ယောဂီ။ ။
ဝမ်းနည်းမှုနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ရမယ်ဆိုတာ သိချင်ပါတယ်။ တစ်ခါတစ်ခါ
ဝမ်းနည်းမှုကို စောင့်ကြည့်ပြီး လွှတ်မပေးလိုက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
အဲဒီလို ၀မ်းနည်းမှုကို အိပ်မက်ထဲမှာတောင် ခံစားရလို့ပါ။ အထူးသဖြင့် ဆွေမျိုးတွေ
ကွယ်လွန်သွားတဲ့ အခါမျိုးမှာပေါ့။
ဆရာကြီး။ ။ ပြောခဲ့ပြီးသား နည်းတွေကို
ပြန်မပြောချင်တော့ပါဘူး။ ၀မ်းနည်းမှုပဲဖြစ်ဖြစ်၊ ကြောက်ရွံ့မှုပဲဖြစ်ဖြစ်၊
စိုးရိမ်မှုပဲဖြစ်ဖြစ်၊ အပြစ်ရှိတယ်လို့ ခံစားရတာပဲဖြစ်ဖြစ် ဖြေဆေးကတော့ အတူတူပါပဲ။
အိပ်မက်နဲ့ ပတ်သက်လို့ . . . ၀မ်းနည်းမှုက ပြင်းထန်လွန်းနေလို့
အိပ်မက်ထဲမှာတောင် ပေါ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေပါတယ်။
ဝမ်းနည်းစရာ အိပ်မက် မမက်တဲ့ နေ့တွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း
ရှိရမယ် ဆိုတာကို သတိရပါ။ ၀မ်းနည်းမှု
မဖြစ်ပေါ်ဘူးဆိုရင် မဖြစ်ပေါ်ဘူးလို့ သတိထားမိပါစေ။
ဝမ်းနည်းမှု
နှစ်မျိုး ရှိနိုင်ပါတယ်။ ၀မ်းနည်းမှု တစ်မျိုးက အဖြစ်အပျက် တစ်ခုခုနဲ့
ဆက်စပ်နေတတ်ပါတယ်။ ၀မ်းနည်းမှု နောက်တစ်မျိုး ရှိနိုင်ပါသေးတယ်။ အဲဒီ ၀မ်းနည်းမှုကို
အဖြစ်အပျက်နဲ့ မဆိုင်ဘဲ သာမန် ၀မ်းနည်းရုံ ၀မ်းနည်းတာ ဖြစ်ပါတယ်။ ၀မ်းနည်းမှုက
အဖြစ်အပျက် တစ်ခုခုနဲ့ ဆက်စပ်နေရင် အဲဒီ အဖြစ်အပျက်ကို ကမ္မဋ္ဌာန်းအာရုံဖြစ်အောင်
လုပ်လိုက်ပါ။ ဘယ်လိုဘယ်ပုံ ဖြစ်သင့်တယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် အဲဒီလို
အဖြစ်အပျက်မျိုးနဲ့ ကြုံရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုပါတယ်။
အကြောင်းတစ်စုံတစ်ရာ မရှိဘဲ သက်သက်ဝမ်းနည်းတာဆိုရင် ၀မ်းနည်းမှု ကြုံတွေ့နေရတဲ့
အခိုက်အတန့်မှာ ကိုယ့်ခန္ဓာထဲက အတွေ့အထိကို ခံစားနိုင်အောင် ကြိုးစားပါ။ ဘာဖြစ်လို့လဲဆိုတော့
ဝမ်းနည်းမိရင် အတွေးတွေ ဆိုးရွားလာတတ်လို့ပါ။ အတွေ့အထိကို အာရုံပြုမယ်ဆိုရင်
အထောက်အကူ ရနိုင်ပါတယ်။
နောက်တစ်နည်းက
ကျွန်တော် ပြောပြီးသားဖြစ်တဲ့ နည်းပါ။ လောလောဆယ် ဖြစ်ပေါ်နေတဲ့ အသက်ရှူမှုကို
အာရုံပြုလိုက်တာ ဖြစ်ပါတယ်။ ၀မ်းနည်းမှု အားလုံးဟာ အတိတ်နဲ့ ဆက်စပ်နေပါတယ်။
စိတ်ဝင်စားစရာပါ။ ၀မ်းနည်းမှုက အတိတ်နဲ့ ဆိုင်ပါတယ်။ စိုးရိမ်ပူပန်မှုက အနာဂတ်နဲ့
ဆိုင်ပါတယ်။ အသက်ရှူမှုနဲ့ ဆက်စပ်ပြီးတော့ ပစ္စုပ္ပန် အခိုက်အတန့်မှာ ရှိနေနိုင်အောင်
လေ့ကျင့်ပါ။ အတိတ် အနာဂတ်တို့နဲ့ ပတ်သက်လို့ အဆင်ပြေစေတဲ့ အကူအညီ ရရှိပါလိမ့်မယ်။ ပစ္စုပ္ပန်မှာ
ရှိနေနိုင်အောင် လေ့ကျင့်တာဟာ အတိတ် အနာဂတ်တို့နဲ့ ဆက်စပ်နေတဲ့ စိတ်ခံစားမှုတွေကို
ကိုင်တွယ်ဖြေရှင်းနည်း လေ့လာတာပါပဲ။ နိဂုံးချုပ် အနေနဲ့ ပြောပြီးသား နည်းတစ်ခုကို
ပြန်ပြောချင်ပါတယ်။ ၀မ်းနည်းမှု မဖြစ်တဲ့ အခါမှာ ၀မ်းနည်းမှုကို ဖိတ်ခေါ်လိုက်ပါ။
ဝမ်းနည်းမှု ဖြစ်ပေါ်မလာတာကို တွေ့ရနိုင်ပါတယ်။
နောက်ဆုံး မေးခွန်းတစ်ခုလောက် မေးဖို့ အချိန်ရပါသေးတယ်။
ယောဂီ။
။ ဒဏ်ရာတွေကို နာမည် မတပ်သင့်ဘူးလို့ ခင်ဗျား အကြံပေးပါတယ်။ ဒေါသ
ရှိမနေဘူးဆိုရင် ဒေါသမရှိဘူးလို့ သိမှတ်ဖို့လည်း ပြောပါသေးတယ်။ ဒေါသမရှိဘူး
ဆိုတာဟာ အတွေ့အကြုံကို စကားလုံးနဲ့ ဖော်ပြတာပါပဲ။ ဆန့်ကျင်မနေဘူးလား။
ဆရာကြီး။ ။ သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ဒီလို
မေးခွန်းမျိုးကို ကျွန်တော် သဘောကျတာပါ။
ပြောခဲ့တဲ့ နည်းတွေကို သုံးသပ်ကြည့်ပါ။ တစ်ခါတစ်ခါ စကားလုံးတွေ
အသုံးပြုဖို့ လိုအပ်ပြီး တစ်ခါတစ်ခါ စကားလုံးတွေ မလိုအပ်တာကို သိရပါလိမ့်မယ်။
ဒါကြောင့် နည်းတွေ အမျိုးမျိုး ရှိပါတယ်။ တစ်နည်းနဲ့ အလုပ်မဖြစ်ရင်
တစ်ခြားနည်းကို စမ်းကြည့်ပါ။ ကိုယ့်အတွက် အဆင်ပြေတဲ့
နည်းကို ရှာဖို့ အရေးကြီးပါတယ်။ ကိုယ့်အတွက် အဆင်ပြေတဲ့
တွေ့ရင် အဲဒီနည်းကို သုံးပါ။
နည်းတိုင်းနည်းတိုင်းဟာ
တစ်ဦးစီ တစ်ဦးစီနဲ့ သက်ဆိုင်ပါတယ်။ စိတ်ဝင်စားစရာပါ။ ကျွန်တော်တို့ လူသားတွေမှာ
အခြေအနေတွေ အမျိုးမျိုး ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ လူမျိုးစုံကို
ခြုံမိအောင် နည်းအမျိုးမျိုး တင်ပြတာပါ။ နောက်ဆုံး ပြောချင်တာက ဘာသာရေး
အကျင့်လမ်းမှာ၊ ဘာဝနာ ကမ္မဋ္ဌာန်းမှာ အလွန် အရေးကြီးပါတယ်။ ကိုယ့်ဟာကိုယ် လေ့လာ
စမ်းသပ်ဖို့၊ ကိုယ့်ဟာကို ဖွေရှာဖို့ ပြောချင်ပါတယ်။ ဒါကို မြတ်စွာဘုရား အလေးပေး
ဟောကြားတော်မူခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့၊ ကိုယ့်ကိုယ်ကို ဆရာတင်ဖို့၊
ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့အလင်း ဖြစ်ဖို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။
ခဏ နားကြရအောင်။ နားချိန်အတွင်းမှာ ကျွန်တော် ပြောခဲ့တဲ့ နည်းတွေကို
သုံးသပ်ကြည့်ပါ။ ဘယ်လို စိတ်ခံစားချက်တွေက ကိုယ့်ကို ဒုက္ခပေးနေတာလဲ သိရအောင် ဖော်ထုတ်ကြည့်ပါ။
အဓိကကျတဲ့ အချက်တွေကို သုံးသပ်တတ်အောင် လေ့ကျင့်ဖို့ အရေးကြီးပါတယ်။ သုံးသပ်တယ်ဆိုတာ
အဓိက အကြောင်းအရာ တစ်ခုခုကို ဆင်ခြင်စဉ်းစားတာပါပဲ။ တစ်ခုခုကို
ဆင်ခြင်စဉ်းစားနေတုန်းမှာ တစ်ခြား အတွေးတွေ ပေါ်လာတယ်ဆိုရင် အတွေးတွေကို
လွှတ်ပေးလိုက်ပြီး ဆင်ခြင်သုံးသပ်နေတဲ့ အကြောင်းအရာဆီ ပြန်လာရပါမယ်။ ဒီလို
လုပ်ချင်ပါတယ် . . .။ လမ်းလျှောက်တာပဲ ဖြစ်ဖြစ်၊ ထိုင်တာပဲ ဖြစ်ဖြစ်၊ တစ်ခုခု
လုပ်နေတာပဲ ဖြစ်ဖြစ် အရေး မကြီးပါဘူး။ ဆင်ခြင်သုံးသပ်တာကိုသာ အဖန်ဖန် အထပ်ထပ်
ပြုလုပ်နေပါ။ ခေါင်းလောင်းသံ ကြားရင် ပြန်လာခဲ့ကြပါ။
[ခဏနားသည်။]
အလုပ်ပေးတရား
အခု
ဆွေးနွေးခဲ့တဲ့အတိုင်း ပွားများအားထုတ်ကြရအောင်။ မနှစ်သက်စရာ စိတ်ခံစားမှု
ရှိတဲ့သူတွေ အနေနဲ့ . . . အဲဒီ ခံစားမှုတွေကို ဖြစ်ပေါ်ခွင့် ပေးလိုက်ပါ။
ကိုယ် မကြိုက်တဲ့ စိတ်ခံစားမှုတွေ ပေါ်လာရင် အဲဒီ ခံစားမှုတွေကို
ဘယ်လောက်ထိ ဖော်ဖော်ရွေရွေ ဆက်ဆံနိုင်သလဲ မြင်အောင်ကြည့်ကြမယ်။ သူတို့ကို ဘယ်လောက်ထိ ဖြစ်ပေါ်ခွင့်
ပေးနိုင်သလဲ ကြည့်ကြရအောင်။ စိတ်ခံစားချက်တွေကို အလည်လာတဲ့ ဧည့်သည်တွေလိုသာ
ဆက်ဆံလိုက်ပါ။ မနှစ်သက်စရာ ခံစားမှုတွေ မရှိဘူးဆိုရင် ဘယ်လို
မနှစ်စရာ ခံစားမှုမှ မရှိဘူးလို့သာ သိနေလိုက်ပါ။ သူတို့ကို အနှုတ်လက္ခဏာ
မတပ်ဘဲ ဆက်ဆံနိုင်ပါရဲ့လား။ မနှစ်သက်စရာ ခံစားရလည်း
အဆင်ပြေပါတယ်လို့ သဘောထားနိုင်ပါရဲ့လား။ လေ့လာသိမှတ်ဖို့ ဒီခံစားချက်တွေ
ရှိနေတယ်လို့ ကျေးဇူးတင်တဲ့ ခံစားချက်မျိုး ခံစားနိုင်ပါရဲ့လား။ ဒီ ခံစားချက်တွေ တစ်ခါပြန်ပေါ်လာရင် သူတို့နဲ့ အဆင်ပြေအောင်
ဘယ်လိုလုပ်ရမယ်၊ သူတို့ကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ငါ သိတယ်လို့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါရဲ့လား။
ကဲ
. . . မျက်စိတွေ ဖွင့်လိုက်ကြပါ။
[ကမ္မဋ္ဌာန်း
ဖြုတ်သည်။]
ရွတ်ဖတ်နိုင်ကြပါပြီ။
တကယ်တော့ . . . စိတ်ခံစားမှုတွေနဲ့ ပတ်သက်လို့ . . . ရွတ်တာဖတ်တာကလည်း
အစွမ်းထက်တဲ့ နည်းတစ်ခုပါပဲ။ အထူးသဖြင့် ရွတ်နေတဲ့ ပစ္စုပ္ပန် အခိုက်အတန့်မှာ
စိတ်စိုက်ထားနိုင်တယ် ဆိုရင်ပေါ့။ ရွတ်တာဖတ်တာက ကိုယ့်ကိုယ် ဘယ်လိုအထောက်အကူ
ပေးသလဲဆိုတာကို မြင်အောင်ကြည့်ပါ။ စိတ်ထဲမှာ ကင်းလွတ်မှုကို ဖန်တီးနိုင်အောင်
ရွတ်ဖတ်ခြင်းက ကူပံ့ပေးပါလိမ့်မယ်။
[၀တ်ရွတ်စဉ်]
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို
နားလည်သလို
ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment