Friday, January 25, 2013

သို့




ဆက်ကပ်ပါရန်

ဒေါက်တာ အရှင်အာစာရ
ven.acara@gmail.com

ရယ်တော့ ရယ်ရတယ် ဦးဇင်းရေ . . .။ ဦးဇင်း ကုလားပြည်က ပို့လိုက်တဲ့ အီးမေးလ်ကို ဦးဇင်း ရွာပြန်ရောက်တော့ကျမှ ဖွင့်ဖတ်ဖြစ်တော့တယ်။ အင်တာနက် မကောင်းလို့ မကိုင်ဖြစ်တာပါ။ အီးမေးလ်သာ ဖွင့်ကြည့်ဖြစ်ခဲ့ရင် ကုလားပြည်မှာ လုပ်ခဲ့တဲ့ ညီလာခံ အစည်းအဝေးအဝေးတွေအကြောင်း အချိန်နဲ့ တစ်ပြေးညီ သိရမှာ။ ရွာရောက်လို့ ဦးဇင်း ကိုယ်တိုင်ပြောပြမှ သိရတော့လည်း ပိုကောင်းတာပါ့။ ပိုပြီး အသက်ဝင်တာပေါ့။

ဝေဖန်လေကန် ဆွေးနွေးကြတာတွေ၊ အကြောင်းအရာတွေက အများကြီးပါလား။ ဆွေးနွေးကြတာတော့ ဟုတ်ပါပြီ။ ကုန်ကျစရိတ်က ကြီးလိုက်မယ့်ဖြစ်ခြင်း။ နိုင်ငံပေါင်း ၂၀ကျော်က တက္ကသိုလ် ခြောက်ဆယ်ကျော်က ပါမောက္ခတွေ ၃၀၀ - ၄၀၀ ဖိတ်ပြီး ဧည့်ဝတ်ပြုရတာ တော်တော်ကုန်မှာပဲ။ ကုန်တဲ့စရိတ်နဲ့ ရတဲ့ အမြတ် တန်မှ တန်ရဲ့လား ဦးဇင်းရယ်။ အဲ့ဒီငွေတွေကို စိုင်ပြင်က ရာဟုလာမှာ သုံးလိုက်ရရင် ကောင်းမှာလို့တောင် စိတ်ကူးမိသေးတယ်။ ဘာပဲဖြစ်ဖြစ် ဦးဇင်းတို့တော့ မဇ္ဈိမဒေသ အလည်အပတ် ဘုရားဖူးလည်း ရောက်ရတာဆိုတော့ တော်ပါတယ်။ ဦးဇင်း ခဏခဏပြောလည်း အမေကတော့ မသွားချင်ပါဘူး။ အဲ့သလောက် အဝေးကြီးဟာကို။ အိုနာကျိုးကန်းနဲ့လည်း မကိုက်တော့ ပါဘူး။

သူတို့က ထေရ၀ါဒ ဘိက္ခုနီ ပေါ်ထွန်းဖို့ ကြိုးစားနေကြတာကိုး။ အဲ့ဒီအကြောင်း အစည်းအဝေးထဲ ထည့်ခဲ့သေးတာက ဦးဇင်းပြောသလို ဟုတ်ပါတယ်။ လှုံ့ဆော်ကြော်ငြာတဲ့ သဘောပေါ့။ ယိုဒယားတို့ သီဟိုဠ်တို့မှာ ထေရ၀ါဒ ဘိက္ခုနီ ရှိနေပြီ ဆိုတာကို ဦးဇင်း ပြောမှပဲ သိရတော့တယ်။

ဘိက္ခုနီ မျိုးဆက် ပြတ်နေတာ ပြန်ဖော်နိုင်ရင်တော့ ကောင်းတော့ ကောင်းတာပါ့။ သူတို့ ဘိက္ခုနီတွေ ရဟန်းခံတော့ တရုတ်သီလရှင်တွေက ရဟန်းခံပေးတာဆိုတော့၊ တရုတ်ဘိက္ခုနီ ဆိုရင်လည်း တရုတ်က မဟာယာနဆိုတော့၊ အဲ့ဒီတော့ ထေရ၀ါဒ ဘိက္ခုနီလို့ ပြောလို့ ရပါ့မလား။

ဘိက္ခုနီတစ်ပါး ရဟန်းခံရင် ဘိက္ခုနီအဖွဲ့က တစ်ထပ်၊ ဘိက္ခုအဖွဲ့က တစ်ထပ်၊ နှစ်ထပ် ရဟန်းခံရတယ်ဆိုတာ ရွာဦးကျောင်း ဆရာတော် ရှင်းပြလို့ သိတယ်လေ။ ဘိက္ခုနီ ရဟန်းခံ ကမ္မ၀ါဖတ်ပေးတဲ့ ယောက်ျားဘိက္ခုအဖွဲ့က ထေရ၀ါဒ ရဟန်းတော်တွေ ဖြစ်ပေမယ့်၊ အမျိုးသမီး ဘိက္ခုနီအဖွဲ့က တရုတ်သီလရှင်တွေ၊ တရုတ်ဘိက္ခုနီတွေ ဆိုရင်လည်း တရုတ်က မဟာယာနဆိုတော့၊ အဲ့ဒီတော့ ထေရ၀ါဒ ဘိက္ခုနီလို့ ပြောလို့ ရပါ့မလား။ ထေရ၀ါဒနဲ့ မဟာယာန ဖက်စပ်ဘိက္ခုနီလို့ ပြောရမှာလား။

တပည့်တော်တို့ မြန်မာနိုင်ငံက သီလရှင် စာသင်တိုက်ကြီးတွေက သိက္ခာရ စာချ သီလရှင် ဆရာကြီးတွေ၊ စာသင်သား ဆရာလေးတွေ၊ ၀တ်ကြောင်စွန့်ချင်တဲ့ အမျိုးသမီးတွေ ဘိက္ခုနီ လုပ်ချင်တယ်ဆိုရင် တရုတ်နဲ့ ဖက်စပ်လုပ်ရမှာပေါ့။ တပည့်တော်တို့မလဲ သာသနာရေး ကိစ္စမှာတောင် တရုတ် အားကိုးနေရတာပါလား။

ဟုတ်ပါတယ်။ အမျိုးသမီး အခွင့်အရေး ဆိုတာကတော့ အကြောင်းပြတာပါ။ ဘိက္ခုနီဖြစ်ရေးထက် အရေးကြီးတဲ့ အမျိုးသမီး အခွင့်အရေးတွေ ရဖို့ အများကြီး လိုသေးတာပဲ။

ဒါနဲ့ ပတ်သက်လို့ ဦးဇင်း အနေနဲ့ကတော့ ရေလိုက်ငါးလိုက်သာ နေလိုက်ပါလို့ မယ်တော်ကြီး အနေနဲ့ လျှောက်ထားလိုက်ချင်ပါတယ်။ ဆရာတော်ကြီးတွေ ရှိသေးတာပဲ။

ဦးဇင်း နောက်တစ်ခါ ရွာပြန်လာမှ စကားပြောကြသေးတာပေါ့။

တော်သေးပြီ။
ကျန်းမာပါစေ။

အစဉ်ထာဝရ ဆုတောင်းမေတ္တာ ပို့သလျက်
မယ်တော်ကြီး ဒေါ်ကောင်းဆင့်
ရင်းရဲကျေးရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး

-----
Comment:
ဓာတ်ပုံ - Son Monk

1 comment:

  1. တပည့်တော်တို့မလဲ သာသနာရေး ကိစ္စမှာတောင် တရုတ် အားကိုးနေရတာပါလား။

    ReplyDelete