဖို့ ဖြစ်ပါတယ်။ ရိုးရှင်းရတာ၊ ဘဝနေနည်း ရိုးရှင်းအောင် လေ့ကျင့်ရတာဟာ တကယ့်ကို လှပပါတယ်။ လှုံ့ဆော်မှုတစ်ခု ဖြစ်လာပြီ၊ ပစ္စည်းဝယ်ဖို့ လိုအပ်လာပြီ၊ ပစ္စည်းတွေ တွေ့လိုက်ရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် မေးပါ။ ငါ့အတွက် ဒါ တကယ် လိုအပ်သလား၊ ဒါကို ဘာ့ကြောင့် လိုအပ်သလဲ၊ သူများတွေ ဝတ်နေလို့ သူများတွေ သုံးစွဲနေလို့ ကိုယ်လည်း လိုချင်လာတာလား၊ ဒါကို ငါ တကယ် လိုအပ်သလားလို့ မေးခွန်းထုတ်ပါ။ များများထုတ်လုပ်ပြီး များများသုံးစွဲနေတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့အခါ ဒီလို မေးခွန်းထုတ်ဖို့ လိုပါတယ်။
ကိုယ့်ရဲ့ ကျေနပ်မှု၊ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ကိုယ့်ရဲ့ လွတ်လပ်ပေါ့ပါးမှုတွေဟာ ဗဟိဒ္ဓ ဝတ္ထုတွေဆီက လာတာ မဟုတ်ဘူး၊ ပစ္စည်းဝတ္ထုတွေဆီက လာတာမဟုတ်ဘူး၊ ပိုင်ဆိုင်မှုတွေဆီက လာတာမဟုတ်ဘူး၊ ကိုယ် ဝယ်ယူတဲ့ ပစ္စည်းဝတ္ထုဆီက လာတာမဟုတ်ဘူး၊ ကိုယ့် အဇ္စျတ္တက လာတာသာ ဖြစ်တယ်လို့ သဘောပေါက် လာပါလိမ့်မယ်။ ဒါဟာ ဘာဝနာရဲ့ အလှတရား ဖြစ်ပါတယ်။ ပြင်ပ ဝတ္ထုတွေကို မမှီခိုတဲ့ အတွက်ကြောင့် ပြင်ပဝတ္ထု လိုအပ်ချက်တွေ လျော့ကျသွားပါတယ်။ လိုအပ်ချက်တွေ လျော့ကျသွားပါတယ်။ ပျော်ရွှင်ကျေနပ်မှု၊ လွတ်လပ်ပျော်ရွှင်မှုတွေဟာ ကိုယ်တွင်း အဇ္စျတ္တက လာတာပါ။
မေတ္တာဘာဝနာ
နေ့စဉ်ဘဝမှာ ကျင့်သုံးဖို့ အရေးကြီးတဲ့ ဘာဝနာ တစ်ခုက မေတ္တာဘာဝနာ ဖြစ်ပါတယ်။ မေတ္တာဘာဝနာရဲ့ အစိတ်အပိုင်း တစ်ခုက . . . ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ မိတ်ဆွေဖြစ်အောင် လေ့ကျင့်ရတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီလို ဆက်သွယ်နိုင်တယ်ဆိုရင် ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ ဆင်းရဲဒုက္ခတွေ ဖြစ်စေနိုင်တဲ့ မကောင်းမှုတွေ အကုသိုလ်အလုပ်တွေကို ပြုလုပ်မိမှာ မဟုတ်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဖော်ရွေနိုင်မှ သူတစ်ပါးနဲ့လည်း မိတ်ဆွေ ဖြစ်နိုင်ပါတယ်။ ပထမဆုံး ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်တိုင်အတွက် ဖွင့်ထားရပါမယ်။ ပြီးတော့ သူတစ်ပါးအတွက် ဖွင့်ထားရပါမယ်။
မေတ္တာနဲ့ဆိုင်တာတွေ အများကြီး ရှိပါတယ်။ တကယ်တော့ မေတ္တာအကြောင်း ဟောပြောခဲ့ပြီးသားပါ။ အဲဒီနေ့က မေတ္တာအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ် ဝေပေးခဲ့ပါသေးတယ်။ အဲဒီစာအုပ်ကို ဖတ်ကြည့်ကြပါ။ အခု မေတ္တာနဲ့ ပတ်သက်တာ နှစ်ခုပဲ ပြောချင်ပါတယ်။ တစ်ခုက ခွင့်လွှတ်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက ကျေးဇူးတင်ခြင်း ဖြစ်ပါတယ်။
နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ လိုပါတယ်။ သူတစ်ပါးကိုလည်း ခွင့်လွှတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဘဲ သူတစ်ပါးကိုသာ ခွင့်လွှတ်တယ်ဆိုရင် အတွေ့အကြုံတွေ၊ ရထားတဲ့ ဒဏ်ရာတွေကို မွေးမြူထားသလို ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ပဲ နေ့စဉ်ဘဝမှာ ကိုယ့်အတွက် ဆင်းရဲဒုက္ခ မြောက်များစွာကို ဖန်းတီးမိတတ်ပါတယ်။
ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်ကြတဲ့အတွက် အမှားတွေ လုပ်မိတတ်ကြပါတယ်။ ဒါ့ကြောင့် အမှားလုပ်မိတဲ့ အခါမှာ မှားမိလေချင်းလို့ ဆင်းရဲဒုက္ခ ခံစားစရာ မလိုပါဘူး။ အပြစ်ရှိတယ်လို့ ခံစားစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်စရာ မလိုပါဘူး။ ကိုယ့်အပြစ်ကို ခွင့်လွှတ်နိုင်အောင်၊ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်အောင်သာ လေ့ကျင့်ရမှာပါ။ တစ်ခြားသူတွေလည်း လူသားတွေသာ ဖြစ်ကြတဲ့ အတွက်ကြောင့် သူတို့လည်း အပြစ်မကင်းကြပါဘူး။ အမှားတွေ ကျူးလွန်မိတတ်ပါတယ်။ သူတစ်ပါးကို ခွင့်မလွှတ်နိုင်ဘူးဆိုရင် အမုန်းရန်ငြိုးတွေကို ဆုပ်ကိုင်မိလျက်သား ဖြစ်နေတတ်ပါတယ်။ ကိုယ့်အတွက် ဆိုးရွားတဲ့ အကုသိုလ်ပါပဲ။
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment