Monday, September 16, 2013

ဟန်ဆောင်ခြင်း



ဟန်ဆောင်ခြင်းလို့ ပြောလိုက်ရင် အများအားဖြင့် အလိမ်အညာနဲ့ တွဲပြီး မြင်တတ်ကြပါတယ်။ ဟန်ဆောင်လိမ်ညာခြင်းလို့ နားလည်ကြတာပါ။ တကယ်တော့ ဟန်ဆောင်ခြင်းရဲ့ ကောင်းတဲ့ မျက်နှာစာ တစ်ဘက်လည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ ဟန်ဆောင်ချုပ်တည်းခြင်း ဖြစ်ပါတယ်။

မရိုးသားဘဲ ရိုးသားသယောင်နဲ့၊ မချမ်းသာဘဲ ချမ်းသာသယောင်နဲ့၊ ပညာမတတ်ဘဲ ပညာတတ်သယောင်နဲ့ လိမ်တာညာတာ စတာ စတာတွေဟာ မကောင်းတဲ့ ဟန်ဆောင်ခြင်းတွေပါ။ ဟန်ဆောင်သူ အတွက်ရော၊ သူနဲ့ပတ်နေတဲ့ ပတ်ဝန်းကျင် အတွက်ပါ မကောင်းမှုတွေ တိုးပွားစေပါတယ်။

ဟန်ဆောင်ခြင်းရဲ့ တစ်ခြား တစ်မျက်နှာဖြစ်တဲ့ စိတ်ဆိုးပေမယ့် မဆိုးလေဟန်၊ မနာလိုပေမယ့် ဘာမှ မဖြစ်လေဟန် ချုပ်တည်းတာမျိုးတွေကတော့ ကောင်းတဲ့ ဟန်ဆောင်ခြင်းတွေလို့ ဆိုရမှာပါ။ ဟန်ကိုယ့်ဖို့ မာန်သူဖို့ ဆိုတာလို လောကနဲ့ အဆက်အဆံ လုပ်တဲ့နေရာမှာ ဘာကိုမှ စိတ်လိုလက်ရ လုပ်မချလိုက်ဘဲ ချုပ်ချုပ်တည်းတည်း ထိန်းထိန်းအုပ်အုပ် လုပ်နိုင်ရင် ကိုယ့်အတွက်ရော ကိုယ့်ပတ်ဝန်းကျင် အတွက်ပါ ကောင်းကျိုးတွေ ဖြစ်ထွန်းစေနိုင်ပါတယ်။ နောက်ပြီးတော့ . . . လူလိမ္မာအမျက် အပြင်မထွက်တဲ့။ လူလိမ္မာတွေ ဒေါသထွက်ရင် လူမသိစေရဘူးတဲ့။ ဒေါသတင် မကပါဘူး။ လူကိုညစ်ပတ်စေတဲ့၊ လူကိုအောက်တန်းကျစေတဲ့ တရားဆိုး တရားသွမ်း လောဘ၊ ဒေါသ၊ ဟောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယ စတာတွေကို ချုပ်တည်းထားနိုင်ခြင်းဟာ လူယဉ်ကျေးတို့ရဲ့ စရိုက်လက္ခဏာ ဖြစ်ပါတယ်။ လူ့သန္တာန်က ဒီတရားဆိုးတွေကို လူမသိအောင် ဖိထား ချုပ်ထား ထိန်းထားနိုင်ကြရင် ထားနိုင်သလောက် မိမိအကျိုး လောကအကျိုးတွေ ပွားတိုးစေနိုင်ပါတယ်။ အပြန်အားဖြင့် မဖိနိုင် မဖုံးနိုင်လို့ ရင်ထဲက တရားဆိုးတွေကို ဖွင့်ချပြမိရင် လောကအလှကို ဖျက်ဆီးရာ ရောက်ပါတယ်။
လောကအရေးတင် ဘယ်ကမလဲ။ ဓမ္မအရေး၊ ၀ိနယအရေးတွေမှာလဲ ဟန်ဆောင်ထိန်းချုပ်မှု လိုအပ်တာပါဘဲ။ ရဟန်းတော်တွေ ကျင့်သုံးရတဲ့ ၀ိနည်းဥပဒေဟာ ဟန်ဆောင်ထိန်းချုပ်ခြင်းကို အားပေးတယ်လို့ ဆိုနိုင်ပါတယ်။ ၀ိနည်း သီလ ဆိုတာဟာ ကာယကံနဲ့ ၀စီကံကို ထိန်းချုပ်ရတာပါ။ ထိန်းချုပ်လိုစိတ် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ထိန်းချုပ်နိုင်ရင် ၀ိနည်းလုံပါတယ်။ သီလ မကျိုးပါဘူး။ ဟန်ဆောင်ပြီး ထိန်းချုပ်တယ် ဆိုရင်လည်း ချီးကျူးစရာပဲ ဖြစ်ပါတယ်။

နယ်ပယ်တိုင်းမှာ ဟန်ဆောင်ချုပ်တည်းခြင်းတွေ လိုအပ်ပါတယ်။ လိမ်ညာဟန်ဆောင်ခြင်းတွေ လျော့နည်း၊ ဟန်ဆောင်ချုပ်တည်းခြင်းတွေ တိုးပွားပြီး လောကကို အလှဆင်နိုင်ကြပါစေ။

:)
ရှင်အာစာရ

No comments:

Post a Comment