(ဘ၀နှင့်ဘာဝနာ
ပေါင်းစပ်နည်း အဆက်)
သူတစ်ပါးနဲ့
ရင်းနှီးဖော်ရွေမှု၊ ကိုယ့်ကိုယ့်ကိုယ် ရင်းနှီးဖော်ရွေမှု၊ သူတစ်ပါးအပေါ်
ခွင့်လွှတ်နိုင်မှု၊ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှုတွေကို ဖွံ့ဖြိုးအောင်
လုပ်နိုင်တာနဲ့အမျှ သူတစ်ပါးအပေါ်မှာ ကြင်နာတတ်အောင် လေ့ကျင့်ရာရောက်ပါတယ်။
သူတစ်ပါးနဲ့ ဆက်ဆံတဲ့ အခါမှာ မေတ္တာထားတတ်အောင် လေ့ကျင့်ရာရောက်ပါတယ်။
မလိုအပ်ဘဲ
ဆင်းရဲဒုက္ခ ခံစားနေကြရတဲ့ လူသားတွေ အများကြီး ရှိပါတယ်။ ဆင်းရဲဒုက္ခ ခံစားနေရတဲ့
လူသားတွေကို တွေ့တဲ့အခါမှာ သူတို့ကို သိမ်သိမ်မွေ့မွေ့ ကြင်ကြင်နာနာနဲ့
ဆက်ဆံနိုင်အောင် ကြိုးစားသင့်ပါတယ်။ အခါအားလျော်စွာ သူတို့နဲ့အတူ
ပြုံးရယ်သင့်ပါတယ်။ တစ်ခါတစ်ခါ ကိုယ့်အတွက်ရော သူတို့အတွက်ပါ ထူးခြားစေမယ့်
ကြင်နာတဲ့ အပြုအမူနဲ့ ဆက်ဆံသင့်ပါတယ်။ မေတ္တာတရားကို ပွင့်ပွင့်လင်းလင်း
ကျင့်သုံးနိုင်တယ်ဆိုရင် ဘ၀မှာ၊ ကိုယ် မေတ္တာထားတဲ့ လူ့အဖွဲ့အစည်းမှာ အခွင့်အရေး
မြောက်များစွာကို တွေ့ရပါလိမ့်မယ်။ ဒီ မေတ္တာက ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ
ပျော်ရွှင်စရာ မြောက်များစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
မေတ္တာတရားနဲ့
ပတ်သက်လို့ တင်ပြချင်တဲ့ အရေးကြီးတာ တစ်ခုက . . . ကျေးဇူးတင်နိုင်တဲ့ စွမ်းရည်
ဖြစ်ပါတယ်။ ကျွန်တော် ဒီမလာခင်တုန်းက အိန္ဒိယမှာ တော်တော်ကြာအောင် နေခဲ့ပါသေးတယ်။
ဘုရား ပွင့်တော်မူတဲ့ နေရာရောက်တော့ . . . ဘုရားရှင် သဗ္ဗညုတဉာဏ် ရပြီးတဲ့နောက်
ပြုမူတော်မူခဲ့တာကို သတိရမိခဲ့ပါတယ်။ ဗုဒ္ဓဘာသာ အစဉ်အလာအရ . . . ဘုရားရှင်
သဗ္ဗညုတဉာဏ် ရရှိတော်မူပြီးတဲ့ အခါမှာ ခိုလှုံရာ အရိပ်ပေးခဲ့တဲ့ ဗောဓိပင်ကို
ခုနစ်ရက်တိုင်တိုင် ငေးကြည့်တော်မူခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို
ဆင်ခြင်စဉ်းစားကြည့်ပါ။ ဘုရားရှင်က ဗောဓိပင်ကို ကျေးဇူးတင်ကြောင်း
ခုနစ်ရက်တိုင်တိုင် ပြသတော်မူခဲ့ပါတယ်။ ကျေးဇူးတင်နိုင်တဲ့ စွမ်းရည်
အရေးကြီးပုံကို ပြသနေပါတယ်။
ပစ္စည်းဝတ္ထုတွေကို
ကျေးဇူးတင်နိုင်ပါရဲ့လား။ လူတွေကို ကျေးဇူးတင်နိုင်ပါရဲ့လား။ တရားဓမ္မ တွေ့ရပြီ၊
ဓမ္မမိတ်ဆွေတွေ ရှိနေပြီလို့ ကျေးဇူးတင် ၀မ်းမြောက်နိုင်ပါရဲ့လား။ ဒီလို
ကျေးဇူးတင်နိုင်တဲ့ အရည်အသွေးကို ဖွံ့ဖြိုးအောင် ကြိုးစားဖူးပါသလား။ မြင်နိုင်စွမ်း
ရှိနေတာကို ကျေးဇူးတင် ၀မ်းမြောက်နိုင်ပါရဲ့လား။ မျက်စိမမြင်သူတွေ ရှိပါတယ်။ ကြားနိုင်စွမ်း
ရှိနေတာကို ကျေးဇူးတင် ၀မ်းမြောက်နိုင်ပါရဲ့လား။ နားမကြားသူတွေ ရှိပါတယ်။ ကျန်းမာရေး
ကောင်းနေတာ၊ ဘာပြဿနာမှ မရှိဘဲ တရားအားထုတ်နိုင်တာကို ကျေးဇူးတင်
ဝမ်းမြောက်နိုင်ပါရဲ့လား။
ဒါတွေဟာ
မစဉ်းစားဘဲ လက်ခံနိုင်တဲ့ အသေးအဖွဲလေးတွေ ဖြစ်ပါတယ်။ အိန္ဒိယလို သီရိလင်္ကာလို
ဆင်းရဲတဲ့ နိုင်ငံတွေဆီ သွားရောက်လည်ပတ်သင့်ပါတယ်။ အဲဒီကျရင် ခင်ဗျားတို့
ဒီနိုင်ငံမှာ သုံးဆောင်ခံစား နေရတာတွေအတွက် ကျေးဇူးတင် ၀မ်းမြောက်သင့်တယ် ဆိုတာကို
သဘောပေါက်သွားနိုင်ပါတယ်။ ဒီအကြောင်း စဉ်းစားဖူးပါသလား။ အဲဒီလို နိုင်ငံတွေမှာ
စားစရာ မရှိတဲ့သူတွေ ရှိပါတယ်။ ဒါကြောင့် စားစရာ ရှိနေတဲ့ အခါမှာ ကျေးဇူးတင်
ဝမ်းမြောက်သင့်ပါတယ်။
ကျေးဇူးတင်ခြင်းနဲ့
ပတ်သက်တာ နောက်တစ်ခု ရှိပါသေးတယ်။ စောစောက ကျွန်တော် နိဂုံးချုပ် ပြောခဲ့သလိုပါပဲ။
မနှစ်သက်စရာ အတွေ့အကြုံတွေ ရှိလာရင် အဲဒီ အတွေ့အကြုံတွေကို ကျေးဇူးတင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
သူတို့ဆီကနေ လေ့လာသင်ယူနိုင်လို့ပါ။ သူတို့က ကျွန်တော်တို့ရဲ့ ဆရာသမားတွေ
ဖြစ်နေလို့ပါ။
ဓမ္မမိတ်ဆွေများ
နေ့စဉ်
ဘာဝနာနဲ့ သက်ဆိုင်တဲ့ နောက်တစ်ခုက ဓမ္မမိတ်ဆွေတွေ ရှိထားဖို့ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ
အစုအဖွဲ့တွေ ရှိနေတဲ့အတွက် ၀မ်းသာမိပါတယ်။ အစုအဖွဲ့တွေဆီသွားပြီး သူတို့နဲ့
နေထိုင်နိုင်တာပေါ့။ သူတို့နဲ့အတူ တရားအားနိုင်တာပေါ့။ တရားလည်း
ဆွေးနွေးနိုင်တာပေါ့။ အချင်းချင်း အပြန်အလှန် ကူညီနေကြတဲ့ ဓမ္မမိတ်ဆွေ အစုအဖွဲ့တွေ
ရှိနေတာကို ကျေးဇူးတင် ၀မ်းမြောက်သင့်ပါတယ်။
နေ့စဉ်ဘ၀မှာ
ဒီလို ကျင့်သုံးနိုင်တယ်ဆိုရင် အကျိုးအာနိသင်ကို သေချာပေါက် မြင်တွေ့ရပါလိမ့်မယ်။
ဘုရားရှင် ပေးတော်မူခဲ့တဲ့ အမြိုက်ဆေးဟာ တကယ် အစွမ်းထက်တယ်၊ တကယ်
ကုသနိုင်စွမ်းရှိတယ် ဆိုတာကို သိနိုင်ပါလိမ့်မယ်။ သဒ္ဓါတရားတွေ တိုးပွားလာပြီး
ဆေးအပေါ်မှာလည်း ပိုပြီးတော့ ယုံကြည်လာပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးတော့
ယုံကြည်လာပါတယ်။ အမြိုက်ဆေး ဖော်ထုတ်ခဲ့တဲ့ ဘုရားရှင်ကို တကယ်ပဲ
ကျေးဇူးတင်တတ်လာပါတယ်။ ဆေးကို တွေ့ခဲ့ရပြီး ဆေးကို အသုံးပြုနိုင်လို့
ဆေးအာနိသင်တွေ ခံစားနေရတဲ့ အတွက်လည်း ကျေနပ်ပျော်ရွှင်နိုင်ပါတယ်။
ဘုရားရှင်ရဲ့
အမြိုက်ဆေး ကောင်းမွန်ပုံက . . ဘယ်လို ဘ၀အခြေအနေမှာပဲဖြစ်ဖြစ် ဒီဆေးကို
အသုံးပြုနိုင်ပါတယ်။ နာဖျားတဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်။ နည်းအမျိုးမျိုးနဲ့
သေဘေးကို ရင်ဆိုင်ရတဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်။ နာကျင်တဲ့အခါ၊
စိတ်ပျက်မိတဲ့အခါ၊ မကျေမနပ် ဖြစ်ရတဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်။ အလွန် အရေးကြီးတဲ့
ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အလွန် ကြပ်တည်းတဲ့ အခက်အခဲတွေနဲ့ ကြုံရတဲ့ အခါမှာ
အသုံးပြုနိုင်ပါတယ်။
တစ်ခု
ရှိတာက . . . အစပိုင်းမှာ ကျွန်တော် ပြောခဲ့သလို့ . . . အကျင့်ပဋိပတ်နဲ့
ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ရှိနေဖို့ပါပဲ။ အကျင့်ကို တကယ် ကျင့်နိုင်ပါရဲ့လား။
ဆေးစားဖို့ သေချာပါရဲ့လား။ ဆေးစားနေတုန်းမှာ သူတစ်ပါးကို ဆေးညွှန်းဖို့လည်း
လိုအပ်မယ် ထင်ပါတယ်။ ငါတော့ ဒါ လုပ်နေတယ်လို့ သူတစ်ပါးနဲ့ မျှဝေဖို့ပါ။
ကိုယ့်ကိုယ်ကိုယ် သုံးသပ်စစ်ဆေးကြည့်ပါ။
ဆေးစားဖို့ ဆုံးဖြတ်ချက်
နေ့စဉ်ဘဝ
ဘာဝနာနဲ့ စပ်လျဉ်းလို့ ကျွန်တော်ပေးတဲ့ အကြံတစ်ချို့ . . . ခက်လွန်းနေပါသလား။
သင့်တော်ပါရဲ့လား။ လိုက်လို့ မမီနိုင်အောင် ဖြစ်နေပါသလား။ ပုံမှန် လူသားတွေ
မလုပ်နိုင်တာကို ဘုရားရှင် ဟောတော်မမူပါဘူး။ ခင်ဗျားတို့ သေချာရမယ့် အရာက . . .
တရားတော်တွေကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ပါ။ ဘ၀ အခြေအနေ အမျိုးမျိုးမှာ
တရားတော်တွေကို ဘယ်လို အသုံးချရမယ်ဆိုတာ သိဖို့ပါ။ ကျွန်တော် အလေးအနက် ပြောနေတာ
ဒါပါပဲ။
ကျွန်တော်
နောက်ထပ်ပြောဖို့ မလိုတော့ဘူး ထင်ပါတယ်။ ကျွန်တော် ပြောခဲ့တာ တစ်ချို့ကို
အချိန်ယူပြီး ဆင်ခြင်စဉ်းစား ကြည့်ကြစေချင်ပါတယ်။ ဘာဝနာ အလုပ်မှာ ဒီလို
ဆင်ခြင်စဉ်းစားတာဟာလည်း အရေးကြီးပါတယ်။ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ
အထောက်အကူဖြစ်မယ့် အကြောင်းအရာကို ဆင်ခြင်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ဖို့၊
ဘ၀မှာ ကိုယ် ဘယ်လိုနေရာမှာ ရပ်တည်နေတယ်ဆိုတာ သိနိုင်ဖို့ အထောက်အကူ ရပါတယ်။ ဘ၀ကို
ဖြုန်းတီးနေမိသလား သတိထားမိနိုင်အောင် ကူပံ့ပေးပါတယ်။
ဘုရားရှင်ရဲ့
ဒေသနာတော်အရ လူအဖြစ်နဲ့ မွေးဖွားလာရတာဟာ အလွန်ပဲ တန်ဖိုးရှိပါတယ်။ တန်ဖိုးရှိတဲ့
လူ့ဘ၀ကို တန်ဖိုးရှိရှိ အသုံးချနေကြတာ ဟုတ်ရဲ့လား။ အဖိုးတန်တဲ့ ဒီဘ၀ကို ဘယ်လို
အသုံးပြုနေကြသလဲ။ အရေးကြီးတဲ့ ဒီအချက်ကို ခဏလောက် ဆင်ခြင်ကြည့်ကြရအောင်။ ဆင်ခြင်ပြီး
ဆုံးဖြတ်ချက် ချနိုင်ပါတယ်။ ဒီနေ့ကစပြီး ဒီဆေးကို စားသုံးဖို့ ဆုံးဖြတ်တယ်၊
ကိုယ်တိုင်ဖန်တီးတဲ့ ဒုက္ခက လွှတ်မြောက်အောင် ကိုယ်တိုင်ကြိုးစားမယ်လို့
ဆုံးဖြတ်ချက် ချနိုင်ပါတယ်။ ဒီဆေးကို သူတစ်ပါးနဲ့ မျှဝေခွင့် ရရမယ်၊ ဒီနည်းနဲ့
သူတစ်ပါးကို ပျော်ရွှင်အောင် လုပ်မယ်လို့လည်း ရည်ရွယ်ချက် ထားနိုင်ပါတယ်။ ဒါကို
ဆင်ခြင်နိုင်အောင် မျက်လုံးတွေ မှိတ်လိုက်ကြပါစို့။
ဆေးကို
အစဉ်မပြတ် အသုံးပြုနိုင်ပါစေ။ ကိုယ်ဖန်တီးတဲ့ ကိုယ့်ဒုက္ခကနေ ကိုယ်ကိုယ်တိုင်ပဲ
လွတ်မြောက်နိုင်ပါစေ။
ဒါဟာ
နောက်ဆုံးဟောပြောချက် ဖြစ်တဲ့အတွက် အားလုံးကို ကျေးဇူးကြောင်း ပြောကြားလိုပါတယ်။ ပထမဆုံး
အနေနဲ့ . . . အခုလို ကောင်းမြတ်တဲ့ လုပ်ငန်းအတွက် စည်းရုံးခဲ့သူတွေကို
ကျေးဇူးတင်ပါတယ်။ ကောင်းကောင်းမွန်မွန် စီစဉ်ခဲ့တာတွေကို အထင်ကြီး လေးစားမိပါတယ်။ အစစ
ဆင်ပြေအောင် စီစဉ်ပေးနိုင်သူတွေ ရှိနေတာကို ကျေးဇူးတင် ၀မ်းမြောက်သင့်ပါတယ်။ ဒီလို
ကောင်းမွန်တဲ့ နေရာကို တစ်ရက်စခန်း ဘာဝနာ လုပ်ငန်းအတွက် အသုံးပြုခွင့် ပေးခဲ့တဲ့
သီလရှင်ကျောင်းကိုလည်း ကျေးဇူးတင်သင့်ပါတယ်။
တကယ်
ခက်ခဲတဲ့ အလုပ်ကို လုပ်ဆောင်ခဲ့ကြတဲ့ ဘာသာပြန်ပေးသူတွေ၊ အဓိပ္ပာယ်
ရှင်းပေးသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ သူတို့ကြောင့်
ကျွန်တော် ဟောပြောတာတွေ ပိုကောင်းသွားတယ်လို့ တစ်ခါတစ်ခါ ခံစားမိပါတယ်။ ခက်ခဲ့တဲ့
အခြေအနေထဲမှာ ယောဂလေ့ကျင့်ခန်း သင်ပြပေးတဲ့ ယောဂဆရာကိုလည်း ကျေးဇူးတင်ပါတယ်။
နောက်ဆုံး
အနေနဲ့ ဟောပြောချက် လာနားထောင်သူတွေ၊ တစ်ရက်တရားစခန်းမှာ လာရောက်အားထုတ်သူတွေကို
ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဓမ္မအပေါ် ဘာဝနာအကျင့်အပေါ် ခင်ဗျားတို့
စိတ်ဝင်စားတာ၊ တကယ်လုပ်နိုင်တာ တွေ့ရတဲ့အတွက် တကယ်ပဲ ၀မ်းမြောက်မိပါတယ်။ အကျင့်အတွက်
ဆက်လက်ပြီး လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရွတ်ကြဖတ်ကြပြီး
မေတ္တာဘာဝနာနဲ့ အဆုံးသတ်ကြပါစို့။
[၀တ်ရွတ်စဉ်]
မေတ္တာဘာဝနာ အလုပ်ပေး
မေတ္တာဘာဝနာ
ပွားများရင် နိဂုံးချုပ်ကြပါမယ်။
နှလုံးသား
ရှိတဲ့ နေရာကို အာရုံပြုလိုက်ပါ။ အချိန်တော်တော်ကြာအောင် အာရုံပြုနေလိုက်ပါ။
နှလုံးသားဟာ
ပန်းပွင့်သလို့ ပွင့်နေပါရဲ့လား။ ယဉ်ကျေးခြင်း၊ နူးညံ့ခြင်း၊ သိမ်မွေ့ခြင်းတွေ
ခံစားနိုင်ပါရဲ့လား။
ကိုယ့်ကိုယ်တိုင်
ကိုယ့်ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်တယ်လို့ ခံစားနိုင်ပါရဲ့လား။ နှလုံးသား
ရှိတဲ့နေရာကို ခံစားနိုင်ပါရဲ့လား။ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို
ခံစားနိုင်ပါရဲ့လား။
မိတ်ဆွေကောင်း
တစ်ယောက်အနေနဲ့ အတိတ်က ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို ကိုယ့်ဟာကိုယ်
ခွင့်လွှတ်နိုင်ပါရဲ့လား။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ မလိုဘူးဆိုရင် ဒဏ်ရာတွေ
မွေးမြူထားတာ မရှိဘူးလို့ ၀မ်းမြောက်လိုက်ပါ။
မိတ်ဆွေကောင်း
တစ်ယောက်အနေနဲ့ သူတစ်ပါး ပြုလုပ်ခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်နိုင်ပါရဲ့လား။
သူတစ်ပါးနဲ့ ဆက်ဆံရင်း မွေးမြူထားမိတဲ့ အမုန်းတွေ ဒေါသတွေကို
လွှတ်ပေးလိုက်နိုင်ပါရဲ့လား။
ယောဂီအားလုံး
ကျန်းမာချမ်းသာကြပါစေ။ ယောဂီအားလုံး ပျော်ရွှင်နိုင်ကြပါစေ။ ယောဂီအားလုံး
ငြိမ်းချမ်းကြပါစေ။ သတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေ။ သတ္တ၀ါအားလုံး
ပျော်ရွှင်နိုင်ကြပါစေ။ သတ္တ၀ါအားလုံး ငြိမ်းချမ်းကြပါစေ။ သတ္တ၀ါအားလုံး
ကျန်းမာချမ်းသာကြပါစေ။ သတ္တ၀ါအားလုံး ပျော်ရွှင်နိုင်ကြပါစေ။ သတ္တ၀ါအားလုံး
ငြိမ်းချမ်းကြပါစေ။
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို
နားလည်သလို
ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment