Friday, May 16, 2014

သိမ်မွေ့သောလမ်း (၂၃)

(. . . . . မှ အဆက်)

စားတတ်လျှင် ဘာဝနာ

မိနစ် အနည်းငယ် အတွင်းမှာ နေ့လယ်စာ စားကြပါမယ်။ ဒါကြောင့် အစားအသောက်က ဘာဝနာ ကမ္မဋ္ဌာန်း ဖြစ်နိုင်ပုံကို ပြောပြချင်ပါတယ်။ ဒီနေရာမှာလည်း အသိနဲ့ သတိနဲ့ စားတတ်အောင် ကြိုးစားအားထုတ်ရပါမယ်။ စားနေရင်း ပစ္စုပ္ပန်မှာ ရှိနေအောင် အစွမ်းကုန် ကြိုးစားရပါမယ်။ ကြိုးစားပြီးတော့ အစာကို သတိနဲ့ ၀ါးပါ။ အစာကို ဖြည်းဖြည်းချင်း သတိထားပြီး ၀ါးပါ။

စားနေတုန်း စိတ်ထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကြိုက်တာတွေ မကြိုက်တာတွေကို စောင့်ကြည့် အကဲခတ်ရပါမယ်။ ကြိုက်ခြင်း မကြိုက်ခြင်းတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ သိရုံပဲ သိနေပါ။ ကြိုက်တာ မကြိုက်တာ မရှိဘူး ဆိုရင်လည်း မရှိဘူးလို့ သိပါ။ တိတ်တိတ်ဆိတ်ဆိတ် စားမှပဲ ဒါတွေ အာလုံးကို တွေ့နိုင်ပါတယ်။

အစွန်းနှစ်ဘက်ကို ရှောင်ကြဉ်နိုင်ဖို့လည်း အရေးကြီးပါတယ်။ အစားကြီးလွန်းတာ အစားသေးလွန်းတာတွေကို ရှောင်ပါ။ ဘာဝနာ ပွားများရာမှာ သင့်တော်တဲ့ အစာ ပမာဏကို သိဖို့ အရေးကြီးပါတယ်။ စားနေတုန်း ခန္ဓာကိုယ်ကို သတိထားကြည့်မှပဲ သင့်တော်တဲ့ အစာပမာဏကို သိနိုင်ပါတယ်။

မတ်တပ်ထတဲ့ အခါမှာ အလျင်စလို မရပ်ပါနဲ့။ ဖြည်းဖြည်းချင်း ထပါ။ ရပ်နေတုန်း လှုပ်ရှားမှု မှန်သမျှကို သိမှတ်ပါ။ ရပ်ချင်စိတ်ကို မှတ်ပါ။ ဒီနေရာကနေ စားမယ့်နေရာဆီ သွားတဲ့အခါမှာ သတိနဲ့ လျှောက်လှမ်းပါ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖြည်းဖြည်းချင်း လျှောက်လှမ်းပါ။

နောက်ထပ် တစ်နာရီကြာရင် အုပ်စုလိုက် ဆွေးနွေးပွဲမှာ ပြန်တွေ့ကြပါမယ်။ အများကြီး ကျေးဇူးတင်ပါတယ်။

နေ့လယ်စာ ရောက်လာတဲ့အထိ သည်းခံပြီး စောင့်ပါ။ ဒါလည်း အရေးကြီးတဲ့ အကျင့်ပါပဲ။

[နေ့လယ်စာ]

စားတတ်လျှင် ဘာဝနာ ဆွေးနွေးချက်

ဆရာကြီး။  ။ တိတ်တိတ်ဆိတ်ဆိတ် သတိနဲ့ စားနေရင်း ဘာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာ သိချင်ပါတယ်။ ဘာတွေ ထပ်ပြီး တွေ့ရှိခဲ့ပါသလဲ။

ယောဂီ။  ။ နေ့လယ်စာ စားတဲ့အခါမှာ သတိမြဲပြီး တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ပါတယ်။ အရသာ တော်တော်ရှိတာကို သတိထားမိခဲ့ပါတယ်။ ဒီမှာ နေ့လယ်စာ စားရမယ်ဆိုတာ သိမထားခဲ့ပါဘူး။ အပြင်ထွက်ပြီး နေ့လယ်စာဝယ်ဖို့ မလိုပါဘူး။ အစားအစာ စီစဉ်ပြင်ဆင်ပေးတဲ့သူနေကို ကျေးဇူးတင်မိပါတယ်။ ဒါက တစ်ခု . . .။

ကျွန်တော့်ကိုယ်တွေ့ ဘာဝနာ အတွေ့အကြုံကို မျှဝေချင်ပါတယ်။ ကျွန်တော် တရား အားမထုတ်တာ ကြာပါပြီ။ တရားထိုင်တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်း အမျိုးမျိုးမှာ နာကျင်ကိုက်ခဲတတ်တာကို အတွေ့အကြုံအရ သိရပါတယ်။ အဆင့် အမျိုးမျိုး ကြုံရနိုင်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အရာတိုင်းကို စွဲလမ်းဆုပ်ကိုင် မထားသင့်ပါဘူး။ မဟုတ်ရင် . . . ကပ်ငြိတတ်ပါတယ်။

ခန္ဓာကိုယ် လှုပ်ရှားမှုတွေနဲ့ ပက်သက်လို့ ကျွန်တော့်အတွေ့အကြုံက . . . ခဏလောက် ဘာဝနာ ပွားပြီးတဲ့အခါ ခန္ဓာကိုယ်ကို ဘယ်ဘက် ရွေ့စေချင်တယ်ဆိုရင် ခန္ဓာကိုယ်က ဘယ်ဘက်ရွေ့ပါတယ်။ အလားတူ . . . ညာဘက်ရွေ့စေချင်တယ်ဆိုရင် ညာဘက်ရွေ့ပါတယ်။ ဒီလိုနည်းနဲ့ . . . ခန္ဓာကိုယ် လှုပ်ရှားယိမ်းယိုင်တာကို ရပ်တံ့အောင် အမိန့်ပေးနိုင်ပါတယ်။

ဆရာကြီး။  ။ တင်ပြတဲ့ အကြောင်းအရာ နှစ်ခုလုံးအတွက် ကျေးဇူးတင်ပါတယ်။ သတိနဲ့ စားတဲ့အခါမှာ အစာကို ကောင်းကောင်း အရသာခံနိုင်တယ်ဆိုတဲ့ ပထမ အချက်က တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ စားသောက်ရတာဟာ အဲဒီလို အတွေ့အကြုံထူး ဖြစ်လာပါတယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ စားတာက စက်နဲ့ တူနေပါတယ်။ ကိုယ် စားနေတုန်း ဘာဖြစ်နေတယ်ဆိုတာတောင် မသိတော့ပါဘူး။ ဒီအချက်ကို ခင်ဗျား ပြောပြလိုက်တဲ့အတွက် တကယ့်ကို ဝမ်းသာမိပါတယ်။

ကျေးဇူးတရားကို မြင်တယ်၊ ကျေးဇူးတင်တယ်လို့ ပြောလိုက်တာလည်း ကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့ ဖွံ့ဖြိုးအောင် လုပ်ရမယ့် အရေးကြီးတဲ့ အရည်အသွေး ဖြစ်ပါတယ်။ တကယ်တော့ အစဉ်အလာ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ အစာမစားခင် အချိန်ယူပြီး အစားအစာ ပြင်ဆင်ပေးသူတွေ၊ အစားအစာ ချက်ရေးပြုတ်ရေး တာဝန်ယူခဲ့သူတွေရဲ့ ကျေးဇူးတရားကို အာရုံကြပါတယ်။ ဒါကြောင့် အစာမစားခင်မှာ မိနစ်ပိုင်းဖြစ်ဖြစ် စက္ကန့်ပိုင်းဖြစ်ဖြစ် အစားအစားနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေရဲ့ ကျေးဇူးကို အာရုံပြုဖို့၊ စားနိုင်သောက်ပါလားလို့ ကျေနပ်ဖို့ အကြံပေးချင်ပါတယ်။

ဒုတိယ အချက် . . . ခန္ဓာကိုယ် လှုပ်ရှာတာတွေကိုလည်း ထိန်းချုပ်သင့်တယ်လို့ ကျွန်တော် ပြောတုန်းက ဒီအချက်ကို ဆိုလိုတာပါ။ ခန္ဓာကိုယ်နဲ့ ဆယ်သွယ်ဖို့ နည်းလမ်းကောင်းပါ။ ရွေ့ရှားတာ ရပ်လိုက်ပါ . . . လို့ ဖော်ဖော်ရွေရွေ သိမ်သိမ်မွေ့မွေ့ အမိန့်ပေးဖို့ပါ။ တစ်ခါတစ်ခါမှာ ခန္ဓာကိုယ်ကို အဲဒီလို အမိန့်ပေးရင် ခန္ဓာကိုယ်က တုံ့ပြန်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် အကြံပေးချင်ပါတယ်။ တစ်ခါတစ်ခါ ခန္ဓာကိုယ်ကို ရွေ့လျားခွင့် ပေးထားပြီး စောင့်ကြည့်နေပါ။ ရင်းနှီးကျွမ်းဝင်မှု ရှိပါစေ။ တစ်ခါတစ်ခါ ခန္ဓာကိုယ်ကို အမိန့်ပေးပါ။ ခုလောက်ဆို လုံလောက်ပါပြီ၊ ရပ်လိုက်ပါတော့လို့ အမိန့်ပေးပါ။ ခန္ဓာကိုယ်က တုံ့ပြန်နိုင်ပါတယ်။ အဲဒီလို တုံ့ပြန်ဖို့ ဆိုရင်တော့ ခန္ဓာကိုယ်နဲ့ အဆက်အသွယ် ကောင်းဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို ခံစားနိုင်စွမ်း အားကောင်းရပါမယ်။ ဒီ အချက်နှစ်ခု တင်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်

ထိုင်ကမ္မဋ္ဌာန်း အလုပ်ပေး

ဆရာကြီး။  ။ စိတ်ကို သူ ဖြစ်ချင်သလို ဖြစ်ခွင့်ပေးထားလိုက်ပါ။  အတိတ်အတွေး၊ အနာဂတ်အတွေး၊ အတွေးအားလုံး ဖြစ်ပေါ်စမ်းပါစေ။ အတွေးတွေကို မဆုံးဖြတ်ဘဲ စောင့်ကြည့်လေ့လာကြရအောင်။ အနှုတ်လက္ခဏာ မထည့်ပါဘူး။ အပေါင်းလက္ခဏာ မထည့်ပါဘူး။ ဖြစ်ပေါ်လာပြီး ပျက်သုဉ်းသွားတဲ့ အတွေးတွေကိုပဲ စောင့်ကြည့်ပါမယ်။ သတိရှိပါ။ အခိုက်အတန့်တိုင်းမှာ နိုးကြားနေပါ။

အတွေးတွေနဲ့ မိတ်ဆွေဖွဲ့နိုင်အောင် လေ့ကျင့်နေတာပါ။ အတွေးတွေအတွက် ကင်းလွတ်မှု ဖန်းတီးပေးနေတာပါ။

အတွေးတွေနဲ့ ပတ်သက်လို့ အခက်အခဲ ရှိနေသူတွေအတွက် . . . သတိရှိတယ်ဆိုရင်၊ ဖြစ်ပေါ်လာပြီး ပျက်သုဉ်းသွားတဲ့ အတွေးတွေကို သိနိုင်တယ်ဆိုရင် ဘာမှ မမှားယွင်းနိုင်ဘူးလို့ မှတ်သားထားပါ။

ဒီ ဘာဝနာအကျင့်မှာ အတွေးတွေကို ရပ်တန့်အောင် မလုပ်ပါနဲ့။ အတွေးတွေကို မထိန်းချုပ်ပါနဲ့။ အတွေးတွေ ဖြစ်ပေါ်နိုင်အောင် နေရာလွတ် ဖန်တီးပေးပါ။ အတွေးတွေနဲ့ ပတ်သက်လို့ . . . တုံ့ပြန်မှု ကင်းမဲ့တဲ့ စိတ်ကို ဖွံ့ဖြိုးအောင် လုပ်နေတာပါ။

ကျွန်တော်တို့ မနှစ်သက်တဲ့ စိတ်ခံစားမှုတွေနဲ့ မိတ်ဆွေဖွဲ့နိုင်အောင် လေ့ကျင့်ကြမယ်။ ကိုယ် မနှစ်သက်တဲ့ စိတ်ခံစားမှုတွေကို ဖြစ်ပေါ်ခွင့် ပေးလိုက်ပါ။ အတွေးတွေနဲ့ မိတ်ဆွေဖွဲ့နိုင်သလား၊ အတွေးတွေအတွက် နေရာလွတ် ဖန်တီးပေးနိုင်သလား၊ အတွေးတွေကို ဖြစ်ပေါ်ခွင့် ပေးနိုင်သလား ကြည့်ပါ။

အိပ်ချင်ငိုင်မြည်းတယ်ဆိုရင် မျက်လုံးတွေ ဖွင့်လိုက်ကြပါ။ သတိရှိနေဖို့၊ နိုးကြားနေဖို့ အရေးတကြီး လိုအပ်ပါတယ်။

မနှစ်သက်စရာ စိတ်ခံစားမှုတွေကို မဖယ်ရှားဖို့၊ မထိန်းချုပ်ဖို့ အရေးကြီးပါတယ်။ သူတို့ကို ဖြစ်ပေါ်ခွင့် ပေးလိုက်ဖို့၊ သူတို့နဲ့ မိတ်ဆွေဖွဲ့ဖို့၊ သူတို့အတွက် နေရာလွတ် ဖန်တီးပေးဖို့ လိုပါတယ်။ အရေးကြီးတဲ့ ဒီအပိုင်းကို လေ့လာသင်ယူကြရအောင်။

မနှစ်သက်စရာ အတွေ့အထိတွေနဲ့ ပတ်သက်လို့လည်း အလားတူပဲ လေ့ကျင့်ကြပါမယ်။ မနှစ်သက်စရာ အတွေ့အထိတွေကို ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်ခွင့် ပေးလိုက်ပါ။ ထူးဆန်းတယ် ပုံမမှန်ဘူးလို့ ထင်ရတဲ့ ခံစားချက်တွေ၊ မူမမှန်ဘူးလို့ ထင်ရတဲ့ အတွေ့အထိတွေ ဖြစ်ပေါ်စမ်းပါစေ။ ခန္ဓာကိုယ် နေရာအနှံ့မှာ ဖြစ်ပေါ်နိုင်ပါတယ်။

ဒီ အတွေ့အထိတွေကို အနှုတ်လက္ခဏာ မတပ်ဘဲနဲ့ ဆက်ဆံနိုင်ပါသလား။ အတွေ့အထိတွေသာ ဖြစ်တယ်လို့ သဘောထားပြီး ဆက်ဆံနိုင်ပါသလား။

အတွေးတွေ၊ စိတ်ခံစားမှုတွေ၊ အတွေ့အထိတွေကို အရှိအတိုင်း မြင်နိုင်အောင် လေ့ကျင့်နေပါတယ်။ အနှုတ်လက္ခဏာတွေ၊ အပေါင်းလက္ခဏာတွေ မထည့်ဘဲ ဆက်ဆံနိုင်အောင် လေ့ကျင့်နေပါတယ်။

ကျွန်တော်တို့ရဲ့ အတွေးတွေ၊ စိတ်ခံစားမှုတွေ၊ အတွေ့အထိတွေ အပေါ်မှာ မေတ္တာထားနိုင်အောင် လေ့ကျင့်နေတာ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့ဟာ ကျွန်တော်တို့အတွက် ပြဿနာတွေ ဖြစ်မလာနိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ ဖြစ်လာပါတယ်။ ဒီ ဘာဝနာမှာ ကျွန်တော်တို့ ကြိုးစားနေတာ ဒါပါပဲ။


:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment