Friday, October 19, 2012

သိမ်မွေ့သောလမ်း (၈)


အမေးအဖြေ

ယောဂီ။  ။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ မှီခိုရာကျွန်းဖြစ်ဖို့ ဘုရားရှင်က သူ့တပည့်သာဝကတွေကို မိန့်တော်မူခဲ့တာကို ဗုဒ္ဓစာပေမှာ တွေ့ဖူးပါတယ်။ ပရိနိဗ္ဗာန် စံခါနီးမှာတောင်မှ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ မှီခိုရာကျွန်းဖြစ်ဖို့ပဲ မိန့်တော်မူခဲ့ပါတယ်။ အခု ခင်ဗျား ဟောပြောတာနဲ့ အတူတူပဲ ထင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ဆီက ကိုယ်ပြန်ပြီး လေ့လာကြရမှာပါ။

ဆရာကြီး။  ။ ဟုတ်ပါတယ်။ ကျွန်တော် ပြောခဲ့သလို ဘဝကနေ လေ့လာရမှာပါ။ တကယ် ခံစားတတ်တယ်၊ တကယ် ပွင့်လင်းတယ်၊ ဘုရားရှင်ရဲ့ အဆုံးအမကို တကယ် ကျင့်သုံးတယ်ဆိုရင် ဘဝရှင်သန်နေခိုက် ဘဝမှာ ကိုယ်ကြုံရတာတွေ၊ သူတစ်ပါးနဲ့ ဆက်ဆံရတာတွေကို တရားတော်နဲ့ ဆက်စပ်ကြည့်တတ်အောင် လေ့လာသင်ယူရမယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် ဘဝမှာ ကြုံတွေ့ရတာတွေ အားလုံးကို စိတ်ဓာတ်ရင့်ကျက်ဖို့ အသုံးချနိုင်ပါတယ်။

မှားယွင်းမှုတွေဟာ အမှိုက်သရိုက်တွေပဲလို့ ပြောတဲ့ ဆရာတစ်ယောက် တွေ့ဖူးပါတယ်။ အမှိုက်သရိုက်ထဲမှာ အသုံးမကျဘူးလို့ ယူဆထားတာတွေ၊ ညစ်ပတ်တယ်လို့ ယူဆထားတာတွေ၊ စွန့်ပစ်ထားတာတွေ ပါတာပေါ့။ အမှိုက်သရိုက်တွေကို စုဆောင်းပြီး အသီးအရွက်တွေ ဖွံ့ဖြိုးအောင်လုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ မှားယွင်းမှုတွေ အပါအဝင် လေ့လာစရာ ဘဝအတွေ့အကြုံတွေကို စိတ်ဓာတ် ရင့်ကျက်ဖွံ့ဖြိုးအောင် အသုံးပြုနိုင်တဲ့ အမှိုက်သရိုက်တွေအဖြစ် ရှုမြင်နိုင်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ အဲဒါမှပဲ ဘုရားရှင် ဟောတော်မူသလို့ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ မှီခိုရာကျွန်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အာကိုးနိုင်ပါတယ်။

ဒါပေမယ့် အရာရာကို ငါ သိတယ်လို့ ထင်မိရင် လေ့လာသင်ယူမှု ပြီးဆုံးသွားတယ် ဆိုတာကို မှတ်သားထားဖို့ အရေးကြီးပါတယ်။ မသိသေးဘူးဆိုတဲ့ စိတ်ကို မွေးမြူထားဖို့ လိုပါတယ်။ ဒါမှသာ အရာရာတိုင်းဆီက၊ လူတိုင်းဆီက လေ့လာသင်ယူနိုင်ပါတယ်။ ဗုဒ္ဓဒေသနာတော်ထဲမှာ ဒီအချက်ဟာ တကယ့်ကို အရေးကြီးပါတယ်။ နောက်ထပ် မေးခွန်း ရှိပါသေးလား။

ယောဂီ။  ။ ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ရဲ့ အရုပ် ဖြစ်နိုင်ပါသလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကျေနပ်နိုင်ပါသလဲ။ ဘယ်လိုနည်းနဲ့ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်နိုင်ပါသလဲ။

ဆရာကြီး။  ။ စိတ်ဝင်စားစရာကောင်းတာ တစ်ခု ရှိသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ ရန်သူ ဖြစ်နေတယ်။ ဒါပေမယ့် အပြင်ရန်သူလို့ ထင်နေတယ်။ အကြီးမားဆုံး ရန်သူဟာ ကိုယ့်ဆီမှာပဲ ရှိနေတယ် ဆိုတာကို သဘောက်မပေါက်ဘဲ ရန်သူကို အပြင်မှာရှာဖို့ ကြိုးစားနေတယ်။ စောစောက ပြောခဲ့တဲ့အတိုင်း ကိုယ့်အပြစ်တွေ ကိုယ့်အားနည်းချက်တွေကိုပဲ မြင်နေတယ်၊ ကိုယ့်ရဲ့ အနှုတ်လက္ခဏာတွေကိုပဲ မြင်တယ်ဆိုတာဟာ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ရန်သူ ဖြစ်နေတာပါပဲ။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အဆိုးဆုံးရန်သူ ဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတာပါ။

နောက်တစ်ခုက ကိုယ့်ရဲ့ ကောင်းကွက်ကို မမြင်တာ၊ ကိုယ်လုပ်ထားတာကို အကောင်းမထင်တာပါပဲ။ လူတော်လူကောင်းတွေ တော်တော်များများ တွေ့ဖူးပါတယ်။ သူတို့ဟာ ဘာသာတရား လိုက်စားကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ဖျက်ဆီးတတ်တဲ့ သဘာဝကြောင့် သူတို့ရဲ့ ကောင်းမြတ်မှု၊ သူတို့ရဲ့ တန်ဖိုးကို မမြင်နိုင်ကြတော့ပါဘူး။ သူတို့သန္တာန်မှာ နိုးကြားသိမြင်နိုင်တဲ့ ဗုဒ္ဓသဘာဝ ရှိနေတာကို မသိမမြင်နိုင်ကြတော့ပါဘူး။  အခုလို ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ရန်သူ ဖြစ်နေတာကို နားလည်သဘောပေါက်တဲ့ အခါမှာ အခြေအနေကို တိုးတက်ကောင်းမွန်အောင် လုပ်ရပါမယ်။ ဒါဟာ သတိရဲ့ အရေးပါမှုပါ။ မနေ့က ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာပါပဲ။ ကိုယ့်ကိုယ်ကို သတိနဲ့ စောင့်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ဘာတွေ လုပ်မိနေတယ်ဆိုတာ သိအောင်ကြိုးစားပါ။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ရန်သူ ဖြစ်နေတာကို သိအောင်လုပ်ပါ။

နောက်တစ်ခုက . . . တော်တော် လှပတဲ့ မေတ္တာကမ္မဋ္ဌာန်း ဖြစ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်းကို ကျွန်တော် အလေးထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် စပြီး မေတ္တာပွားရတာဟာ စိတ်ပညာ ရှုထောင့်ကကြည့်ရင် တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် မချစ်ခင် မရင်းနှီးနိုင်ရင် သူတစ်ပါးနဲ့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး မဖြစ်နိုင်ဘူး ဆိုတာကို ဖော်ပြနေပါတယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ သူငယ်ချင်းကောင်းဖြစ်အောင်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆက်စပ်မိအောင် မေတ္တာကမ္မဋ္ဌာန်းက ထောက်ပံ့ပေးပါတယ်။

ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်အောင်လည်း မေတ္တာကမ္မဋ္ဌာန်းက ထောက်ပံ့ပေးပါတယ်။ စောစောက ပြောခဲ့သလို ကိုယ့်ရဲ့ လူသားဆန်မှုကို လက်ခံနိုင်အောင် ပံ့ပိုးပေးပါတယ်။ ကိုယ့်ရဲ့ လူသားဆန်မှုကို လက်ခံနိုင်အောင် လေ့ကျင့်သင်ကြားတာဟာ သူတစ်ပါးရဲ့ လူသားဆန်မှုကို လက်ခံနိုင်အောင် လေ့ကျင့်သင်ကြားတာပါပဲ။ ဒီနည်းအားဖြင့် ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့မိတ်ဆွေ ဖြစ်နိုင်သလို သူတစ်ပါးရဲ့ မိတ်ဆွေလည်း ဖြစ်လာနိုင်ပါတယ်။

ကိုယ့်သဘောထား၊ ကိုယ့်အပြုအမူတွေမှာ မကောင်းတဲ့ အကုသိုလ် နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်လိုက်မိပုံကို သိတာဟာလည်း ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်ဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ်သိပြီး ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆက်သွယ်မိတယ်ဆိုရင် အသွင်ပြောင်းလဲမှု တစ်ခု ဖြစ်လာဖို့ အခွင့်အလမ်းပါပဲ။ ကိုယ် ဘာပဲလုပ်လုပ် ကိုယ့်စကားလုံးတွေ၊ ကိုယ့်အတွေးအခေါ်တွေဟာ ကျွမ်းကျင်လိမ္မာမှု ကုသိုသ်နဲ့ ဆက်စပ်နေတဲ့အထိ အသွင်ပြောင်းလဲလာဖို့ပါပဲ။ ဒီပြောင်းလဲမှုဟာ ဘာသာရေး အကျင့်လမ်းမှာ အထောက်အကူ ပေးပါတယ်။ သောကြာနေ့ကျရင် ဒီအကြောင်းကို အကျယ်တဝင့် ပြောပါဦးမယ်။ မေတ္တာကမ္မဋ္ဌာန်းအကြောင်း ရေးထားတဲ့ စာအုပ်ကောင်း တစ်အုပ်လည်း ဝေပါဦးမယ်။ နောက်ထပ် မေးခွန်း ရှိပါသေးသလား။

ယောဂီ။  ။ များများထုပ်လုပ် များများသုံးစွဲရေး ၀ါဒနဲ့ ရုပ်ဝါဒတို့ရဲ့ အန္တရာယ်ကို ခင်ဗျား သတိပေးခဲ့ပါတယ်။ အန္တရာယ် ကင်းဖို့အတွက် အဲဒါတွေကို စွန့်လွှတ်ဖို့လိုတယ်ဆိုတာ ထင်ရှားပါတယ်။ ရုပ်တရက် အန္တရာယ် မဖြစ်အောင်၊ အနှောင့်အယှက်တွေရဲ့ လွှမ်းမိုးမှု မခံရအောင် စွန့်လွှတ်မှုကို ဘယ်လို စတင်ရမယ်ဆိုတာ အကြံပေးနိုင်ပါသလား။

ဆရာကြီး။  ။ များများထုတ်လုပ် များများသုံးစွဲဖို့ အားပေးတဲ့ ရုပ်ဝါဒ လူ့အဖွဲ့အစည်းမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ် မခံရအောင် နေဖို့ မလွယ်ဘူး ဆိုတာကို ကျွန်တော် ပြောပြီးသားပါ။  လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ ပေးပါ့မယ်။ အကြံပေးချင်တာ တစ်ခုက . . . လိုအပ်တယ်လို့ ထင်မိတာတွေ တွေ့ရရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ပြီး ငါ တကယ် လိုအပ်သလားလို့ မေးလိုက်ပါ။ ဒါလည်း သတိရဲ့ အရေးပါတဲ့ အခန်းကဏ္ဍပါပဲ။ ဘာကြောင့် လိုအပ်သလဲလို့ ပိုပြီး နက်နဲတဲ့ မေးခွန်း ဆက်မေးပါ။ တစ်ခုခု လိုအပ်တယ်လို့ ထင်နေမိတဲ့အခါမှာ တကယ်လိုအပ်သလား၊ ဘာကြောင့်လိုအပ်သလဲဆိုတဲ့ မေးခွန်းတွေ မမေးကြပါဘူး။ များများထုတ်လုပ် များများသုံးစွဲနေတဲ့ အဖွဲ့အစည်းမှာ နေထိုင်ရင်း ဒီလို မေးခွန်းထုတ်မိမယ်ဆိုရင် သူများတွေ သုံးစွဲနေကြလို့ ကိုယ်လည်း လိုချင်လာတယ်ဆိုတဲ့ အဖြေကို ရပါလိမ့်မယ်။ သူများတွေ သုံးစွဲနေကြလို့ လိုချင်တာပါ။ ဒီတော့ ဂုဏ်တုဂုဏ်ပြိုင်တွေထဲ မသိမသာ ပါသွားမိတာပေါ့။ တစ်ဘဝလုံး သူများနဲ့ ပြိုင်နေမိတော့တာပေါ့။

နောက်တစ်ခု အကြံပေးချင်တာက . . . တစ်ချို့ကို လက်ခံ ထောက်ခံပြီး တစ်ချို့ကို ငြင်းဆန် ကန့်ကွက်လိုက်ပါ။ ကျွန်တော်တို့ ဖြစ်နေတာက . . . အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တတ်ကြပါတယ်။ ခန္ဓာကိုယ်က အလိုရှိသမျှ၊ စိတ်က တောင့်တသမျှကို ထောက်ခံပေးပြီး ကိုယ့်ကိုယ်ကိုယ် အလိုလိုက်နေကြပါတယ်။ ဒါကို လက်တွေ့ ကျင့်သုံးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်နေမိတယ်ဆိုတာ သိအောင်လုပ်ဖို့၊ ဖောဖော်ရွေရွေ သိမ်သိမ်မွေ့မွေ့ ငြင်းဆန်ဖို့ နှစ်ခုလုံး အရေးကြီးပါတယ်။ တစ်ခုခုကို ငြင်းဆန်လိုက်တာဟာ ဘဝမှာ အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့ မှီခိုရတာတွေနဲ့ ပတ်သက်လို့ ဒီတစ်နည်းပဲ လုပ်စရာ ရှိပါတယ်။

တတိယ အနေနဲ့ အကြံပေးချင်တာက . . . သွယ်ဝိုက်တဲ့ နည်းလမ်းပါ။ အလေ့အကျင့် များလာပြီး ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်အောင် နေထိုင်တတ်တဲ့အခါ၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆက်သွယ်မိတဲ့ အခါမှာ အထူးတလည် အားစိုက်ပြီး စွန့်လွှတ်စရာ မလိုတော့ပါဘူး။ များများထုတ်လုပ် များများသုံးစွဲတဲ့ အဖွဲ့အစည်းမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ် မခံရဘဲ နေထိုင်ရှင်သန်နိုင်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာမှာ လှပတဲ့ ဥပမာလေးတစ်ခု ရှိပါတယ်။ ဥပမာ . . . ကြာပန်းလို ဖြစ်ရပါမယ်တဲ့။ ကြာပန်းဟာ ဘယ်မှာ ပေါက်သလဲ။ နွံမှာ ပေါက်ပါတယ်။ နွံမှာပေါက်တဲ့ ကြာပန်းဟာ ပတ်ဝန်းကျင်က နွံတွေ မပေကျံဘဲ ရှင်သန်ကြီးထွားနိုင်ပါတယ်။ ကိုယ့်အဇ္စျတ္တမှာ ပြောင်းလဲနေပြီ ဖြစ်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်နဲ့ အဖွဲ့အစည်းနဲ့ နေထိုင်တာ ဖြစ်ပေမယ့် ကိုယ့်လမ်းကြောင်းကိုယ် တည်ငြိမ်အောင် စွမ်းဆောင်နိုင်ပါတယ်။ ဗဟိဒ္ဓမှာ ဖြစ်ပေါ်နေတာတွေရဲ့ လွှမ်းမိုးမှုကို မခံရတော့ပါဘူး။ ဒါဟာ ဗုဒ္ဓတရားတော်ရဲ့ အရေးပါတဲ့ အချက်ပါ။

မေးခွန်းတစ်ခုလောက် မေးဖို့ အချိန် ရှိသေးတယ် ထင်ပါတယ်။

ယောဂီ။  ။ တစ်ယောက်တည်း နေရတဲ့အခါ ပျင်းပါတယ်။ တစ်ယောက်တည်း ကျေကျေနပ်နပ် နေထိုင်ပုံ အတွေ့အကြုံကို ပြောပြနိုင်ပါသလား။

ဆရာကြီး။  ။ ခပ်ကျဉ်းကျဉ်း ဖြေပါမယ်။ တစ်ယောက်တည်း နေရတဲ့အခါ၊ အထီးကျန် ခံစားရတဲ့ အခါ၊ ပျင်းလာတဲ့ အခါမှာ စိတ်ခံစားမှုတွေကို အလျှော့ပေးလိုက်ကြပါတယ်။ တစ်ခုခု ထလုပ်ပြီး အခြေအနေကို ပြောင်းလိုက်ကြပါတယ်။ ဒီကရှေ့ဆိုရင် အထီးကျန်းတဲ့အခါ၊ ပျင်းတဲ့အခါမှာ အဲဒီ အခြေအနေကနေ လွတ်မြောက်ဖို့ မကြိုးစားပါနဲ့။ အထီးကျန်မှု၊ ပျင်းရိငြီးငွေ့မှုကို ရင်ဆိုင် ဖြတ်သန်းလိုက်ပါ။ ဒါဟာ ရိုးရှင်းတဲ့ အဖြေပါပဲ။ ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် စိတ်ထဲမှာပဲဖြစ်ဖြစ် ကြုံတွေ့ရတဲ့ မနှစ်သက်စရာ အတွေ့အကြုံကို ရင်ဆိုင်ပြီး အတွေ့အကြုံကနေ လေ့လာသင်ယူခြင်းဟာ ဘာဝနာ ကမ္မဋ္ဌာန်းမှာ အရေးကြီးပါတယ်။ ဒါကို မနေ့က ပြောပြီးသားပါ။ အစပိုင်းမှာ တော်တော့်ကို ဆိုးပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့အကျင့်ရဲ့ အရေးပါတဲ့ အပိုင်းကို ပြသတာပါ။ မနှစ်သက်စရာ အတွေ့အကြုံကို ဖြတ်သန်းရပါတယ်။ ပျင်းရိမှုကနေ ပျင်းရိမှု အတွေ့အကြုံဖြစ်အောင် လုပ်လိုက်တာပါ။ ပျင်းရိမှုနဲ့ ကွာခြားပါတယ်။ ဒီလိုပဲ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့အဖော်ဖြစ်အောင် လေ့ကျင့်သင်ယူရပါတယ်။

အသုံးဝင်တဲ့၊ လက်တွေ့ကျတဲ့ မေးခွန်းတွေ မေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ခဏ နားကြပါစို့။ ဒီနေ့ နားချိန်အတွင်းမှာ ပြန်လှန်စဉ်းစား သုံးသပ်ပါ။ ပြန်လည် သုံးသပ်ခြင်းဟာ ဘာဝနာ လုပ်ငန်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာတွေကို ပြန်လည် သုံးသပ်ဖို့ အကြံပေးချင်ပါတယ်။ ပြန်လည်း သုံးသပ်တဲ့ အခါမှာ ဆွေးနွေးခဲ့တာတွေဟာ ကိုယ့်နဲ့ ဘယ်လို ဆီလျော်တယ်၊ ကိုယ်နဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာ သိနိုင်အောင် ကြိုးစားပါ။ နားချိန်အတွင်းမှာ အခု ပြောသလို ပြန်လှန် သုံးသပ်ပါ။ ခဏနေရင် ခေါင်းလောင်းတီးလိုက်ပါမယ်။ ပြန်လာတဲ့အခါကျရင် အရေးကြီးတဲ့ ကမ္မဋ္ဌာန်းတစ်ခု တင်ပြဆွေးနွေးပါမယ်။

[ခဏနားသည်။]

အလုပ်ပေးတရား

သက်တောင့်သက်သာဖြစ်မယ့် အနေအထားနဲ့ ထိုင်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ တရားထိုင်နေတဲ့ အခိုက်အတန့်မှာ မရွှေ့မပြောင်းဖို့ အရေးကြီးတဲ့ အတွက်ကြောင့်ပါ။

စိတ်ကို လုပ်ချင်ရာ လုပ်ခွင့်ပေးလိုက်ပါ။ အတွေးတွေ ပေါ်လာရင် . . . အတိတ်အကြောင်း အနာဂတ်အကြောင်း တွေးချင်ရာ တွေးပါစေ။

အတွေးတွေနဲ့ အသားကျအောင် လေ့ကျင့်ကြမယ်။ စိတ်ထဲမှာ ပေါ်လာတဲ့ အတွေးတွေကို အခိုက်အတန့်တိုင်းမှာ သိနေပါ။ သတိရှိနေဖို့၊ အခိုက်အတန့်တိုင်းမှာ နိုးကြားနေဖို့ အရေးကြီးပါတယ်။

စိတ်ခံစားချက်တွေ ဖြစ်ပေါ်ခွင့် ပေးနိုင်ပါသလား။ အထူးသဖြင့် ကျွန်တော်တို့ ဖယ်ထုတ်ပစ်နေကျ၊ ဖိနှိပ်နေကျ၊ ထိန်းချုပ်နေကျဖြစ်တဲ့ ကျွန်တော်တို့ မကြိုက်တဲ့ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်ခွင့် ပေးနိုင်ပါသလား။ အဲဒီလို ခံစားချက်တွေကို ဖြစ်ပေါ်ခွင့် ပေးနိုင်ပါသလား။ သူတို့ ဖြစ်ပေါ်လာရင် ဖြစ်ပေါ်ခွင့် ပေးနိုင်ပါသလား။

မနှစ်သက်ဖွယ် အတွေ့အကြုံတွေ ရှိတယ်ဆိုရင် အတွေ့အကြုံတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ပါသလား။ သူတို့ကို အနှုတ်လက္ခဏာ မတပ်ဘဲနဲ့ ဆက်ဆံနိုင်ပါသလား။

မနှစ်သက်ဖွယ် အတွေ့အကြုံတွေ မရှိဘူး ဆိုရင်လည်း မရှိတာကိုပဲ သိနေလိုက်ပါ။

အတွေးတွေ စိတ်လှုပ်ရှားမှုတွေ ခံစားရတာတွေ အားလုံးကို အရှိအတိုင်းသာ သိနိုင်အောင် လေ့ကျင့်ပါ။ စိတ်မှာ စက်တပ်ထားသလို အလိုအလျောက် သိနေအောင်၊ သိမှု အသားကျနေအောင် လေ့ကျင့်ပါ။

အတွေးတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ ခံစားရတာတွေ ဘာပဲဖြစ်နေဖြစ်နေ သူတို့နဲ့ အသားကျနေအောင် လေ့ကျင့်တာပါ။

ကဲ . . . ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ကြပါ။ ဣရိယာပုထ် ပြောင်းတဲ့အခါမှာ သတိနဲ့ ပြောင်းပါ။ ဘာဝနာ ကမ္မဋ္ဌာန်းအလုပ် ပြီးပြီလို့ မယူဆိုလိုက်ပါနဲ့။

ဝတ်ရွတ်စဉ် ဆိုကြရအောင်။ ဓမ္မမိတ်ဆွေတွေ အုပ်စုလိုက် အတူတူ ရွတ်ဆိုကြရတာ တော်တော်ကောင်းပါတယ်။ ဒါကြောင့် အားလုံး လိုက်ပြီး ရွတ်ကြပါ။

[ဝတ်ရွတ်စဉ် ရွတ်သည်။]

:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment