Friday, November 2, 2012

ချွေးမ




အရည်အချင်းကို စာမေးပွဲနဲ့ စစ်တာ သိပ်တော့ မဆိုးလှဘူး ထင်တယ်။ မဆိုးလို့လည်း ဒီနေ့ကမ္ဘာမှာ ဒီစနစ်ကို သုံးနေကြတာပေါ့။

ဒီနေ့ မန္တလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ရဲ့ နောက်ဆုံးနှစ် အတန်းတင် စာမေးပွဲ အင်္ဂလိပ်စာ . . . . .။
Her son’s wife is her . . . . . .
မေးခွန်းက အဲ့ဒါပဲ။ ကွက်လပ်ဖြည့်ခိုင်းတာ။

အဖြေက သိရင်တော့ လွယ်တာပေါ့။ “daughter-in-law”။ အဲ့ဒါ ဖြည့်လိုက်ရင် တစ်မှတ်ရမှာ။
“သူမ၏ သား၏ မယားသည် သူမ၏ . . . . . ဖြစ်သည်။” (အဖြေ = ချွေးမ)။
Her son’s wife is her (daughter-in-law).

အဖြေလွှာ စစ်ရင်း မြန်မာလို “ချွေးမ”ကို အင်္ဂလိပ်လို “daughter-in-law”လို့ ခေါ်မှန်း မသိတာ၊ အင်္ဂလိပ် စကားလုံး မကြွယ်ဝတာတွေ တွေ့လိုက်ရတယ်။ စကားလုံးသာ မကြွယ်ဝတာ ၀ါကျ အသွားအလာကိုတော့ နားလည်ကြတယ်။ ကွက်လပ်ဖြည့်ပါဆိုတော့လည်း မဖြစ်မနေ ဖြည့်ပေးထားကြတယ်။

တစ်ပါးက “sunisa”လို့ ဖြည့်တယ်။ “သုဏိသာ”တဲ့။ ဟုတ်သားပဲ။ မြန်မာလို “ချွေးမ”၊ ပါဠိလို “သုဏိသာ”။ သူပြောမှ သတိရတယ်။ သာသနာ့တက္ကသိုလ် မတက်ခင်က ပရိယတ္တိ စာသင်တိုက်မှာ ပရိယတ္တိ ပါဠိစာပေနဲ့ ရင်းနှီးတဲ့ကိုယ်တော် ဖြစ်ရမယ်။

တစ်ပါးက “chwe ma”လို့ ဖြည့်တယ်။ မြင်္ဂလိပ် လုပ်လိုက်တာ။ အွန်လိုင်းမှာ ချက်တင်လုပ်ရာက ပါလာတဲ့ အရည်အချင်းများလား။

စာမေးပွဲမှာ အဲ့ဒီလို ဖြေတာတွေကိုကြည့်ပြီး သူတို့ရဲ့ အရည်အချင်းကို ဆုံးဖြတ်ရင် ဒါလေးတောင် မသိကြဘူး၊ အင်္ဂလိပ် စကားလုံး မကြွယ်ဝလိုက်ကြတာဆိုပြီး အပြစ်တင်မယ်ဆိုရင်လည်း တင်ချင်စရာ။ အင်္ဂလိပ်စာ အရည်အချင်း ညံ့တယ်လို့ ဆုံးဖြတ်မယ်ဆိုလည်း ဆုံးဖြတ်ချင်စရာ။

ဒါပေမယ့် ကောင်းတဲ့ အရည်အချင်းတွေကို ကြည့်မယ်ဆိုရင်လည်း ရတာပဲ။ ကြံရည်ဖန်ရည် ရှိတယ်။ မဖြစ်မနေ လုပ်တတ်တယ်။ လွယ်လွယ်နဲ့ လက်မမြှောက်တတ်ဘူး။ အပြည့်အစုံ မသိလည်း သိသလောက်နဲ့ တာဝန်ကျေအောင်တော့ လုပ်ပေးနိုင်တယ်။

သူတို့ ကျောင်းပြီးကြတော့မယ်။ သူတို့ သာသနာပြုကြတဲ့အခါ ဘယ်လိုအရည်အချင်းတွေကို ဘယ်လို အသုံးပြုပြီး ဘယ်လောက်ထိ ကြိုးစားကြမှာလဲ။ သုံးလို့ရတဲ့ အရည်အချင်းတွေ အမျိုးမျိုး ရှိတာ . . . . .။

:)
ရှင်အာစာရ
3Nov12

No comments:

Post a Comment