ယခုနှစ်
နှစ်ဆန်းတစ်ရက်သည် ဒေါ်စန်းစန်းဦး၏ တစ်သက်တာ ကာလအတွင်း ကောင်းခြင်းမင်္ဂလာနှင့် အပြည့်စုံဆုံး
နေ့တစ်နေ့ ဖြစ်တော့သည်။ လူလတ်ပိုင်းအရွယ် ရောက်မှ ဘာသာရေးကိစ္စများ အားတက်သရော လုပ်လာခဲ့သူ
ဒေါ်စန်းစန်းဦးအတွက် ဤကဲ့သို့ ထူးခြားအံ့သြဖွယ် ဘာသာရေး အတွေ့အကြုံမျိုး ယခင်က မကြုံခဲ့ရပေ။
ကြားဖူးနားဝ ရှိခဲ့ဖူးသော ထူးထွေသည့် အံ့ရာသော်များကိုလည်း ဒေါ်စန်းစန်းဦး အရေးမစိုက်ခဲ့ပေ။
ရောင်ခြည်တော်လွှတ်ခြင်း၊ ဓာတ်တော်ပျံခြင်း၊ ဓာတ်တော်ပွားခြင်းကဲ့သို့သော ထူးခြားဆန်းပြားမှုများသည်
ဒေါ်စန်းစန်းဦး၏ စိတ်ကို အထူးတလည် မဆွဲဆောင်နိုင်ခဲ့ပေ။
ယခုမှ ဒေါ်စန်းစန်းဦး ကြက်သီးမွေးညင်းထအောင် အံ့သြရတော့သည်။ ကြည်နူးခြင်း၊ ၀မ်းမြောက်ခြင်းနှင့်
လေးမြတ်ခြင်းများလည်း ပါဝင်သည်။ မင်္ဂလာရှိသော နှစ်သစ် အခါသမယ၌ ဓာတ်တော်ပွားသည်ကို ဒေါ်စန်းစန်းဦး
ကိုယ်တိုင် ကြုံလိုက်ရပါပြီ။ ဒေါ်စန်းစန်းဦး တစ်ယောက်တည်း ဓာတ်တော်များကို လက်အုပ်တချီချီနှင့်
တစိမ့်စိမ့် ဖူးမြော်ကြည်ညိုနေစဉ် ဓာတ်တော်ချီးမြှင့်လိုက်သည့် ဆရားတော် ဦးဥာဏိန္ဒ၏
မိန့်မှာစကားက ဒေါ်စန်းစန်းဦး နားနှင့်ဆတ်ဆတ် ကြားနေရသလို ပီသကြည်မြ ကျယ်လောင်လွန်းလှ၏။
“ပူဇော်ထိုက်လို့
ပူဇော်ရတာ။ ဂရုတစိုက်နဲ့ တလေးတမြတ် ကိုးကွယ်ပူဇော်။ ကံထူးရင် အိမ်မှာ ဓာတ်တော်တွေ ပွားလာလိမ့်မယ်။”
ဆရာတော်၏
မိန့်မှာစကားများကို လေးလေးစားစား လိုက်နာပြီး ရွှေအဆင်းရှိသည့် ဗုဒ္ဓဓာတ်တော်လုံးလေးကို
ကြုပ်နှင့်ထည့်၍ ဘုရားစင်မှာ မြတ်မြတ်နိုးနိုး ကိုးကွယ်ပူဇော်ထားသည်။ အခြင်အတွယ် ပမာဏ
ရှစ်စိတ် (၃၂ပြည်)မျှသာ ကြွင်းကျန်ခဲ့သော ရှင်တော်ဂေါတမ၏ ဓာတ်တော်မွေတော်များထဲမှ တစ်ခုကို
ကိုးကွယ်ပူဇော်ခွင့်ရသူ ဒေါ်စန်းစန်းဦး မည်မျှ ကံထူးလိုက်ပါသနည်း။ ဆရာတော် မိန့်ကြားလိုက်သည့်အတိုင်း
အသွေးတူ အဆင်းတူ အသွင်တူ ပုံစံတူ ဓာတ်တော်ပွားလာခြင်းက ဒေါ်စန်းစန်းဦး ကံထူးသူဖြစ်ကြောင်း
ထပ်ဆင့်သက်သေခံနေပြီ မဟုတ်ပါလော။
“ဣတိပိ
သော ဘဂ၀ါ အရဟံ။ သော ဘဂ၀ါ၊ ထို အကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့လျှင်
ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော သီလဂုဏ်
သမာဓိဂုဏ် ပညာဂုဏ် ၀ိမုတ္တိဂုဏ် ၀ိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေသောကြောင့်လည်း။
အရဟံ၊ အရဟ မည်တော်မူပါပေ၏။ ဣတိပိ သော ဘဂ၀ါ သမ္မာသမ္ဗုဒ္ဓေါ. . . . . . . . . .။”
ဒေါ်စန်းစန်းဦးတစ်ယောက်
ယောဂီတဘက် ပုခုံးထက်တင်ကာ ဘုရားစင်ရှေ့ ဒူးထောက်၍ သူကျက်မှတ်ထားသော လယ်တီမူ ဂုဏ်တော်ဖွင့်များကို
အကြိမ်ကြိမ် အားရအောင် ရွတ်ဆိုပူဇော်နေတော့သည်။ ပါးစပ်က တတွတ်တွတ် ရွတ်ဖတ်ပူဇော်ရသည်ကို
အားမရနိုင်သေးဘဲ ဓာတ်တော်ကြုပ်ကို သွားဖွင့်ပြီး ဓာတ်တော်များကို လက်နှင့်ကိုင်၍ ပူဇော်နေပြန်သည်။
မူရင်းဓာတ်တော်နှင့် ဓာတ်တော်ပွားတို့ ခွဲခြားမရအောင် တစ်သားတည်း တူနေပေသည်တကား။ အံ့သြဖွယ်
ရှိပေစွ။ ဓာတ်တော်များကို ကြုပ်ထဲပြန်ထည့်၍ ကြုပ်ဖုံးကို ကျစ်ကျစ်ပါအောင် လှည့်ပိတ်လိုက်သည်။
ဓာတ်တော်များကို
တစ်ယောက်တည်း အားရအောင် ပူဇော်ပြီးနောက် သားနှင့်သမီးတို့ကို ဘုရားစင်ရှေ့ ခေါ်၍ အားရပါးရ
ရှင်းပြနေပြန်သည်။
“သားကြီး
. . . ကြည့်စမ်း။ ဘယ်လောက်ထူးဆန်းလိုက်သလဲ။ မေမေ ပူဇော်ထားတဲ့ ဓာတ်တော် . . . အခု ပွားနေပြီ
. . .။”
“ဟုတ်။”
မိခင်ဖြစ်သူ၏
ဘာသာရေး ကိုင်းရှိုင်းမှုကို လေးစားမြတ်နိုးသူ သားကြီး ကိုကျော်ဆန်းဦးလည်း ဓာတ်တော်များကို
အံ့သြစိတ်ဖြင့် စူးစမ်းကြည့်ရှုနေ၏။
“သား
. . . အံ့သြနေပြီ မဟုတ်လား။ တကယ်ကွယ် . . . တကယ် ထူးဆန်းတယ် . . .။ မင်းတို့ဖေဖေ လာရင်
အံ့သြရလိမ့်အုံးမယ်။ မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ခေါ်ပြရအုံးမယ်။ အင်း . . . ကြွားတာတော့
မဟုတ်ပါဘူးကွယ် . . .။ ထူးထူးဆန်းဆန်း . . . အံ့သြစရာ၊ ကြည်ညိုစရာကို မျှဝေရမှာပေါ့။”
သမီးငယ်
ခင်ထက်ထက်ထွေးသည် မိခင်၏ ညာလက်မောင်းကို ကနွဲ့ကလျ ဆွဲယူပွေ့ဖက်ရင်း မိခင်ကို ပြုံးစိစိနှင့်
ကြည့်နေ၏။
“သမီး
. . . ဘာပြုံးတာလဲ။ သမီးလည်း ပျော်တယ်မဟုတ်လား။ ပျော်စရာကြီးကွယ် . . . . .။”
ဒေါ်စန်းစန်းဦးသည်
သားနှင့်သမီး နှစ်ယောက်လုံးကို လက်တစ်ဖက်စီနှင့် ဆွဲယူပွေ့ဖက်ရင်း တဟားဟား ရယ်နေလေတော့၏။
ဒေါ်စန်းစန်းဦး အရယ်ရပ်မှ သမီးငယ်က အရယ်တ၀က်နှင့် ရှင်းပြလေသည်။
“ဟားဟား
ဟား . . .။ မေမေရယ် . . .။ မနေ့က . . . သမီး “ရာဟုလာ” ဓမ္မသင်တန်းကျောင်းသွားရင်း ဆရာတော့်ဆီက
ဓာတ်တော် တစ်ခု ရခဲ့တယ်။ အဲ့ဒါကို မေ့မေ့ ဓာတ်တော်နဲ့ ပေါင်းထည့်ထားလိုက်တာ။ မေမေ့
ဓာတ်တော်နဲ့ ပုံစံတူပဲ။”
တစ်အိမ်လုံး
ခဏတာ တိတ်ဆိတ်သွား၏။ ထို့နောက် ဒေါ်စန်းစန်းဦးတို့ သားအမိသုံးယောက်၏ ရယ်သံများ ဆူညံသွားပြန်သည်။
“ဟား
ဟား ဟား . . .။”
“ဟား
ဟား ဟား . . .။”
“ဟား
ဟား ဟား . . .။”
:)
ရှင်အာစာရ
နှစ်ဆန်းတစ်ရက်နေ့၊
၁၃၇၅
-----
Comment:
နှစ်သစ်၌
ရယ်သံတို့ ဆူညံစေသတည်း။
No comments:
Post a Comment