Saturday, November 30, 2013

သိမ်မွေ့သောလမ်း (၁၉)


အိပ်ချင် ငိုက်မြည်းလာတယ်ဆိုရင် မျက်လုံးဖွင့်ပါ။

အသံတွေ ကြားရပါတယ်။ အတွေးတွေ ပေါ်လာပါတယ်။ အတွေ့အထိ မျိုးစုံ ကြုံရပါတယ်။ စိတ်ခံစားမှုတွေလည်း ရှိပါတယ်။ အခိုက်အတန့် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေတာတွေ အားလုံးကို သိရုံလေး သိနေပါ။ သူတို့နဲ့ မိတ်ဆွေဖွဲ့နေတာပ။ သူတို့နဲ့ အဆင်ပြေနိုင်အောင် လေ့ကျင့်သင်ယူနေတာပါ။

ခန္ဓာကိုယ်မှာ မနှစ်သက်စရာတွေ ခံစားရရင် ခံစားမှုတွေ အပေါ်မှာ ပွင့်လင်းနိုင်ပါစေ။ ခံစားရတာတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ ခံစားရတာတွေကို သတိထားကြည့်ပါ။ ကြားရတဲ့ အသံတေကွနဲ့လည်း အဆင်ပြေအောင် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

စိတ်ထဲမှာ ပေါ်လာပြီး ပျောက်ပျက်သွားတဲ့ အတွေးတွေတိုင်းကို သိလိုက်နိုင်ပါရဲ့လား။

[ခေါင်းလောင်းတီးသည်။]

မျက်လုံးတွေ ဖွင့်လိုက်ပါ။ ခန္ဓာကိုယ် လှုပ်ရွေ့တဲ့ အခါမှာ လှုပ်တာရွှေ့တာကို သိပါ။ ခန္ဓာကိုယ်မှာ တွေ့ကြုံခံစားတာတွေ အမျိုးမျိုးကို သိနိုင်ခံစားနိုင်ပါစေ။ အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်း ကိုယ်ထဲစိတ်ထဲမှာ ဖြစ်ပေါ်နေတာတွေ အားလုံးကို ဆက်လက်ပြီး သိမှတ်နေပါ။

လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုထ် လေးပါးလုံးနဲ့ အားထုတ်နိုင်ပါတယ်။ ဒီနေ့တော့ ထိုင်တာ၊ ရပ်တာ၊ သွားတာ သုံးမျိုးနဲ့ပဲ ရှုမှတ်ပွားများကြပါမယ်။

ထိုင်ကမ္မဋ္ဌာန်း ဆွေးနွေးချက်

ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းနေခိုက်မှာ အမှန်တကယ် ဖြစ်ပေါ်တာနဲ့ ပတ်သက်လို့ ဆွေးနွေးချင်ပါတယ်။ အတွေ့အကြုံကိုပဲ မျှဝေပါ။ ကမ္မဋ္ဌာန်း ထိုင်ခဲ့တုန်းက ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ပဲ မေးခွန်းတွေ မေးကြပါ။

အခက်အခဲ ရှိကြပါသလား။ တရားထိုင်တာနဲ့ ပတ်သက်လို့ မေးစရာ ရှိကြပါသလား။ ထိုင်နေရင်းနဲ့ စိတ်ထဲ ကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကိုပဲ သိမှတ်ဖို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မေးစရာတွေ ရှိပါသလား။ အခက်အခဲ ရှိပါသလား။

ယောဂီ။  ။ တရားထိုင်နေတုန်းမှာ အတွေးမျိုးစုံ ပေါ်လာပါတယ်။ တစ်ချို့က ထင်ရှားပါတယ်။ အထူး မှတ်စရာ မလိုပါဘူး။ တစ်ချို့ကတော့ သိမ်မွေ့ပါတယ်။ မထင်ရှားတာလေးတွေပါ။ အဲဒါတွေကို သိမှတ်ဖို့ လိုပါသလား။

ဆရာကြီး။  ။ အတွေးအကြံ အားလုံးကို မှတ်သင့်ပါတယ်။ အလုပ်ပေးတရားတုန်းက ကျွန်တော် ပြောခဲ့ပါတယ်။ စိတ်ထဲမှာ ပေါ်လာတဲ့ အတွေးအားလုံးကို သတိပြုနိုင်ရဲ့လားလို့ ကျွန်တော် မေးခဲ့ပါတယ်။ အတွေးတွေကို သိမ်မွေ့တယ် မသိမ်မွေ့ဘူး၊ ကောင်းတယ် မကောင်းဘူးလို့ မဆုံးဖြတ်ဘဲစောင့်ကြည့်နိုင်အောင် လေ့ကျင့်ဖို့ အလွန် အရေးကြီးပါတယ်။ ဘာမှ မဆုံးဖြတ်ဘဲ၊ အပေါင်းတွေ အနှုတ်တွေ မတပ်ဘဲ အတွေးတွေ ပေါ်လာတဲ့အခိုက် ပျက်သုဉ်းသွားတဲ့ အခိုက်မှာ စောင့်ကြည့်ရုံပဲ စောင့်ကြည့်နိုင်ပါရဲ့လား။

ယောဂီ။  ။ ကျွန်တော် တရားအားထုတ်တာ တစ်နှစ်ကျော်ပါပြီ။ ပြဿနာမျိုးစုံ ကြုံရပါတယ်။ ခန္ဓာကိုယ် လှုပ်ရွေ့နေတာ၊ ခြေမျက်စိနာတာမျိုးပေါ့။ ခဏလောက် ထိုင်ပြီးတော့ မတ်တပ်ရမယ်လုပ်တဲ့ အခါမှာ . . . တော်တော် ခက်ခဲပါတယ်။ ခဏလောက် လမ်းလျှောက်လိုက်တော့ အဆင်ပြေသွားပါတယ်။ အခုလောလောဆယ် ပခုံး နာနေပါတယ်။ ဒီလို ပြဿနာတွေ ရှိပါတယ်။ ကျွန်တော် အားထုတ်နေတာ နည်းမှန်လမ်းမှန် ဟုတ်ရဲ့လား သိချင်ပါတယ်။

ဆရာကြီး။  ။ ကျွန်တော်တော့ ဒါတွေကို ပြဿနာလို့ မယူဆပါဘူး။ ဘာဝနာ ကမ္မဋ္ဌာန်းဆိုတာ စိတ်ထဲကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကို သိရုံလေး သိနေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ငါ လုပ်နေတာ မှန်မှ မှန်ရဲ့လား၊ ငါ လုပ်နေတာ မှားများ မှားနေသလား၊ ဖြစ်နေတာတွေ ထူးဆန်းလိုက်တာပါလားလို့ မစဉ်းစားဘဲ သိနေဖို့ ပြောခဲ့ပါတယ်။ အရှင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားပြီး ပြောခဲ့ပါတယ်။ ကျွန်တော် အကြိမ်များစွာ ထပ်တလဲလဲ ပြောခဲ့ပါတယ်။ ဖြစ်နေတာကို သိရုံလေး သိနေဖို့ပါပဲ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေရဲ့လား။ အထူးသဖြင့် ကိုယ် မနှစ်သက်တာတွေနဲ့ အဆင်ပြေရဲ့လား။

ဟုတ်ပါပြီ . . ။ ခန္ဓာကိုယ်ထဲမှာ မနှစ်သက်စရာတွေ ဘယ်လိုပုံစံနဲ့ ပေါ်လာတာပဲဖြစ်ဖြစ် ရှုမှတ်နိုင်အောင် လေ့ကျင့်ဖို့ အလွန် အရေးကြီးတယ်ဆိုတာ ထပ်ပြောချင်ပါတယ်။ ဖြစ်ပေါ်တာတွေကို သိရုံသာ သိပါ။ သူတို့နဲ့ မိတ်ဆွေဖွဲ့ပါ။ သူတို့ကို ပြဿနာလို့ မမြင်ပါနဲ့။ ဒါ လက်တွေ့ အကျင့်ပါပဲ။ တရားထိုင်တုန်းမှာ ပေါ်လာတဲ့ မနှစ်သက်စရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရင် နေစဉ်ဘဝမှာ ကြုံရတဲ့ မနှစ်သက်စရာတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ တရားထိုင်တုန်းမှာ ပေါ်လာတဲ့ မနှစ်သက်စရာတွေဟာ တကယ့်ကို အထောက်အကူ ပြုပါတယ်။

ယောဂီ။  ။ စိုးရိမ်ပူပန်မှုအကြောင်း စဉ်းစားနေမိပါတယ်။ အချိန်အတော်ကြာအောင် စိုးရိမ်ပူပန်ဖူးပါတယ်။ ပြန်ကြည့်တော့၊ ပြန်စဉ်းစားကြည့်တော့ ပေါ်မလာပါဘူး။ တစ်နည်းအားဖြင့် . . . ကျွန်တော် ခံစားခဲ့ရတာက သိပ်မပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုပါ။ ဒါက တစ်ခု။ နောက်တစ်ခုက ပြဿနာ တစ်ခုခုကို စိုးရိမ်ပူူပန်ခဲ့ပြီး နောက်ကျတော့ အဲဒီ စိုးရိမ်ပူပန်မှုကို ပြန်တွေးလို့ မရနိုင်ဘဲ ဖြစ်နေတုန်း စိုးရိမ်ပူပန်မှုက ရုတ်တရက် ပြန်ပေါ်လာတယ်ဆိုရင် ရှုမှတ်ချိန် မရလိုက်တော့ပါဘူး။ ပြဿနာကို တွေ့ကြုံရင်ဆိုင်ဖို့ မလုံလောက်တော့ပါဘူး။ စိုးရိမ်ပူပန်မှုကို မစစ်ဆေးနိုင်တော့ပါဘူး။ မသုတ်သင် မရှင်းလင်းနိုင်တော့ပါဘူး။ ပြဿနာကို မျှမျှတတ ရင်မဆိုင်နိုင်တော့ပါဘူး။

ဆရာကြီး။  ။ ပထမ အချက်ကို ဖြေရမယ် ဆိုရင် . . . ကိုယ်က စိုးရိမ်ပူပန်မှု ပေါ်လာစေချင်တယ်၊  စိုးရိမ်ပူပန်မှုက ပေါ်မလာဘူး။ ပြဿနာက ဘာလဲ။ စိတ်ဝင်စားစရာ မကောင်းဘူးလား။ စိုးရိမ်ပူပန်မှု ရှိနေရင် ပြဿနာ၊ စိုးရိမ်ပူပန်မှု မရှိတဲ့ အခါမှာလည်း ပြဿနာ။

ယောဂီ။  ။ ကျွန်တော် မေးချင်တာက . . . ပြဿနာက . . . စိုးရိမ်မူပန်မှု ဆိုပါစို့။ စိုးရိမ်ပူပန်မှုက အခါအားလျော်စွာ ပေါ်လာတတ်တယ်။ ကျွန်တော်တို့က စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းတဲ့ အတွေ့အကြုံ လိုချင်တယ်။ စိုးရိမ်ပူပန်မှုကို ရှုမှတ်ချင်တဲ့ အခါကျတော့ . . . သူက အရင်လို ပေါ်မလာတော့ဘူး။ ဒါကြောင့် ပြဿနာ ဖြေရှင်းတတ်အောင် အကူအညီပေးနိုင်တဲ့ အတွေ့အကြုံ မရှိတော့ဘူး။

ဆရာကြီး။  ။ စိတ်ခံစားမှုတွေနဲ့ ပတ်သက်တဲ့ နည်းတွေ ကျွန်တော် ဟောပြောတုန်းက ခင်ဗျားက သီလရှင်ကျောင်းမှာ ရှိနေတာ ထင်ပါတယ်။ ဒါကြောင့် အစက ပြန်စစေချင်ပါတယ်။ ခင်ဗျား ရှုမှတ်နေတာ ကျွန်တော် မြင်ပါတယ်။ ဆက်လက် ရှုမှတ်ပါ။ ကိုယ့်ဟာကို လေ့လာပါ။ ပြောခဲ့တဲ့ နည်းတွေနဲ့ စမ်းသပ်ကြည့်ပါ။ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်လို့ အဆင်ပြေရဲ့လား ကြည့်ပါ။

စိတ်ခံစားမှုတွေနဲ့ ပတ်သက်တဲ့ နည်းတွေ ဟောပြောတုန်းက တစ်ချို့က ဒီမှာ မရှိကြဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် စိတ်ခံစားမှုတွေ ပေါ်လာရင် ဘယ်လိုလုပ်ရမယ် ဆိုတာကို အကျဉ်းချုပ် ပြောပါမယ်။

ဒီနေ့ ကျွန်တော်တို့ လေ့လာခဲ့ကြတာက . . . စိုးရိမ်ပူပန်မှုပဲ ဖြစ်ဖြစ်၊ ကြောက်တာပဲ ဖြစ်ဖြစ်၊ ဒေါသပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်မှာ နာကျင်တာပဲ ဖြစ်ဖြစ် သူတို့ကို သိရုံသာ သိနေဖို့ ဖြစ်ပါတယ်။ ကာယိက ဝေဒနာနဲ့ ပတ်သက်လို့ ကျွန်တော် အကြံပေးခဲ့တဲ့ အတိုင်းပါပဲ။ စိုးရိမ်မှုပဲဖြစ်ဖြစ်၊ ကြောက်လန့်မှုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်လို့ သဘောထားနိုင်အောင် လေ့ကျင့်ရတာပါ။ ဒီလို မနှစ်သက်စရာ ခံစားမှုတွေနဲ့ ရင်းနှီးအောင် လေ့ကျင့်ခြင်းဟာ အဲဒီ ခံစားမှုတွေနဲ့ ပတ်သက်လို့ အဆင်ပြေအောင် ကူပံ့ပေးပါတယ်။ ဒါက ကျွန်တော် ပြောခဲ့တဲ့ နည်းတွေထဲက တစ်ခုပါ။ တစ်ခြားနည်းတွေကို စိတ်ဝင်စားတဲ့သူတွေ အနေနဲ့ ဟောပြောခဲ့တာကို ကူးယူနိုင်ပါတယ်။

အာနာပါနကမ္မဋ္ဌာန်း အလုပ်ပေး

ဒီ တရားချိန် အတွင်းမှာ အပြင် မထွက်ကြပါနဲ့။

ခန္ဓာကိုယ်ကို ဆက်လက်ပြီးတော့ အာရုံစိုက်နေကြပါ။ မျက်စိတွေ မှိတ်ထားနိုင်ပါတယ်။ အတွေ့အထိ အမျိုးမျိုး၊ ခန္ဓာကိုယ်ထဲက လှုပ်ရှားမှု အမျိုးမျိုးကိုသာ သိမှတ်ခံစားနေပါ။

ခန္ဓာကိုယ်ကို ခံစားတတ်အောင်၊ ခန္ဓာကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်နေကြတာပါ။

ဒီခန္ဓာကိုယ် ရှိတယ်၊ တရားဘာဝနာ အားထုတ်ဖို့ ဒီခန္ဓာကိုယ်ကို အသုံးချနိုင်တယ်လို့ . . . အခြေအနေကို ကျေးဇူးတင်ပါ။

ထိုင်နေတဲ့ ဣရိယာပုထ်ကို သိမှတ်ခံစားပါ။ ဒီ ဣရိယာပုထ်နဲ့ သက်တောင့်သက်သာ ရှိပါရဲ့လား။

ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ထားနိုင်ရင် စိတ်ကိုလည်း ဖြေလျှော့ပေးနိုင်ပါတယ်။ သက်တောင့်သက်သာ နေတယ်ဆိုတာဟာ ကိုယ်ကိုရော စိတ်ကိုပါ ခုခံတုံ့ပြန်တာ မဟုတ်ပါဘူး။

အချိန်အတော်ကြာအောင် အာနာပါန အားထုတ်နေပါ။ ခန္ဓာကိုယ်ကို သဘာဝအတိုင်း အသက်ရှူခွင့် ပေးလိုက်ပါ။ ခန္ဓာကိုယ် အသက်ရှူချင်သလို ရှူပါစေ။

ခန္ဓာကိုယ်က အသက်ရှူထုတ်လိုက်ရင် ရှူထုတ်တယ်လို့ သိပါ။ ခန္ဓာကိုယ်က အသက်ရှူသွင်းလိုက်ရင် ရှူသွင်းတယ်လို့ သိပါ။ ဝင်လေနဲ့ ထွက်လေအပေါ်မှာပဲ လုံးလုံးလျားလျား အာရုံစိုက်ထားပါ။

အတွေးတွေ ဖြစ်ပေါ်လာတယ်ဆိုတာ သဘာဝပါ။ အတွေးတွေ ဖြစ်ပေါ်နေတယ်လို့သာ သိပါ။ အတွေးတွေကို မဆန့်ကျင်ပါနဲ့။ အတွေးတွေကို မလိုလားတာမျိုး မဖြစ်မိပါနဲ့။ ဝင်လေ ထွက်လေ အပေါ်မှာသာ ပိုပြီးတော့ အာရုံစိုက်နေလိုက်ပါ။

ခန္ဓာကိုယ်မှာ မနှစ်သက်စရာ အတွေ့အထိတွေ ရှိတယ်ဆိုရင် သူတို့ကို သတိထားနိုင်အောင် လေ့ကျင့်ပါ။ သူတို့ကို အာရုံစိုက်ပါ။ သူတို့နဲ့ ရင်းနှီးအောင် လေ့ကျင့်ပါ။ မနှစ်သက်စရာ ခံစားမှုတွေလည်း အဆင်ပြေပါတယ်လို့ သဘောထားနိုင်အောင် လေ့ကျင့်ပါ။

[ခေါင်းလောင်းတီးသည်။]

[ဝတ်ရွတ်စဉ်]



(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment