Tuesday, November 19, 2013

သိမ်မွေ့သောလမ်း (၁၈)

(. . . . .မှ အဆက်)

ဘာဝနာကမ္မဋ္ဌာန်း အတွေ့အကြုံ

(တစ်ရက်တရားစခန်း၊ ဟောင်ကောင်၊ ၁၂ အောက်တိုဘာ၊ ၁၉၉၇)

၁။ နေ့စဉ်ဘာဝနာ

ဆရာကြီး။  ။ တစ်ရက် တရားစခန်းကနေ ကြိုဆိုပါတယ်။ ဒီနေ့ ကျင့်သုံးစရာတွေ အကြံပြု တင်ပြချင်ပါတယ်။

ကျေနပ်ပျော်ရွှင်မှု

ပထမဆုံး အကြံပြုချင်တာက . . . ဒီနေရာ ရောက်လာနိုင်တဲ့အတွက် ခင်ဗျားတို့အားလုံး ပျော်ရွှင်ကျေနပ်သင့်ပါတယ်။ ဒီနေ့ အလုပ်နားရက်ပါ။ ပင်ပင်ပန်းပန်း အလုပ် လုပ်ခဲ့ကြပြီးတဲ့နောက် ဒီကို ရောက်လာဖို့ ဆုံးဖြတ်ခဲ့တာကို ကျေနပ် ဝမ်းမြောက်သင့်ပါတယ်။ ထုံးစံအားဖြင့် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ခံစားမိတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဘက်က ရှုမြင်ခံစားတတ်ဖို့ အရေးကြီးပါတယ်။ ဒီအချက်ကို အလေးထား ပြောကြားလိုပါတယ်။ ဘာဝနာ ကမ္မဋ္ဌာန် စီးဖြန်းဖို့ ဒီကို အရောက်လာနိုင်ခဲ့ပါလားလို့ ကိုယ့်ဟာကို ကျေနပ်နိုင်ပါစေ။

နောက်တစ်ခုက . . . ဒီကို ရောက်လာနိုင်တဲ့ အခြေအနေကို ကျေးဇူးတင်နိုင်အောင် ကြိုးစားပါ။ တစ်ချို့ဆို ဒီကို လာချင်ကြပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မလာနိုင်ကြတာကို ကျွန်တော် သိပါတယ်။ ဒီကို လာနိုင်ခဲ့ပြီ၊ ဒီနေရာ ရောက်နေပြီလို့ စဉ်းစားပြီး . . . ကျေးဇူးတင်သင့်ပါတယ်။

သိကာမတ္တ
ဘာဝနာ ကမ္မဋ္ဌာန်းမှာ တကယ့်ကို အရေးကြီးတာ တစ်ခုက ဖြစ်ပေါ်နေတာကို သိမှတ်တဲ့၊ သတိထားတဲ့၊ သိရုံသာ သိနေတဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ ဒါကြောင့် အလွန်အရေးကြီးတဲ့ အရည်အချင်း ဖွံ့ဖြိုးလာအောင် ဒီ တစ်ရက်တရားစခန်းမှာ ကြိုးစားကြပါမယ်။ အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်း ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို သိရုံလေး သိနေနိုင်စွမ်းကို ဖွံ့ဖြိုးအောင် ကြိုးစားကြပါမယ်။ မနှစ်သက်စရာ တွေ့ကြုံရရင်တောင်မှ၊ ထူးဆန်းတယ် ထင်ရတာတွေ ကြုံတွေ့ရရင်တောင်မှ စိုးရိမ်ပူပန် မနေဘဲ သိရုံလေး သိနေလိုက်ပါ။ ငါ လုပ်နေတာ ဟုတ်မှ ဟုတ်ရဲ့လား၊ ငါ ကြုံရတာတွေ ပုံမှန်မှ ဟုတ်ရဲ့လားလို့ မစဉ်းစားပါနဲ့။ အဲဒီလိုတွေ တွေးနေစရာ မလိုပါဘူး။ ဒါဟာ ငါတကယ် ခံစားနေရတာပဲ၊ ဒါဟာ ငါ တွေ့ကြုံနေရတဲ့ အထိအတွေ့ပဲလိုသာ သိမှတ်လိုက်ပါ။

နောက်တစ်ခု အရေးကြီးတာက . . . သတိရှိဖို့၊ မေတ္တာနဲ့ သိမှတ်ဖို့၊ ဖြစ်ပေါ်နေတာတွေကို ဖော်ဖော်ရွေရွေ သိနေဖို့ပဲ ဖြစ်ပါတယ်။ အမေက သားကို ချစ်ကျွမ်းဝင်တဲ့စိတ်နဲ့ စောင့်ကြည့်နေသလို၊ အကဲခတ်နေသလို သိမှတ်နေနိုင်ပါတယ်။ ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို စောင့်ကြည့်တတ်အောင်၊ အကဲခတ်တတ်အောင်၊ လေ့လာစူးစမ်းတတ်အောင် ဒီနေ့ လေ့ကျင့်ကြပါစို့။ မိခင်က သူ့သားကို ချစ်ခင်ရင်းနှီးမှုနဲ့ သိမ်သိမ်မွေ့မွေ့ ပွင့်ပွင်းလင်းလင်း စောင့်ကြည့်သလို စောင်ကြည့်ကြပါစို့။

ဖြည်းလေး တိုးတိတ် အထီးကျန်

သတိရှိတာနဲ့ ပတ်သက်လို့ အကြံပေးချင်တာ တစ်ခုက . . . ဒီနေ့ ဖြည်းဖြည်းနှေးနှေး နေတတ်အောင် လေ့ကျင့်ကြဖို့ပါ။ ဒီ ဟောင်ကောင်မှာ ဘဝက အရှိန်အဟုန် မြန်လွန်းတဲ့အတွက် ခင်ဗျားတို့ ခပ်မြန်မြန် လှုပ်ရှားနေကြရတာကို ကျွန်တော် သိပါတယ်။ ဒီနေ့ လုပ်စရာ တစ်ခုက . . . သက်တောင့်သက်သာ နေတတ်အောင် လေ့ကျင့်ကြမယ်။ ဖြည်းဖြည်းပဲ လုပ်ကြမယ်။ ဖြည်းဖြည်းနဲ့ အေးအေးဆေးဆေး လုပ်ကြမယ်။

နောက်တစ်ခုက တိတ်တိတ်ဆိတ်ဆိတ် နေဖို့ပါ။ စကားပြောတာ အကျင့်ကြီး ပါနေတဲ့ အတွက်ကြောင့် တိတ်ဆိတ်နေရတာဟာ တစ်ချို့ ပုဂ္ဂိုလ်တွေအတွက် တကယ့်ကို ခက်ခဲမှန်း ကျွန်တော် သိပါတယ်။ ဒီနေ့တော့ ကိုယ့်ဟာကို တိတ်တိတ်ဆိတ်ဆိတ် နေတတ်အောင် ကြိုးစားကြပါမယ်။ တိတ်ဆိတ်ခြင်းနဲ့ အသိ သတိတို့ ဆက်စပ်မှု ရှိတယ်ဆိုတာကို သဘောက်ပေါက်လာကြပါလိမ့်မယ်။ သတိမြဲလေ တိတ်ဆိတ်လေ ဖြစ်လာပါလိမ့်မယ်။ နောက်ပြီးတော့ . . . တိတ်ဆိတ်နေတဲ့ အခါမှာ အလိုလို သတိရှိလာပါလိမ့်မယ်။ စိတ်ထဲမှာ တိတ်ဆိတ်ခြင်းက ဖန်းတီးပေးတဲ့ ကင်းလွတ်မှုကို ခံစားနိုင်ပါလိမ့်မယ်။

တိတ်ဆိတ်ခြင်းနဲ့ ပတ်သက်တာ တစ်ခုက . . . ကိုယ်တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ ဒီနေ့ . . . တိတ်တိတ်ဆိတ်ဆိတ်နဲ့ တစ်ယောက်တည်း နေတတ်အောင် ကြိုးစားပါ။ ကျွန်တော်တို့ဟာ ဗဟိဒ္ဓ ဝတ္ထုတွေကို မှီခိုနေကြပါတယ်။ ကိုယ့်ကိုယ်ကို ဖော်ရွှေနိုင်အောင် ဒီနေ့ ကြိုးစားကြမယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့အဖော် ဖြစ်နိုင်ရဲ့လား ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် အဖော်လုပ်ရတာ သဘောကျရဲ့လား ကြည့်ပါ။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်အောင် လေ့ကျင့်နေပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆက်စပ်မိဖို့၊ ကိုယ့်ရဲ့ တန်ဖိုးအရှိဆုံး မိတ်ဆွေလို့ ကိုယ့်ကိုယ်ကိုယ် မြင်နိုင်ဖို့ အရေးကြီးပါတယ်။

ဒီနေ့ အုပ်စုလိုက် ဆွေးနွေးပွဲ ရှိပါလိမ့်မယ်။ ပြဿနာတွေ အခက်အခဲတွေ ကြုံရရင် ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့၊ ကိုယ်ပိုင် လက်နက်ရှိဖို့ကတော့ ဘာဝနာ ကမ္မဋ္ဌာန်း အလုပ်မှာ အရေးကြီးတာပါပဲ။ ကိုယ်ပိုင်လုံ့လဟာ အကောင်းဆုံးလုံ့လလို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို အားကိုးဖို့ ဟောကြားတော်မူခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု

အရေးကြီးတဲ့ နောက်တစ်ခု ပြောချင်တာက . . . ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖွံ့ဖြိုးလာအောင် ဒီနေ့ ကြိုးစားကြမယ် ဆိုတာပါပဲ။ ကိုယ်ထဲ စိတ်ထဲမှာ ဘာပဲ ပေါ်လာပေါ်လာ ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ ဖြစ်ပါတယ်။ ဘာဝနာအလုပ် အားထုတ်ရာမှာ ဒီ ယုံကြည်မှု ရှိဖို့ အရေးကြီးပါတယ်။ ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်နေတာတွေကို သိရုံသာ သိနေဖို့၊ တွေ့ကြုံရတာတွေကနေ လေ့လာသင်ယူဖို့၊ တွေ့ကြုံရတာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ရှိနေဖို့ ဖြစ်ပါတယ်။

ဒီနေ့ . . . ပညာသင်ယူနေတဲ့ ကလေးတစ်ယောက်လို ဖြစ်နေအောင် ကြိုးစားကြမယ်။ ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်နေတာတွေကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားကြမယ်။ မဆင်ခြင် မစဉ်းစားဘဲ အမှန်ထင်ထားတဲ့ ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို လေးတစ်ယောက်လို လေ့လာ စူးစမ်း စပ်စုနိုင်စွမ်း ရှိဖို့ လိုပါတယ်။

ဘာဝနာ အလုပ်ကို ကိုယ့်ကိုယ်ထဲမှာ ကိုယ်ကိုယ်တိုင် လေ့လာရေး ခရီးထွက်နေတဲ့ အလုပ်လို့ ရှုမြင်နိုင်အောင် ကြိုးစားပါ။ ဒီလို ပွင့်လင်းနိုင်မယ်ဆိုရင် ဒီနေ့ တွေ့ကြုံရသမျှ အရာရာတိုင်းကနေ လေ့လာသင်ယူနိုင်ပါတယ်။ နှစ်သက်စရာလည်း ဖြစ်နိုင်ပါတယ်။ မနှစ်သက်စရာလည်း ဖြစ်နိုင်ပါတယ်။ ဒီကနေ ငါ ဘာတွေ လေ့လာနိုင်သလဲ၊ ဒါက ငါ့ကို ဘာတွေ သင်ပြနေသလဲလို့ မေးခွန်းထုတ်တတ်အောင် လေ့ကျင်ပါ။ ဘာဝနာ ကမ္မဋ္ဌာန်းနဲ့ ပတ်သက်လို့ ဒီလို သဘောထားဟာ အရေးကြီးပါတယ်။

ဘာမှ မထူးဆန်း

နောက်ဆုံး အကြံပြုချင်တာက . . . အလွန့်အလွန် ထူးဆန်းတာ တစ်ခုခု ရရှိလိမ့်မယ်လို့ အလွန်အကျွံ မျှော်လင့်မထားဖို့ ဖြစ်ပါတယ်။ ဘာဝနာအလုပ်ဆိုတာ ထူးထွေဆန်းပြားတဲ့အလုပ် မဟုတ်ပါဘူး။ သာမန် အရာတွေကို ပွင့်ပွင့်လင်းလင်း ဆက်ဆံလိုက်တာသာ ဖြစ်ပါတယ်။ ဘာမှ ထူးခြားတာ မဟုတ်ပါဘူး။ ဒါကို သတိရပါ။ ဒါကို သဘောပေါက်ပါ။ ဒါဟာ ဘာဝနာ အလုပ်ရဲ့ အလှတရား ဖြစ်ပါတယ်။ ရရှိမှာက အကျိုးရလဒ်တွေ မဟုတ်ပါဘူး။ ဘာဝနာ အလုပ်ကို ကျင့်သုံးမိမှာ ဖြစ်ပါတယ်။ အဲဒါ အကျိုးရလဒ်ပါပဲ။ ဖြစ်ပေါ်နေတာတွေကို သိရှိခြင်း အကျိုးပါပဲ။ နောက်ဆက်တွဲ ရလဒ် မဟုတ်ပါဘူး။ ဒါကို သတိရပါ။ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုမှာ အကျိုးရလဒ် ရရှိဖို့၊ ပန်းတိုင်းရောက်ရှိဖို့ အများကြီး အလေးပေးကြပါလိမ့်မယ်။ ဘာဝနာ အလုပ်မှာတော့ လက်တွေ့ကျင့်သုံးခြင်းဟာ အကျိုးရလဒ်ပါပဲ။ ဒါဟာ ဘာဝနာ ကမ္မဋ္ဌာန်းနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ပါ။ အကျိုးရလဒ်က ပွင့်လင်းမှုပဲ ဖြစ်ပါတယ်။ အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်းမှာ ဖြစ်ပေါ်နေတာကို သိခြင်းပါပဲ။ အခိုက်အတန့်တိုင်းကို သိတာပါပဲ။

ဒါတွေဟာ ဒီနေ့ ကျွန်တော် ပေးချင်တဲ့ လက်တွေ့ အကြံပေးချက်တွေ ဖြစ်ပါတယ်။ အစီအစဉ်ထဲမှာ ဖော်ပြထားတာတွေ ခင်ဗျားတို့ တွေ့ကြပါလိမ့်မယ်။ ယောဂ ပါတယ်။ စင်္ကြံကမ္မဋ္ဌာန်း ပါတယ်။ ရပ်နေရင်း မှတ်တာ ပါတယ်။ အုပ်စုလိုက် ဆွေးနွေးတာ ပါတယ်။ ဝတ်ရွတ်စဉ် ပါတယ်။ ဒီနေ့ ကြုံတွေ့ရမှာတွေ အများကြီးပါပဲ။ အားလုံးကို တစ်ရက်စခန်း ဘာဝနာကျင့်စဉ်ရဲ့ အစိတ်အပိုင်းတွေအဖြစ် ရှုမြင်ကြရအောင်။ နေ့လယ်စာ စားတဲ့အခါတောင်မှ ကျင့်စဉ်ရဲ့ အစိတ်အပိုင်း တစ်ခုနေနဲ့ စားတာတတ်အောင် လေ့ကျင့်ကြမယ်။ ဘာဝနာစိတ်နဲ့ ဘယ်လိုစားရတယ် ဆိုတာကိုလည်း ကျွန်တော် လမ်းညွှန်ပြသ ပေးပါ့မယ်။

ထိုင်ကမ္မဋ္ဌာန်း အလုပ်ပေး

ကဲ . . . အခု တရားထိုင်ကြရအောင်။ မထိုင်ခင်မှာ မတ်တပ်ရပ်လိုက်ချင်တဲ့သူ ရပ်နိုင်ပါတယ်။ အရွှေ့အပြောင်း လုပ်ချင်လည်း လုပ်ပါ။

ဟုတ်ပြီ . . .။ သက်တောင့်သက်သာ ဖြစ်မယ့် အနေအထားနဲ့ ထိုင်ကြပါ။

မျက်စိတွေ ပိတ်လိုက်ပါ။ စိတ်အေးလက်အေး နေနိုင်အောင် အချိန်ယူပြီး လေ့ကျင့်ပါ။ ခန္ဓာကိုယ် အေးအေးသက်သာ ရှိနေရပါမယ်။ သက်တောင့်သက်သာ ရှိနေပါစေ။

အချိန် အနည်းငယ်ကြာအောင် ငါ တရားထိုင်နေပါလားလို့ ဝမ်းမြောက်လိုက်ပါ။ ကိုယ်လုပ်နေတာကို ကျေနပ်နိုင်ပါစေ။

အခု အားထုတ်မယ့် ပစ္စုပ္ပုန်ကို သိမှတ်တဲ့ ဘာဝနာဟာ တကယ် ရိုးရှင်းပါတယ်။ တကယ့်ကို ရိုးရှင်းပါတယ်။ ခေါင်းလောင်းသံ ကြားရတဲ့အထိ အခိုက်တန့်တိုင်းမှာ ကြားရတာကိုသာ သိနေပါ။ ပေါ်လာတဲ့ အတွေးကိုသာ သိနေပါ။ ခန္ဓာကိုယ်မှာ တွေ့ထိတာကိုသာ သိနေပါ။

ဒါဟာ လူတိုင်း လုပ်နိုင်လောက်အောင် လွယ်ကူ ရိုးရှင်းပါတယ်။ အရေးကြီးတာက သတိထားမိနေဖို့ ဖြစ်ပါတယ်။  နိုးကြားနေဖို့၊ ပစ္စုပ္ပန်မှာ ရှိနေဖို့၊ အခိုက်တန့်တိုင်းမှာ သတိမြဲဖို့ပဲ ဖြစ်ပါတယ်။



:)

ရှင်အာစာရ

-----

Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။


Ref:

"The GENTLE WAY of Buddhist Meditation", Godwin Samararatne

A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997

Revised Edition, Jeanne Mynett, 2005

Inward Path Publisher, Penang, Malaysia, 2007

for Free Distribution Only and NOT for sale

No comments:

Post a Comment