Tuesday, July 8, 2014

ခရီးပြန်မှတ်တမ်း

ဂျူလိုင် ခုနစ်ရက်ထိတိုင် သီတင်းတစ်ပတ်စာ ဒေသစံတော်ချိန်ကိုက် နာရီများ အာလုံးလိုလို အဆင်ပြေစွာ လည်ပတ်ခဲ့ပြီးနောက် တနင်္လာနေ့ ဒေသစံတော်ချိန် ၁၅:၃၅၌ စင်္ကာပူမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့သော Y5 234 လေယဉ်သည် ဦးတည်ရာမြို့သို့ ဆိုက်ရောက်သည်နှင့် တစ်ပြိုင်နက် ခရီးသည်များနှင့်အတူ အဆင်မပြေမှု အချို့ကိုပါ လေယာဉ်ပေါ်မှ လှဲကျင်းသွန်ချလိုက်သည်။

ရှေးဦးစွာ လေယာဉ်မယ်က ခရီးသည်တို့ သိရမည့် အချက်များကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသော စာရွက်များကို တစ်ချက်ပြီးတစ်ချက် တစ်ရွက်ပြီးတစ်ရွက် ဖတ်ကြားကြေငြာသည်။ မန္တလေးသို့ ဆက်လက်ထွက်ခွာမည့် ခရီးသည်များ နောက်ဆုံးမှ ဆင်းရန်ကြေငြာချက် ပါဝင်သည်ဖြစ်၍ စောင့်ရမည်။ ဆက်လက်ထွက်ခွာမည့် ရန်ကုန်-မန္တလေး လေယဉ်မှာ စင်္ကာပူ-ရန်ကုန် လေယာဉ်ပင် ဖြစ်သော်လည်း ခရီးသည်များ အားလုံးဆင်းပေးရမည်။ လေယဉ်ကို သန့်ရှင်းရေး လုပ်ရမည်ဖြစ်သောကြောင့်ဟု ဆို၏။ စနစ်ကျပုံရသည်။ လေယာဉ်မှ ဆင်း၍ လေယာဉ်ကူးပြောင်းဂိတ်သို့ သွားရမည်။ ဆင်းသက်ထားသော လေယာဉ်နှင့် လေယာဉ်ကူပြောင်း စောင့်ဆိုင်းဂိတ် မဝေးသော်လည်း ကားနှင့် ပို့ပေးသည်။ စနစ် မဆိုးပြန်သေး။ ကြိုပို့ကားမှာ ရန်ကုန်ဂိတ်ဆုံး ခရီးသည်များကို အရင်ပို့သည်။ မန္တလေးသို့ဆက်မည့် ခရီးသည်များ စောင့်ရသေးသည်။ သည်းခံရသည့် စနစ်ဖြစ်သော်လည်း စောင့်ရချိန် မကြာလှ၍ တော်သေးသည်။ စောင့်ဆိုင်းဂိတ်သို့ ကားရောက်၍ ဆင်းသည်နှင့် အဆင်မပြေမှု ရှိနေသည်။ စောင့်ဆိုင်းဂိတ် သော့ပိတ်ထားသည်ဖြစ်၍ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ အလွန်အကျွံ အရေးကြီးသည်ဟုကား ၀န်ထမ်းတို့က ယူဆကြဟန် မတူပေ။ သော့ (သို့) သော့ကိုင်သူကို ရှာကြသည်။ ဂိတ်မှားခြင်းလေလော။ ကူးပြောင်းစောင့်ဆိုင်းဂိတ် မည်မျှ ရှိသည် မသိပေ။ အခြေအနေကို အတိအကျ မသိရသော်လည်း ဂိတ်မပွင့်သည်မှာ သေချာ၏။ ဘယ်လိုမှ မပွင့်တော့ပေ။

နောက်ဆုံး၌ ၀န်ထမ်းတစ်ယောက်က “ဘိုးဒင်းဘက် ပို့လိုက်ကွာ”ဟု ပြောသည်။ တိုက်ရိုက်ထွက် ခရီးသည်များ ရှိရာသို့ ပို့ရန် ညွှန်ကြားသည်။ ကူးပြောင်းခရီးသည်များသည် ထွက်ခွာမည့် ခရီးသည်များနှင့်အတူ စောင့်ရမည်။ မန္တလေး ခရီးသည်များ ကားပေါ်သို့ ပြန်တက်ကြရန် ကြေငြာသည်။ ခရီးသည် ဆယ်ရောက်သာ ရှိသည်ဖြစ်၍ သတင်းပေးရန် လွယ်ကူသည်။ စင်္ကာပူမှ တရုတ်လင်မယားတို့ နားမလည်၍ ကားဆီသို့ လက်ညှိုးထိုးလျက် ကျောကိုတွန်းကာ ကားပေါ်တင်ပေးသည်။ ခရီးသည်များ ငြိမ်ဝပ်စေလိုဟန် တူ၏။

ကူးပြောင်းခရီးသည်များ မိနစ်လေးဆယ်ခန့် စောင့်ရမည် ဆိုသောကြောင့် ငေးရင်းမောရင်း အချိန်ဖြုန်းရန် ပြင်ဆင်ကြသည်။ သို့သော် ငါးမိနစ်ခန့်ကြာသော် ကူးပြောင်းခရီးသည်များကို ပြန်ခေါ်ပြန်သည်။ ကူးပြောင်းခရီးသည်များ “ဘိုးဒင်းဂိတ်”၌ နေရန် အဆင်ပြေဟန် မတူပြန်ပေ။ အပြေးအလွှား လိုက်လံ၍ လက်တို့ကာ သတင်းပေးရသည်။ လူဆယ်ရောက်ကို ပြန်စုရာ တစ်ယောက်လိုနေသဖြင့် လူသားစွမ်းအင်ကို အသုံးပြု၍ အမောတကော လိုက်ရှာကြပြန်သည်။ လူစုံသည်နှင့် ကြိုပို့ကား ပြန်ထွက်သည်။ “လေယာဉ်ထဲ ထည့်ထားလိုက်ကွာ။”

လေယာဉ် သန့်ရှင်းရေး လုပ်ငန်းစဉ်များ မပြီးဆုံးသေးလျှင် ကားပေါ်မှာပင် ထိုင်စောင့်ရမည်ဟု ထင်မိလိုက်သော်လည်း စောင့်ရတော့မည် မဟုတ်ပေ။ သန့်ရှင်းရေး လုပ်သားများ လေယာဉ်ပေါ်မှ ပြန်ဆင်းလာသည်ကို ကားပေါ်မှ လှမ်းမြင်လိုက်ရသည်။ မန္တလေး ခရီးသည်များ လေယာဉ်ထဲသို့ စောစီးစွာ ပြန်ဝင်ရန် ရှိသောကြောင့် သန့်ရှင်းရေး လုပ်ငန်းများ မပြီးသေးမီ သန့်ရှင်းရေး လုပ်သားတို့ မောင်းထုတ်ခံလိုက်ကြရဟန်တူ၏။ သန့်ရှင်းရေး မပြီးသေးသည်မှာ ဖြစ်နိုင်ကြောင်း သဲလွန်စ ပြနေသော သိကြားလုံးအခွံ တစ်ချို့ကို သတိထားမိသည်။

နောက်ဆုံး၌ လေယဉ်ထွက်ခွာရန် တံခါးပိတ်လိုက်ပြီးနောက် တံခါးပြန်ဖွင့်ရသည်။ လူကြုံ ပစ္စည်းကမ်းလိုက်စရာ ရှိသေးသည်။ ခဏစောင့်ရမည်။ အမှန်ပင် ခဏသာ ကြာသည်။ ထို့နောက် ထွက်ခွာသည်။ လေယာဉ်ဖြစ်သောကြောင့် ရထားကဲ့သို့ ဥသြဆွဲစရာ မလိုပေ။ ဂျုံးဂျုံး ဂျက်ဂျက် . . . . .။

တံတားဦးလေဆိပ် ဆင်းကာနီးသောခါ လေယာဉ်မယ်က သိမှတ်စရာများကို ဖတ်ကြားကြေငြာပြန်သည်။ စင်္ကာပူမှ ထွက်ခွာလာခဲ့သော ခရီးသည်များ လ၀က အရာရှိတို့ထံ နိုင်ငံကူးလက်မှတ် အစစ်ခံရမည်ဖြစ်၍ ရန်ကုန်-မန္တလေး ခရီးသည်များ ဆင်းပြီးချိန်ထိ စောင့်ဆိုင်းကြရန် ကြေငြာသည်။ ဆက်လက်ထွက်ခွာကြရာ လ၀က အရာရှိများက ရဟန်းတော်များကို ဦးစားပေး၍ အမြန်စစ်ပေးသည်။ ခရီးသည် သိပ်မများသော်လည်း ကောင်တာခွဲ၍ စစ်ဆေးသောအခါ ရုံးတံဆိပ်တုံး မလုံမလောက် ဖြစ်နေဟန် တူ၏။ ဤမှာဘက် ကောင်တာမှ အရာရှိသည်“တုံးရပြီ”ဟု ဟစ်အော်ရင်း တံဆိပ်တုံးကို ဟိုမှာဘက် ကောင်တာသို့ ကြင်နာစွာ လှမ်းပေးသည်။ တံဆိပ်တုံးကို မျှဝေသုံးစွဲကြ၏။ Caring and Sharingဟု ဘာသာပြန်ရမည် ဖြစ်သည်။

ခရီးဆောင်အိပ်များ ယူရန် ရှိသေးသည်။ ပစ္စည်းများ သည်ဆောင်လာသော စက်ခါးပတ် လည်နေစဉ် ခါးပတ်ပေါ်မှ အိပ်များကို ရှာရသည်။ လေဆိပ်ဝန်ထမ်း တစ်ယောက်ကလည်း ကြင်နာစွာ ကူညီသည်။ “tag ကလေးတွေ ထားခဲ့ပြီး အပြင်က အေးအေးဆေးဆေး စောင့်နေပါဘုရား။ တပည့်တော် ရွေးပြီး ယူလာပေးပါ့မယ် ဘုရား။” “ဟုတ်ပါ့မလား။ ငါ့တို့တောင် ကိုယ့်အိပ်ကိုယ် ရှာရတာ မလွယ်ဘူး . . .။” “အဆင်ပြေပါတယ် ဘုရား။ tagမှာပါတဲ့ နံပါတ်နဲ့ တိုက်ပြီး ယူခဲ့ပါမယ် ဘုရား။ ကြွ ကြွ . . .။”

ငြင်းရန် မသင့်တော့ပေ။ အပြင်မှ စောင့်နေလိုက်ကြသည်။ စောင့်ရသည်မှာ ကြာမြင့်လှသည်။ မျှော်လင့်ထားသည်ထက် နာရီဝက်ခန့် ပိုကြာသည်အထိ အိပ်များရောက်မလာသေး၍ မစောင့်နိုင်တော့သဖြင့် အတွင်းသို့ ပြန်ဝင်လိုက်သည်။ မည်သူမျှ မတားမြစ်ပေ။ ကူညီပါရစေဟု တောင်းပန်သည့် ၀န်ထမ်းသည် အိပ်ကို ရှာနေဆဲ ဖြစ်သည်။ အိပ် တွေ့ပါပြီ။ ခါးပတ်ပေါ်မှာ အပတ်ရေမည်မျှ လည်ခဲ့ရသည် မသိပေ။

ကားကြိုဖြင့် တံတားဦးမှ မန္တလေးသို့ ခရီးဆက်ကြပြန်သည်။ မန္တလေး ခရီးသည် ရဟန်းနှစ်ပါးတို့ ပြန်မည့်နေရာများမှာ မြို့၏ အရှေ့ထိပ်နှင့် အနောက်ထိပ် တစ်ခြားစီဖြစ်နေပြီး အနောက်သို့ အရင်သွားသည်။ အနောက်ကျောင်း ရောက်သည်နှင့် အချိန်အနည်းငယ် အတွင်း၌ ကိုးနာရီ ထိုးသည်ဖြစ်၍ ညမထွက်ရအမိန့် ရှိနေသေးသဖြင့် အရှေ့ကျောင်းသို့ သွားချိန်မရတော့ပေ။ အရှေ့ကျောင်းနေ ရဟန်းသည် အနောက်ကျောင်းမှာပင် အာဂန္တုက အဖြစ် တစ်ညကုန်ရန် စီစဉ်ရတော့သည်။ အနောက်ကျောင်း ရဟန်းမှာ အိပ်ရာမှန်ဖြစ်၍ တစ်ညတာ အဆင်ပြေမည် ဖြစ်သော်လည်း အာဂန္တုက ရဟန်းအတွက် အိပ်ရာနေရာ အသားမကျမှု အခက်အခဲ ရှိနိုင်သည်။

အာဂန္တုရဟန်း၏ အိပ်တစ်ဝက် နိုးတစ်ဝက် ညချမ်းသည် ကျောင်းအနီးရှိ ကျူးကျော်ရပ်ကွက်မှ အမူးသမား၏ ဆဲသံဆူသံ စိန်ခေါ်သံတို့ကြောင့် စိုစိုစည်စည် ရှိနေ၏။ အာဂန္တုက ရဟန်းသည် ညမထွက်ရအမိန့် ထုတ်ပြန်သကဲ့သို့ ညမဆူရအမိန့် ထုတ်ပြန်လျှင် ကောင်းလိမ့်မည်ဟု စဉ်းစားရင်း . . . . .။


:)
ရှင်အာစာရ
(30-6-2014 to 7-7-2014)

No comments:

Post a Comment