Thursday, November 21, 2013

ပုံမဲ့ကာတွန်း (၂၉)

ကာတွန်းဘုန်းကြီး။  ။ “အိမ်း . . . . .။ ဒီလို ရှိတယ်ကွ . . .။ Unity is strength တဲ့။ (ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသို့ ကျက်မှတ်ထားသည့် စာတိုပေစကို ငါးပိသံလောက်နီးနီး ကောင်းမွန်မှန်ကန်သော ကမ္မ၀ါသံဖြင့် ခပ်တည်တည်ကြီး ရွတ်ချလိုက်သည်။) စည်းလုံးခြင်းသည် ခွန်အားပေါ့ကွာ . . .။ တို့ဘုရား ဟောတော်မူတာကလည်း . . . သမဂ္ဂါနံ တပေါ သုခေါတဲ့။ (ကျမ်းဂန်နှံ့စပ်သူဟု အထင်ကြီးခံလိုဟန် တူသည်။) ညီညွတ်ကြမှ ချမ်းသာမှာပေါ့ကွာ . . .။ နွားကွဲရင် ကျားဆွဲမှာပေါ့။ အထူးသဖြင့် ဒီနေ့ခေတ်မှာ တို့တစ်တွေ ညီညွတ်ကြဖို့ အထူးသဖြင့် လိုလာပြီကွ။ ဒီမိုကရေစီဆိုတော့ကွာ . . . လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်တွေ ဘာညာသာရကာတွေ လုပ်လာပြီ။ ဘာသာခြားတွေက လုပ်လာကြပြီ။ ဒီတော့ကာ . . . ငါတို့လည်း အရှေ့ကျောင်းရယ်၊ အနောက်ကျောင်းရယ်၊ တောင်ကျောင်းရယ်၊ မြောက်ကျောင်းရယ် . . .။ ဒီလေးကျောင်းက အရင်ကထက် ပိုပို ပိုပိုပြီး ညီညွတ်လာကြပြီကွ။”

ကာတွန်းဦးဇင်း။  ။ “မှန်ပါ . . .။ ကျောင်းထိုင်ဆရာတောလေးပါး (ဆရာတောကို ဆရာတော်ဟု ဖတ်ပါ။) . . . ညီညီညွတ်ညွတ်နဲ့ လောလောဆယ် ဘာတွေ လှုပ်ရှားနေကြပါသလဲ ဘုရား . . . . .။”

ကာတွန်းဘုန်းကြီး။  ။ “အေး . . . ။ ငါတို့လေးပါး လက်တွဲညီညီနဲ့ . . . ရွာလယ်ကျောင်းဘုန်းကြီးကို အပြုတ်တိုက်ဖို့၊ အပြတ်နှိပ်ကွပ်ဖို့ ကြိုးစားနေကြတယ်ကွ။”

No comments:

Post a Comment