Sunday, October 7, 2012

သိမ်မွေ့သောလမ်း (၇)


 ၁။   ဘာဝနာမိတ်ဆက်
      တတိယနေ့ - ဓမ္မ၏ အရေးပါမှု
       (ဟောင်ကောင်၊ ၈ အောက်တိုဘာ ၁၉၉၇)

ဆရာကြီး။  ။ ရုပ်ဝတ္ထုက အရေးကြီးတယ်၊ ရုပ်ဝတ္ထုမှာ ပျော်ရွှင်မှုရှိတယ်လို့ လူများစုက ယုံကြည်ကြပါတယ်။ တကယ်တော့ ရုပ်ဝတ္ထုတွေ များများရလေ မကျေနပ်မှုတွေ ပိုလာလေပါပဲ။ မကျေနပ်နိုင်လေ ရုပ်ဝတ္ထုတွေ ပိုရချင်လေပါပဲ။

အင်အား အပြည့်ရှိတဲ့ ဥပမာတစ်ခု ဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ အရိုးကိုက်တဲ့ ခွေးလိုပဲတဲ့။ ခွေးက အရိုးကို မလွှတ်ဘူး။ မြဲမြဲ ကိုက်ထားတယ်။ ဒါပေမယ့် ဆာနေတာပဲ။ မကျေနပ်နိုင်ဘူး။ အရိုးကို ဆုံးရှုံးလိုက်ရမှာ ကြောက်ပြီး ဆင်းရဲနေရတယ်။

စိုးရိမ်စရာကောင်းတဲ့ ဒီပြဿနာနဲ့ ဆက်စပ်နေတာ တစ်ခု ရှိသေးတယ်။ ရှုထောင့်တစ်မျိုးကနေ တစ်နည်းပြောရရင် များများထုတ်လုပ် များများသုံးစွဲရေးဝါဒ ဖြစ်ပါတယ်။ စားသုံးသူ လူ့အဖွဲ့အစည်းမှာ နေထိုင်ရှင်သန်ပြီး များများထုတ် များများသုံး ၀ါဒရဲ့ ရိုက်ခတ်မှု မခံရအောင် ရှောင်ရတာဟာ တကယ့် စိန်ခေါ်မှုကြီးပါပဲ။

များများထုတ် များများသုံး ၀ါဒကို ရှုထောင့်အမျိုးမျိုးကနေ ဖွင့်ဆိုနိုင်ပါတယ်။ ကျွန်တော်ကတော့ အန္တရာယ်ရှိတဲ့ အပိုင်း နှစ်ခုကို မြင်မိတယ်။ တစ်ခုက လူတွေဟာ ကိုယ် ဘာလိုအပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြတာပါ။ နောက်တစ်ခုက ကိုယ့်လိုအင်ကို ကိုယ်နားမလည်ကြတာပါ။ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒကို ကွဲကွဲပြားပြား သဘောမပေါက်ကြပါဘူး။

ဒေသနာတော်အရ ပြောရရင် ကျွန်တော်တို့ လိုအပ်တာတွေ ရှိပါတယ်။ စားစရာ၊ ဝတ်စရာ၊ နေစရာနဲ့ ဆေးဝါးပေါ့။ ဒါတွေကို ပစ္စည်းလေးပါးလို့ ခေါ်ပါတယ်။ ဒီလေးမျိုးကို လူသားတွေ တကယ် လိုအပ်ပါတယ်။ ရုပ်ဝတ္ထုရဲ့ အခန်းကဏ္ဍ ရှိပါတယ်။ ဒါပေမယ့် ရုပ်ဝတ္ထုကို ပန်းတိုင်ထားရင်၊ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒ ရောထွေးသွားရင် မကျေနပ်မှုတွေ ဆင်းရဲဒုက္ခတွေဆီ ဦးတည်သွားတော့တာပါပဲ။

နောက်တစ်ခု များများထုတ် များများသုံး ၀ါဒမှာ အန္တရာယ်ကြီးတာက ကိုယ်ကျင်လည်ရာ လူ့အဖွဲ့အစည်းက ကိုယ့်ကို ကြိုးကိုင်ခြယ်လှယ်တာပါ။ ကိုယ် ကြိုးကိုယ်ခြယ်လှယ် ခံနေရတာကို မသိနိုင်ရင် အန္တရာယ် ကြီးပါတယ်။ ကိုယ်က ရုပ်သေးရုပ် တစ်ရုပ်လို ဖြစ်သွားတော့တာပေါ့။ လောဘတွေ လိုအင်ဆန္ဒတွေ ဖန်တီးပေးတဲ့ အဖွဲ့အစည်းရဲ့ လက်ထဲက ရုပ်သေးရုပ်တွေကို ဖြစ်ကုန်တော့တာပေါ့။ ဒါတွေကနေ . . . အလိုမကျမှုတွေ ပိုများလာတော့တာပေါ့။

လွတ်မြောက်ဖို့ ဉာဏ်အလင်း ပွင့်ဖို့ စွမ်းရည်တွေ ရှိနေတဲ့ လူသားတွေ ဒီလို အဖြစ်ဆိုးနဲ့ ကြုံနေကြရတာ ဝမ်းနည်းစရာ မကောင်းဘူးလား။ ကျွန်တော်တို့ သန္တာန်မှာ ဗုဒ္ဓသဘာဝ ကိန်းဝပ်နေပါတယ်။ ဒါကို မသိကြဘူး။ နေထိုင်ရှင်သန်ရာ လူ့အဖွဲ့အစည်းရဲ့ သားကောင်တွေ ဖြစ်နေကြတယ်။

ဒါနဲ့ ပတ်သက်လို့ ခိုင်းနှိုင်းစရာတစ်ခု စိတ်ထဲ ပေါ်လာတယ်။ ကျွန်တော်တို့ဟာ လူကြီးတွေ ဖြစ်ကြပေမယ့် ကစားစရာ အရုပ်တွေကို မှီခိုတွယ်မက်နေကြတယ်။ ဒီယဉ်ကျေးမှု ဒီနိုင်ငံက လူတွေ ဘယ်လို ကစားစရာတွေနောက် လိုက်နေကြသလဲ ဆိုတာကို စိတ်ဝင်စားမိတယ်။ ကစားစရာ အရုပ်ဆိုတာ လူတွေ အပျော်ရှာနေကြတဲ့၊ နှစ်သက်စရာ ထင်နေကြတဲ့၊ ငြိမ်းချမ်းတယ် ထင်နေကြတဲ့ ဗဟိဒ္ဓ ရုပ်ဝတ္ထုတွေကို ပြောတာပါ။ အရုပ်တွေ စုဆောင်းနေကြတယ်။ တစ်ရုပ်ပြီး တစ်ရုပ် ပြောင်းကြတယ်။ အရုပ်တွေ ရဖို့အတွက်နဲ့ပဲ တစ်ဘဝစာ ကုန်ဆုံးသွားကြတယ်။ ဒါပေမယ့် မကျေနပ်နိုင်ကြဘူး။

ခင်ဗျားတို့ ဘယ်လိုအရပ်တွေကို စိတ်ဝင်တစား စုဆောင်းကြတယ် ဆိုတာကို သိချင်ပါတယ်။

“ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ရဲ့အရုပ်”

ယောဂီ။  ။ စျေးဝယ်တာပါ။

ယောဂီ။  ။ အိမ်ယာပါ။

ဆရာကြီး။  ။ ပြောရရင် အိမ်ယာ လိုအပ်ပါတယ်။ ဒါပေမယ့် အိမ်သေးသေးနဲ့ မကျေနပ်နိုင်တော့ အိမ်က ကြီးကြီး လာတာပေါ့။ အိမ်က ကလေးကစားစရာ အရုပ်လို ဖြစ်သွားတယ်။ အိမ်အပေါ်မှာ မကျေနပ်နိုင်တော့ဘူး။ အိမ်သစ်လှလှလေး ရလိုက်ပေမယ့် မပျော်နိုင်သေးဘူး။ ပိုကြီးတဲ့ အိမ်တစ်လုံး ပြောင်းချင်သေးတယ် မဟုတ်လား။ အဲဒါ ပြဿနာပဲ။

ယောဂီ။  ။ ကွန်ပျူတာပါ။

ယောဂီ။  ။ အဲဒီ အရုပ်က အခု ကျွန်တော်တို့ သီရိလင်္ကာမှာ ရောက်နေပြီ။ ထားပါတော့။ အရုပ်စာရင်း အရှည်ကြီး လုပ်ကြည့်နိုင်ပါတယ်။ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ရှိသေးတယ်။ ဘာဝနာ ကမ္မဋ္ဌာန်းလည်း အရုပ်ပဲလား။ ဒီအရုပ်တွေနဲ့ ဘာဝနာလုပ်ငန်း ဆက်စပ်မှု ရှိသလား။

ယောဂီ။  ။ ရှိပါတယ်။

ဆရာကြီး။  ။ ဘာဝနာလုပ်ငန်းမှာ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့အရုပ် ဖြစ်သွားနိုင်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါဟာ တရားဓမ္မရဲ့ အရေးပါမှု ဖြစ်ပါတယ်။ အံ့သြစရာကောင်းတဲ့ ဘုရားရှင်ရဲ့ သွန်သင်ညွှပြချက် ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့အရုပ် ဖြစ်သွားတဲ့အခါ ပျော်ရွှင်မှု ရရှိပါတယ်။ ကိုယ့်ဟာကိုယ် ကျေနပ်ရောင့်ရဲပါတယ်။ ငြိမ်းချမ်းပါတယ်။ ဒီတော့ ဗဟိဒ္ဓက အရုပ်တွေ၊ အပြင်က ရုပ်ဝတ္ထုတွေကို လွှတ်ချလိုက်ပါတယ်။ ကျေနပ်နှစ်သက်စရာ ပျော်စရာကို အစ္စျတ္တမှာပဲ ရှာတွေ့သွားတာကိုး။

ဒါနဲ့ ပတ်သက်လို့ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် အဖော်ပြုပြီး ပျော်ရွှင်နည်းကို လေ့လာသင်ယူဖို့ ဖြစ်ပါတယ်။ သီရိလင်္ကာတုန်းက ကျွန်တော်နေတဲ့ ရိပ်သာကို ယောဂီတွေ ရောက်လာတော့ တစ်ယောက်တည်း အချိန်တော်တော်ကြာအောင် နေကြဖို့ ပြောလိုက်တယ်။ တစ်ယောက်တည်း နေတဲ့အခါ ဘယ်လို ဖြစ်တယ်ဆိုတာ မြင်အောင်ကြည့်ဖို့ မှာလိုက်တယ်။ စိတ်ဝင်စားစရာပဲ။ ရိပ်သာလာတဲ့ ယောဂီ တစ်ချို့က ဘာကစားစရာ အရုပ်မှ မပါဘဲ တစ်ကိုယ်တည်း တစ်ယောက်တည်း တစ်ခါမှကို မနေဖူးခဲ့ကြဘူး။ ဒီတော့ ဘာဖြစ်သလဲ။ သူတို့ အထီးကျန် ဆန်သွားတာပေါ့။ ပျင်းကြတာပေါ့။ ဒါက ဘာကို ပြသနေသလဲ။ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် တစ်ယောက်တည်း မနေနိုင်ကြဘူး။ အထီးကျန်မှုကနေ လွတ်မြောက်ချင်ကြတယ်။

ဓမ္မနဲ့ ပတ်သက်လို့ အရေးကြီးတာက တရားနဲ့ နေနေတာကို သဘောပေါက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်နိုင်အောင် သင်ယူနေတာပါ။ ကိုယ့်ကိုယ်ကိုယ် သိဖို့၊ ကိုယ့်ဟာကိုယ် ကျေနပ်နိုင်ဖို့ သင်ယူရပါတယ်။ ဒေသနာတော်မှာ ဖော်ပြထားတာက အဲဒီလို ပုဂ္ဂိုလ်ဟာ ဘယ်မှာဖြစ်ဖြစ် အိမ်မှာ နေရသလိုပါပဲတဲ့။ တစ်ယောက်တည်း အထီးကျန် ဖြစ်နေပေမယ့် ပျော်နိုင်ပါတယ်။ သူတစ်ပါးနဲ့လည်း ပျော်ရွှင်နိုင်ပါတယ်။

အမှားပြုလုပ်ခြင်း

ဓမ္မရဲ့ အရေးပါမှုကို ဖော်ပြတဲ့ နောက်တစ်ခု ပြောချင်ပါသေးတယ်။ ဘဝမှာ ကြုံရတဲ့ အခြေအနေ အားလုံးဟာ တရားကျင့်သုံးမှုနဲ့ ဆက်စပ်နေပါတယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် တရားကို မြင်အောင်ကြည့်ရပါတယ်။ မနေ့က ပြောခဲ့သလိုပေါ့။ မနှစ်သက်စရာ အတွေ့အကြုံတွေကတောင်မှ လေ့လာစရာတွေ ဖြစ်လာပါတယ်။ ဒီနိုင်ငံ ဒီယဉ်ကျေးမှုမှာ အမှားလုပ်မိမှာ ကြောက်ကြတာကို ကျွန်တော် သိပါတယ်။ ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်ဖို့ အလေးပေးကြတာကိုး။ ဒီလို အကောင်းဆုံး ဖြစ်ရမယ်လို့ စံသတ်မှတ်ထားတဲ့အတွက် အမှားလုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာပေါ့။ ကိုယ့်ကိုယ်ကိုယ် မုန်းတီးတာပေါ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ဘူး။ ကိုယ်ကိုယ်ကိုယ် အသုံးမကျသူလို့ မြင်လာတယ်။

သီရိလင်္ကာမှာ ပြောစကားတစ်ခု ရှိတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး အနှုတ်လက္ခဏာတွေ မြင်တယ်တဲ့။ ကိုယ့်အနှုတ်လက္ခဏာ ကိုယ်မြင်တော့ သူတစ်ပါးကို ကြည့်ရင်လည်း အနှုတ်လက္ခဏာတွေပဲ မြင်တာပေါ့။ အနှုတ်လက္ခဏာတွေ ပြည့်နေတဲ့ ငရဲခန်းကို ဖန်းတီးမိတော့တာပေါ့။ ဓမ္မနဲ့ ပတ်သက်လို့ အရေးကြီးတာက . . .။ အမှားပြုမိပြီး ဆင်းရဲဒုက္ခ မဖန်းတီးမိအောင် တရားတော်က ကူပံ့ပေးပါတယ်။ မေးခွန်း ထုတ်တတ်အောင် ကူပံ့ပေးပါတယ်။ အမှားကနေ ဘာတွေ လေ့လာနိုင်သလဲ။ ကိုယ် ဘာဖြစ်တယ် ဆိုတာကို အမှားက ဘယ်လို ညွှန်ပြနေသလဲ။ ဒီလို စူးစမ်းမှုကို ဖော်ဖော်ရွေရွေ သိမ်သိမ်မွေ့မွေ့ နားလည်မှု အပြည့်နဲ့ လုပ်ဖို့ လိုပါတယ်။ အနှုတ်လက္ခဏာတွေ မထည့်ဘဲ စူးစမ်းပါ။

ဒါဆိုရင် အမှားတွေဟာ ကျွန်တော်တို့ အကျင့်လမ်းမှာ တိုးတက်ရေး အထောက်အကူတွေ ဖြစ်ပါတယ်။ လှပတဲ့ ဘဝနေနည်း မဟုတ်ဘူးလား။ အမှားတွေကနေ လေ့လာတယ်။ နောက်ပြီးတော့ သူတစ်ပါးရဲ့ အမှားကို မြင်တဲ့အခါမှာလည်း တစ်မူထူးခြားတဲ့နည်းနဲ့ တုံ့ပြန်နိုင်အောင် လေ့ကျင့်သင်ယူရပါတယ်။ ကိုယ့်ရဲ့ လူ့သဘာဝကို တန်ဖိုးထားတတ်အောင် သင်ယူရပါတယ်။ အပြစ်ကင်းတဲ့ ပြည့်စုံမှုကို အလေးမထားပါဘူး။ သူတစ်ပါးရဲ့ လူ့သဘာဝကိုလည်း တန်ဖိုးထားတတ်အောင် သင်ယူရပါတယ်။

ဒီဒေသနာတော်ရဲ့ အရေးကြီးတဲ့ အချက်က ဘယ်လိုဘယ်ပုံ ကိုယ့်ဒုက္ခကိုယ် ဖန်တီးမိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါကို နားလည်နိုင်ရင် ကိုယ်တိုင်ဖန်တီးတဲ့ ကိုယ့်ဒုက္ခက လွတ်မြောက်ဖို့ ကိုယ်ကိုယ်တိုင်ပဲ စွမ်းဆောင်နိုင်တယ် ဆိုတာ ရှင်းလာပါတယ်။

အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးလာနိုင်တာပေါ့။ ဘာပဲ ဖြစ်ပေါ်လာ ဖြစ်ပေါ်လာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လေ့လာသင်ယူရပါတယ်။ တရားဓမ္မ အကူအညီနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာကို ငါသိတယ်လို့ ယုံကြည်နိုင်အောင် လေ့ကျင့်ရပါတယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ဆရာဖြစ်အောင် လေ့လာသင်ယူပါ။ ဘုရားရှင် မိန့်တော်မူတဲ့အတိုင်း ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ မှီခိုရာကျွန်း ဖြစ်ပါစေ။


ဘဝဆရာ

ပြောလက်စ အကြောင်းအရာနဲ့ ပတ်သက်လို့ နောက်ဆုံးတစ်ခု ရှိပါသေးတယ်။ အစဉ်အလာ မျိုးစုံက ဆရာမျိုးစုံ၊ မာစတာမျိုးစုံ၊ ဂုရုမျိုးစုံနဲ့ တွေ့ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် ကံကောင်းပါတယ်။ ဘယ်ဂုရုက ကျွန်တော့်ကို စိတ်ဓာတ်တက်ကြွအောင် လုပ်အပေးနိုင်ဆုံးလဲဆိုတာ သိကြပါသလား။ ဘဝ ပါပဲ။ ဘဝဟာ အကောင်းဆုံးဆရာ ဖြစ်ပါတယ်။ ဒါကြောင့် ဓမ္မကို ကျေးဇူးတင်ပါ။ ဓမ္မရဲ့ အရေးပါမှုကို နားလည် သဘောပေါက်တဲ့အခါမှာ ဘဝဟာ ခင်ဗျားတို့ရဲ့ ဆရာသခင် ဖြစ်လာပါတယ်။ တစ်ခါတစ်ခါ ဘဝဟာ ကြမ်းတမ်းတဲ့ ဆရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာကောင်းပါ။ တကယ်တမ်း ကိုယ် ဘာကောင်ဖြစ်တယ်ဆိုတာကို ဘဝက ညွှန်ပြပေးပါတယ်။

ဟုတ်ပါပြီ။ ကျွန်တော် ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ မေးခွန်းတွေ မေးစရာရှိရင် မေးကြပါ။ အရင်ရက်တွေက တော်တော်ကောင်းတဲ့ မေးခွန်းတွေ၊ ဘဝနဲ့ ဆက်စပ်ပြီး လက်တွေ့ကျတဲ့ မေးခွန်းတွေ မေးခဲ့ကြပါတယ်။ ဒီနေ့လည်း မေးခွန်းကောင်းတွေ မေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘဝနဲ့ သက်ဆိုင်တဲ့ နယ်ပယ်တစ်ချို့ကို ကျွန်တော် တို့ထိ ပြခဲ့ပါတယ်။ ဒါကြောင့် . . . မေးခွန်းတွေ လွတ်လွတ်လပ်လပ် မေးကြပါ။ ကျွန်တော်တို့တတွေ ပြဿနာတွေနဲ့ ရင်ဆိုင်တတ်အောင် ဘုရားရှင်ရဲ့ အဆုံးအမ တရားတော်တော်က ဘယ်လို အထောက်အပံ့ ပေးတယ်ဆိုတာကို ကြည့်ကြရအောင်။


:)
ရှင်စာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment