Wednesday, May 2, 2012

တရားမင်းသခင် - ၄၆။ သားမက်ဖမ်းခြင်း


ဟိမ၀န္တာ တောင်စဉ်တောင်တန်းများ၏ အခြေ၌ တည်ရှိသော မြို့တော်သာဝတ္ထိနှင့် တောင်ပိုင်းဒေသ ဂင်္ဂါမြစ်ဝှမ်း၌ တည်ရှိသော ကောသမ္ဗီမြို့တော်တို့သည် မိုင်ထောင်ချီအောင် ကွားဝေကြ၏။ မြို့တော်နှစ်ခုကို ဆက်သွယ်ထားသည့် ခရီးဝေး လမ်းမကြီး ရှိသော်လည်း ဘုရားရှင်သည် ထိုလမ်းကြီးအတိုင်း မဟုတ်ဘဲ ဂင်္ဂါမြစ်ကမ်းတစ်လျှောက် ဒေသစာရီ ကြွချီတော်မူ၏။ ဘာရတ အနောက်ပိုင်းဒေသ မြို့ရွာများသို့ အဆင့်ဆင့် ရောက်ရှိတော်မူ၏။ သဗ္ဗညုတဉာဏ် ရရှိတော်မူပြီးနောက် ကိုးဝါမြောက်သည်မှ စ၍ လေးနှစ်တိုင်တိုင် ခရီးဒေသစာရီ ကြွချီတော်မူခြင်း ဖြစ်သည်။ ထို့နောက် ဆယ့်သုံးဝါမြောက်၌ ယမုနာ မြစ်ကမ်းအတိုင်း ကုရုတိုင်းသို့ ကြွတော်မူလေ၏။

တစ်နေ့သ၌ ဘုရားရှင်သည် ဟတ္ထိနာဂပူရ မြို့တော်ဟောင်းကို ဖြတ်ကျော်ပြီးနောက် ပုဏ္ဏားရွာ တစ်ခုသို့ ရောက်ရှိတော်မူ၏။ ထိုရွာသား ပုဏ္ဏားတစ်ယောက်သည် လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် တင့်တယ်သည့် ဘုရားရှင်ကို မြင်လျှင် ဘုရားရှင်၏ ထံတော်ပါးသို့ ချဉ်းကပ်၍ ဘုရားရှင်ကို ခြေဆုံးခေါင်းဆုံး ကြည့်ရှု အကဲခတ် လေ၏။ ထို့နောက် ပုဏ္ဏားက ဆို၏။

“မင်းသား . . . သင်ဟာ ၀င်းလက်တောက်ပနေတာပဲ။ သင်ဟာ ချောမောခန့်ငြားသူပဲ။ သင်ဟာ ယောက်ျားမြတ်တို့ရဲ့ လက္ခဏာနဲ့ ပြည့်စုံသူပဲ။ သင့်ရဲ့ ကာယိနြေ္ဒကလည်း တည်ကြည်ခန့်ငြားတာပဲ။ သင်ဟာ ယောက်ျားမြတ်ပါ။ မင်းသား . . . နားထောင်စမ်းပါ။ ငါ့မှာ သင်နဲ့ သင့်တော်တဲ့ သမီးချောတစ်ယောက် ရှိတယ်။ သင်ဟာ ငါ့သမီးအတွက် အသင့်တော်ဆုံး အိမ်ထောင်ဘက်ပဲ။ ငါ့သမီးကလည်း သင့်အတွက် အသင့်တော်ဆုံး အိမ်ရှင်မ တစ်ယောက်ပဲ။ လာပါ . . .။ ခဏ ပြန်လှည့်ပြီး ငါ့အိမ် သွားမယ်။ သင့်ကို ငါ့သမီး ပေးလိုက်မယ်။”

ဘုရားရှင်သည် တည်ငြိမ်ခန့်ငြားစွာ တုံ့ပြန်တော်မူ၏။

“အို . . . ပုဏ္ဏား။ ငါက နောက်ပြန်လှည့်ရိုး ထုံးစံ မရှိဘူး။ နောက်ပြီးတော့ . . . ငါဟာ ရဟန်းတစ်ပါးပါ။”

“မင်းသား . . . သင်ဟာ နန်းဝတ်နန်းစားနဲ့ဆိုရင် သင်္ကန်းဝတ်ထားတာထက် ပိုပြီးတော့ နှစ်လိုဖွယ် ကောင်းမှာပါ။ အရှင်မင်းသား . . . သင်ဟာ နုနုငယ်ငယ်ပဲ ရှိပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဟန်းဝတ်နေလို့ ဘာလုပ်မှာလဲ။ ငါ့သမီးကို မြင်လိုက်ရရင် သင် ညွတ်ကျသွားပြီး သပိတ်တွေ သင်္ကန်းတွေကို စွန့်ပစ်လိုက်မှာ သေချာပါတယ်။ ငါ့သမီး ညှို့ယူဆွဲဆောင်လိုက်တာကို သင် ခံရမှာပါ။ နောက်ပြန်မလှည့်ချင်ရင်လည်း ခဏစောင့်ပါ။ ငါ အိမ်ပြန်မယ်။ ငါ့သမီးကို တန်ဆာဆင်ပြီး ခေါ်လာခဲ့မယ်။ ငါ ပြန်မလာမချင်း စောင့်နေပါ . . .။”

“ဒါဆိုရင်လည်း ဒီနေရာက စောင့်နေမယ်။”

မာဂဏ္ဍိယ ပုဏ္ဏားသည် ချက်ချင်းပင် အိမ်သို့ ပြန်ပြေးလေ၏။ အိမ်ရောက်သောအခါ အမောတကော ဖြစ်နေ၍ ခဏ နားပြီးမှ မယားဖြစ်သူကို အော်နိုင်၏။

“ဟေ့ . . . မိန်းမ။ သမီးနဲ့ သင့်တော်မယ့် ယောက်ျားတစ်ယောက် တွေ့ခဲ့တယ်။ သူဟာ ကြီးမြတ်တဲ့ ဥပဓိပိုင်ရှင်ပဲ။ ငါတွေ့ဖူးသမျှ အချောဆုံး ယောက်ျားတစ်ယောက်ပဲ။ သူ လမ်းမှာ ရပ်နေခဲ့တယ်။ သမီးကို မြန်မြန် တန်ဆာဆင်စမ်း။”

“ဘာတွေ အလောတကြီး ဖြစ်နေရတာလဲ။ သူ့ကို ဘာဖြစ်လို့ အိမ် မခေါ်ခဲ့တာလဲ။ ကျုပ်သမီးက အပေါစား ရောင်းကုန် မဟုတ်ဘူး။ ရှင် ရူးနေသလား။ ကျုပ်သမီးကို အခြေအနေမဲ့ လမ်းပေါ်ကလူနဲ့ ပေးစားရမှာလား။ သူ့ကိုသာ အိမ် ခေါ်ခဲ့။”

“ဘာတွေ လျှောက်ပြောနေတာလဲ။ ယောက်ျားတွေ . . . ယောက်ျားတွေ ရှိနေတာပဲ။ ငါ မသိဘူးတဲ့လား။ အင်္ဂ၀ိဇ္ဇာ လက္ခဏာ ပညာသာ မှန်မယ်ဆိုရင် သူဟာ ငါ တွေ့ဖူးသမျှ အကြီးမြတ်ဆုံး ယောက်ျားပဲ။ သူက ခရီးတစ်ခု စလိုက်ရင် နောက်ပြန်လှည့်တော့တာ မဟုတ်ဘူး။ ဒီအိမ်ရှေ့ သူ ရောက်ခဲ့ပြီးသားဆိုတော့ ပြန်လာမှာ မဟုတ်တော့ဘူး။ ငါ တောင်းပန်လို့ လမ်းမှာ စောင့်နေခဲ့တာ။ အချိန်ဆွဲမနေနဲ့။ သမီးကို အ၀တ်အစားဆင်။ တန်ဆာဆင်စမ်း . . .။”

သမီးဖြစ်သူသည် မိဘနှစ်ပါးတို့ ပြောစကားကို စိတ်ဝင်တစား နားထောင်နေ၏။

“ရှင် တစ်ယောက်တည်း အင်္ဂ၀ိဇ္ဇာ လက္ခဏာ ပညာတတ်တာ မဟုတ်ပါဘူး။ ကျုပ်လည်း တတ်ပါတယ်။ ပြောစမ်းပါ။ သူ့ ပုံပန်းက ဘယ်လိုလဲ။”

“မိန်းမ . . . မင့်ကို ရှင်းပြနေရတာနဲ့ နောက်ကျသွားရင် သူက စောင့်နေမှာ မဟုတ်ဘူး။ ဒီအတိုင်း လုပ်နေလို့ကတော့ လက်ထဲ ရောက်ပြီးသား ရတနာ လွတ်သွားတော့မှာပဲ။ သမီးကို တန်ဆာဆင်။ မင်းလည်း သမီးနဲ့အတူ လိုက်ခဲ့။ ဟိုကျမှ ကိုယ့်သားမက်ကိုယ် အကဲခတ်တော့။ ငါပြောတာ မှန်တယ်ဆိုတာ မင်း သိလိမ့်မယ်။”

ပုဏ္ဏား လင်မယားတို့သည် ကုရုတိုင်း အတွင်း၌ အချောဆုံး အလှဆုံးဖြစ်သည့် သမီးကညာ မာဂဏ္ဍီကို အလှအပ တန်ဆာဆင်ယင်၍ ဘုရားရှင် ရပ်တော်မူခဲ့သည့် နေရာသို့ အမြန် ခေါ်သွားကြ၏။ သို့သော် ထိုနေရာ၌ ဘုရားရှင် မရှိတော့ပေ။ လမ်းမကြီးမှ ခွဲထွက်သွားသည့် လမ်းသွယ်ပေါ်၌ ဘုရားရှင်၏ ခြေတော်ရာများကိုသာ တွေ့ရတော့၏။ ပုဏ္ဏေးမသည် ခြေတော်ရာတို့ကို စေ့စေ့စပ်စပ် အကဲခတ် စစ်ဆေးပြီး မှတ်ချက်ချ၏။

“ဒီ ခြေရာပိုင်ရှင်ဟာ အိမ်ထောင်သည် ဘ၀မှာ နေမယ့်လူ မဟုတ်ဘူး။ ဒါတွေဟာ သူတော်စင် ရသေ့ရဟန်း တစ်ပါးရဲ့ ခြေရာတွေပဲ။”

“သိတယ်။ ငါ သိတယ်။ အသုံးမကျတာတွေ လျှောက်ပြောမနေနဲ့။ အဓိပ္ပာယ် မရှိတာ . . .။ ဒီ ယောက်ျားမြတ် ငါတို့သမီးကို မြင်လိုက်ရင် သပိတ်တွေ သင်္ကန်းတွေ စွန့်ပစ်လိုက်မှာ . . .။ ငါတို့သမီးရဲ့ အလှမှာ တိမ်းညွတ်သွားမှာပဲ။ လာပါ။ လာစမ်းပါ။”

ပုဏ္ဏာားကြီးသည် ခြေတော်ရာများနောက်သို့ လိုက်သွား၏။ လမ်းနှင့် မလှမ်းမကမ်းရှိ သစ်ပင်အောက်၌ ထိုင်တော်မူနေသည့် ဘုရားရှင်ကို မြင်လိုက်ရ၍ အတိုင်းမသိ ၀မ်းသာသွား၏။ ဘုရားရှင်ထံသို့ ပြေးဝင်သွားပြီး အငမ်းမရ ပြောနေ၏။

“မင်းသား . . . ကြည့်ပါဦး။ သမီးကို ခေါ်လာခဲ့ပြီ။ မျက်လွှာချ မနေစမ်းပါနဲ့။ ကြည့်စမ်းပါ . . .။ ငါ့သမီးလောက် ချောမောလှပတဲ့ အမျိုးသမီး တွေ့ဖူးလို့လား။”

သစ်ပင်အောက်၌ ထိုင်တော်မူနေသည့် ဘုရားရှင်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မာဂဏ္ဍီ အမျိုးသမီး၏ ခြေလှမ်းများ တုံ့ဆိုင်းသွား၏။ သံလိုက်ဓာတ် တစ်ခုဖြင့် ဆွဲဆောင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ဖခင် ပုဏ္ဏားကြီး၏ စကားများ မှန်နေ၏။ မာဂဏ္ဍီ ကိုယ်တိုင်လည်း ဤကဲ့သို့ ချောမောပြေပြစ် ခန့်ငြားသည့် ယောက်ျားမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ တဏှာပေမ ရာဂမှ ပေါက်ဖွားလာသည့် ရှက်ရွံ့မှုတစ်ခု မာဂဏ္ဍီကို လွှမ်းမိုးသွား၏။ မိခင်ကြီး၏ လက်ကို ဆွဲကိုင်ထားသူ မာဂဏ္ဍီသည် ရမ္မက်ဆန္ဒတို့ကို ထိန်းချုပ်ဖုံးကွယ်ရင်း  ညှို့ယူဖမ်းစားသည့် အမူအရာဖြင့် ကနွဲ့ကလျ လျှောက်လှမ်းနေ၏။ ထိုစဉ် ပုဏ္ဏားကြီးသည် ဘုရားရှင်ကို စကားဆိုပြန်၏။

“မင်းသား . . . ကြည့်ပါဦး။ ကြည့်စမ်းပါ . . . အရှင့်သား . . .။ ငါ့သမီးဟာ ကမ္ဘာစိုးတဲ့ စကြာဝတေးမင်းနဲ့ ထိမ်းမြားလက်ဆက်ဖို့ အရည်အချင်း ပြည့်ဝတဲ့ အမျိုးသမီးပါ။ မင်းသားလည်း လူဝတ်ကြောင် ဘ၀နဲ့ အိမ်ထောင်သားမွေး လုပ်မယ်ဆိုရင် စကြာဝတေးမင်း စည်းစိမ်းကို ခံစားရမယ့်သူပါ။ ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နဲ့သာ ထိုက်တန်ပါတယ်။ ကုရုတိုင်း တစ်တိုင်းလုံးမှာ အချောအလှဆုံး ကျက်သရေ အရှိဆုံး သမီးကညာကို သင့်ဆီ အပ်နှင်းပါတယ်။ မင်းသား . . . စကား ပြောပါဦး။”

ပုဏ္ဏားကြီး၏ စကားအဆုံး၌ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေ၏။ ဘုရားရှင်သည် အေးဆေးတည်ငြိမ်စွာ ထိုင်တော်မူနေ၏။ ပုဏ္ဏေးမကြီးသည် နှုတ်ဆိတ်လျက် အခြေအနေကို အကဲခတ်ကြည့်နေ၏။ နှလုံးသားထဲ၌ ရှက်နိုးခြင်းနှင့် ဆန္ဒရမ္မက်တို့ ပြည့်လျှမ်းနေသူ မာဂဏ္ဍီ အမျိုးသမီးကား မြေပြင်ကိုသာ ငုံ့ငေး၍ ကြည့်နေလေ၏။

(ဆက်ရန် . . . . .)


:)
ရှင်အာစာရ



-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment