Sunday, April 29, 2012

သိမ်မွေ့သောလမ်း (၅)

(. . . . . မှ အဆက် )

  မနှစ်သက်ဖွယ် အတွေ့အကြုံများ

မလိုလား မနှစ်သက်စရာ အတွေ့အကြုံတွေကို သတိနဲ့ လေ့လာ စူးစမ်းတတ်အောင် လေ့ကျင့်တာဟာလည်း အရေးကြီးတဲ့ သတိပဋ္ဌာန်အလုပ်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေထဲက တော်တော်လှတဲ့ ဥပမာလေး တစ်ခုကို သဘောကျမိပါတယ်။ အသိသတိကို ခွဲစိတ်ကု ဆရာဝန်နဲ့ နှိုင်းယှဉ်ထားပါတယ်။ ခွဲစိတ်ကု ဆရာဝန်ဟာ အနာက ဘယ်မှာရှိတယ်၊ ဒဏ်ရာက ဘယ်မှာရှိတယ်၊ ဘယ်နေရာမှာ ခွဲစိတ်ရမယ် ဆိုတာကို စူးစမ်းရှာဖွေရပါတယ်။ ခွဲစိတ်ရမယ့် နေရာကို သိဖို့ စစ်ဆေးရပါတယ်။ ပြဿနာကို စုံစမ်းပြီးတဲ့ အခါမှာ ခွဲစိတ်ဓားနဲ့ ခွဲစိတ်ရပါတယ်။ အနာကျက်အောင် ကုသရပါတယ်။ ဒီ ဥပမာလိုပါပဲ။ ပြဿနာကို သတိနဲ့ ရှာဖွေရပါတယ်။ စုံစမ်း စစ်ဆေးရပါတယ်။ စစ်ကြောပြီး ပြဿနာကို ဖော်ထုတ်ရပါတယ်။ တွေ့ရှိတဲ့ ပြဿနာကို ပညာနဲ့ ကိုင်တွယ်ဖြေရှင်းရပါတယ်။

စိတ်ဆိုးဒေါသ၊ စိုးရိမ်သောက၊ ကြောက်လန့်မှု၊ ဝမ်းနည်းမှု၊ အပြစ်မကင်းမှု စတာတွေဟာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ နေစဉ်ဘဝ ပြဿနာတွေပါပဲ။ ဒါတွေ အားလုံးဟာ ကျွန်တော်အတွက် ဆင်းရဲဒုက္ခတွေ ဖန်တီးပါတယ်။ ခွဲစိတ်ကု ဆရာဝန် စူးစမ်းသလို ဒီပြဿနာတွေကို စူးစမ်းနိုင်ပါတယ်။ ပြဿနာတွေကို ရှာဖွေနိုင်ပါတယ်။ လေ့လာနိုင်ပါတယ်။ ဖော်ထုတ်နိုင်ပါတယ်။ စစ်ကြောနိုင်ပါတယ်။ စမ်းသပ်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ပြဿနာတွေကို စူးစမ်းစစ်ဆေးလိုက်တဲ့ အခါမှာ ပြဿနာကို ကိုယ့်ဟာကိုယ် ဖန်တီးထားတယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ အဲဒီလို သဘောပေါက်ပြီဆိုရင် ပညာကို အသုံးပြုပြီး ပြဿနာကနေ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ပါတယ်။ ကိုယ့်စိတ်ထဲ ကိုယ့်ခန္ဓာထဲမှာ ဘာဖြစ်နေတယ်ဆိုတာ နားလည်သိမြင်ဖို့ ပညာကို အသုံးချနိုင်ပါတယ်။ ဒီလို နားလည်ခြင်းအားဖြင့် အပြောင်းအလဲ တစ်ခုကို ဖော်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် ပြဿနာတွေကို ဆက်လက်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ဆက်လက်ပြီး စူးစမ်းနိုင်ပါတယ်။ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ မလိုလား မနှစ်သက်စရာ အတွေ့အကြုံ ကိုယ်တိုင်က ကမ္မဋ္ဌာန်းအာရုံ ဖြစ်ပါတယ်။

ဒါကြောင့် ဘာဝနာ ကမ္မဋ္ဌာန်း အလုပ်မှာ အမြဲတမ်း နှစ်သက်စရာတွေ ကောင်းတာတွေချည်းပဲ တွေ့ကြုံရတာ မဟုတ်ဘူးလို့ နားလည်ထားပါ။ မနှစ်သက်စရာ အတွေ့အကြုံတွေကို ကိုယ်နဲ့ထပ်တူ မပြုဘူးဆိုရင် အတွေ့အကြုံကြောင့် ဘာပြဿနာမှ ဖြစ်မလာပါဘူး။ မနှစ်သက်စရာ အတွေ့အကြုံတွေကို ဘယ်လိုကိုင်တွယ်ရမယ်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတွေကို ဘယ်လိုပြုမူရမယ် ဆိုတာကတော့ တကယ့် စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ နှစ်သက်စရာ အတွေ့အကြုံကောင်းတွေကို လွယ်လွယ်ကူကူ ရင်ဆိုင်လိုက်တာထက် အများကြီး ပိုပြီးတော့ အရေးကြီးပါတယ်။

စိတ်လှုပ်ရှားမှု စိတ်ခံစားမှုအကြောင်း သီးသန့် ဟောပြောပါဦးမယ်။ အဲဒီ အခါကျရင် ဒီနိုင်ငံ ဒီယဉ်ကျေးမှုမှာ ကြုံရတဲ့ စိတ်ခံစားမှုအကြောင်း ထည့်သွင်းကောင်း ထည့်သွင်းနိုင်ပါလိမ့်မယ်။ ဘယ်လို စိတ်ခံစားမှုတွေက ခင်ဗျားတို့ကို ဒုက္ခပေးသလဲ။ ဘယ်လို စိတ်ခံစားမှုတွေက ခင်ဗျားတို့ရဲ့ ဆင်းရဲဒုက္ခကို ဖန်းတီးသလဲ။ ဘာဝနာ ကမ္မဋ္ဌာန်းကို အသုံးပြုပြီးတော့ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းတွေကို ပြောပါမယ်။ လက်နက်ကိရိယာ တန်ဆာပလာတွေ ပေးပါမယ်။ လက်တွေ့အကျင့်တွေ ပြောပါမယ်။

အခုတော့ ဒီမှာပဲ ရပ်လိုက်ရပါတော့မယ်။ သိမှတ်မှု သတိရဲ့ အရေးပါမှုကို နည်းနည်းပါးပါး . . . တို့ထိ ပေးလိုက်ပါပြီ။ မနေ့ကလို မေးခွန်းတွေ ကြားချင်ပါတယ်။ အထူးသဖြင့် နေ့စဉ်ဘဝနဲ့ ဆက်စပ်နေတဲ့ လက်တွေ့ကျတဲ့ မေးခွန်းတွေ လိုချင်ပါတယ်။

အမေးအဖြေ

ယောဂီ။  ။ စိတ်ဆိုးဒေါသလိုမျိုး စိတ်ခံစားမှု တစ်ခုခု ဖြစ်ပေါ်လာတာကို သတိထားမိလိုက်တဲ့ အခါမှာ စိတ်ခံစားမှု ဒေါသကို ဘယ်သူက စောင့်ကြည့်လေ့လာတာလဲ။

ဆရာကြီး။  ။ အသိသတိရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ ဒါဟာ တော်တော်လှတဲ့ အချက်ပဲ။ ငါ ဒေါသဖြစ်နေတယ်၊ ငါ ကြောက်လန့်နေတယ်၊ ငါ မကြောက်တော့ဘူးလို့ သိတာဟာ အရည်အချင်း ပြည့်ဝတဲ့ ဒီအသိနဲ့ သိတာပါ။ ဒါဟာ စောစောက ကျွန်တော် ညွှန်ပြချင်တဲ့ အချက်ပါပဲ။ အသိသတိတာ မရှိရင် ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေတယ် ဆိုတာကို မသိနိုင်ပါဘူး။ သိမှတ်နိုင်ခြင်းအားဖြင့် နားလည်နိုင်ပါတယ်။ ပညာကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို လွှမ်းမိုးနိုင်စွမ်း မြင့်လာအောင် လုပ်ပေးနိုင်ပါတယ်။

ခင်ဗျား လိုချင်တဲ့ အဖြေက . . . ဒေါသကို စောင့်ကြည့်လေ့လာတာ ဘယ်သူလဲ။ ဒါကို အရေးတကြီး လေ့လာစူးစမ်းရပါမယ်။ ဒီလို စူးစမ်းမှုဟာ စွမ်းရည်မြင့်မားတဲ့ နည်းနာနိဿယ ဖြစ်ပါတယ်။ စိတ်ဆိုးတဲ့အခါ၊ ကြောက်လန့်တဲ့အခါ၊ သံသယတွေ ဖြစ်နေတဲ့ အခါမှာ မေးခွန်းထုတ်လိုက်ပါ။ ဒါကို ဘယ်သူ တွေ့ကြုံခံစားနေရတာလဲလို့ မေးခွန်းထုတ်လိုက်ပါ။ တကယ့်ကို လေးလေးနက်နက် စူးစမ်းလိုက်တဲ့အခါမှာ တွေ့ကြုံခံစားမှုကလွဲလို့ ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ရာ မရှိဘူးလို့ နားလည်လာပါလိမ့်မယ်။ ဒီလို စိတ်ခံစားမှုတွေဟာ အကြောင်းအခြင်းရာတွေကြောင့် ဖြစ်ပေါ်လာပြီး ပက်သုဉ်းသွားတယ်လို့ နားလည်လာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ပိုင်ဆိုင်တယ်ဆိုတဲ့ အသိ ရှိနေပါတယ်။ ဒါဟာ ငါ့ရဲ့ဒေါသ၊ ဒါဟာ ငါ့ရဲ့ အကြောက်တရား၊ ဒါဟာ ငါ့ရဲ့ ပျော်ရွှင်မှု၊ ဒါဟာ ငါ့ရဲ့ ဝမ်းနည်းမှုဆိုတဲ့ အသိ ရှိနေပါတယ်။ ခံစားသူ ဘယ်သူလဲလို့ မေးခွန်းထုတ်လိုက်ခြင်းက စိတ်ခံစားမှုကို ပိုင်ဆိုင်သူ မရှိဘူး၊ ဖြစ်ပေါ်လာပြီး ပျက်သုဉ်းသွားတဲ့ သင်္ခါရတရားတွေသာ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်နိုင်အောင် ပံ့ပိုးပေးပါတယ်။

ယောဂီ။  ။ ကျွန်တော်တို့ရဲ့ သားသမီးတွေ မှားယွင်းမှု တစ်ခုခု လုပ်နေတာ တွေ့ရရင် ကျွန်တော်တို့ စိတ်ဆိုးပါတယ်။ သူတစ်ပါး သားသမီးတွေ အမှားလုပ်နေတာ တွေ့ရရင်တော့ စိတ်မဆိုးကြပါဘူး။ ဇနီးမယား လင်ယောက်ျားတွေနဲ့ ပတ်သက်ရင်လည်း ထိုနည်းတူပါပဲ။ အမှားလုပ်နေတာ တွေ့ရရင် ဘယ်သူပဲ အမှားလုပ်လုပ် စိတ်ဆိုးဒေါသ ဖြစ်သင့်တယ်လို့ ပြောရင် မှန်မလား။ ဒါမှမဟုတ် အမှားလုပ်နေတာ တွေ့ရရင် ဘယ်လို သဘောထားသင့်ပါသလဲ။

ဆရာကြီး။  ။ သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ကိုယ့်သားသမီး ဘယ်လိုဘယ်ပုံ ပြုမူမှပဲ စိတ်ဆိုးရမယ်၊ ကိုယ့်ဇနီးမယား ဘယ်လိုဘယ်ပုံ ပြုမူမှပဲစိတ်ဆိုးရမယ်လို့ နားလည်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ သားသမီးတွေကတော့ သူတို့စိတ်ကြိုက် ပြုမူနိုင်တယ်လို့ နားလည်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အလွန်အရေးကြီးတဲ့ အချက်ကို နားလည်ထားပြီးသား ဖြစ်ပါတယ်။ အဲဒီ နားလည်မှုကို စောစောက ကျွန်တော်ပြောပြီးသားပါ။ ကိုယ်နဲ့ ဆက်စပ်ပတ်သက်တယ်၊ ကိုယ်ပိုင်ဆိုင်တယ်လို့ ထင်ထားသူတွေဟာ တစ်မျိုးတစ်ဖုံ ပြုမူသင့်တယ်၊ တစ်ခြားလူတွေကတော့ သူတို့ သဘောကျတဲ့ တစ်ခြားနည်းလမ်းနဲ့ ပြုမူနိုင်တယ်လို့ နားလည်ထားတာပါ။ ဒါကို ချဲ့ပြီး ပြောလို့ ရပါသေးတယ်။ ကိုယ့်သား ဖျားနာတဲ့အခါ စိတ်မကောင်း ဖြစ်ရတယ်။ ကိုယ့်အိမ်နီးနားချင်းရဲ့သား ဖျားနာတဲ့ အခါမှာတော့ ဘာမှ ပြဿနာ မရှိဘူး။ ကိုယ့်အမေ သေဆုံးရင် ဝမ်းနည်းပက်လက် ဖြစ်ရတယ်။ ကိုယ့်သူငယ်ချင်းရဲ့ အမေ သေဆုံးရင်တော့ ဘာမှ ပြဿနာ မရှိဘူး။ ကျွန်တော်တို့ ဘယ်လောက် ရယ်စရာ ကောင်းလိုက်သလဲ။

စူးစမ်းကြည့်ပါ။ ဘာကြောင့် ဒီလို ဖြစ်ရသလဲဆိုတာကို စစ်ဆေးကြည့်ပါ။ ကိုယ်ပိုင်အဖြစ် လက်ခံယူဆထားမိတယ် ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ ဒါ ငါ့ဟာ။ ဒါကို ငါ ပိုင်တယ်။ ငါ ပိုင်ဆိုင်တာတွေနဲ့ ပတ်သက်လာရင် ကောင်းတာတွေပဲ ဖြစ်ရမယ်။ ငါနဲ့ မဆိုင်တာတွေတော့ ဖြစ်ချင်ရာဖြစ်။ ပြဿနာ မရှိဘူး။ ဒီလို လက်ခံယူဆထားပါတယ်။ စစ်မှန်တဲ့အကျင့် လေးနက်တဲ့အကျင့် အနေနဲ့ အရာရာကို ငါပိုင်တယ်လို့ သဘောမထားဘဲ ရှုမြင်နိုင်ပါသလား။ ဘယ်ကပဲ ဖြစ်ပေါ်လာသည်ဖြစ်စေ ဖြစ်ပေါ်လာသမျှ ဆင်းရဲဒုက္ခကို ရင်ဆိုင်နိုင်ပါသလား။ ကိုယ့်သားနဲ့ ပတ်သက်နေတာ ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်အိမ်နီးနားချင်းရဲ့ သားနဲ့ ပတ်သက်နေတာ ဖြစ်ချင်ဖြစ်မယ်။ လူတိုင်းနဲ့ ဆက်စပ်ပတ်သက် နေနိုင်ပါတယ်။ ဒါဟာ ချစ်ခြင်းမေတ္တာ သဘောထား အစစ်အမှန်ပါ။

ချစ်ခြင်းမေတ္တာအကြောင်း နောက်မှ ပြောပါဦးမယ်။ အဲဒီနေ့ကျရင် မေတ္တာနဲ့ ပတ်သက်တဲ့ စာအုပ်ကောင်းတစ်အုပ်လည်း ဝေငှပါဦးမယ်။ သားအပေါ် ထားရှိတဲ့ မိခင်ရဲ့ ချစ်ခြင်းမေတ္တာမျိုး မွေးမြူခြင်းဟာ အကောင်းဆုံး အမြင့်မြတ်ဆုံး မေတ္တာပွားနည်း ဖြစ်တယ်လို့ အဲဒီ စာအုပ်ထဲမှာ ဆိုထားပါတယ်။ လူတိုင်းလူတိုင်းကို ဒီနည်းနဲ့ မေတ္တာထားနိုင်ရင် မကောင်းပေဘူးလား။ မလှပေဘူးလား။ ဒါနဲ့ ပတ်သက်လို့ လှလှပပလေး ဖော်ပြထားပါတယ်။ အနှောင်အတွယ် ကင်းမဲ့တဲ့ ကရုဏာ၊ နယ်ပယ်သတ်မှတ်မှု မရှိတဲ့ ကရုဏာ၊ ခွဲခြားကန့်သတ် မထားတဲ့ ကရုဏာ။

ဒီအလေ့အကျင့်ကို ဖြည်းဖြည်းချင်းနဲ့ တစ်ဆင့်ချင်းနဲ့ သိမ်သိမ်မွေ့မွေ့နဲ့ ထူထောင်ရပါမယ်။ နှလုံးသား အရည်အသွေးတွေကို မြှင့်တင်ပြီးတော့ ထူထောင်ရပါမယ်။ ကျွန်တော် အလွန် အလေးထားတဲ့ မေတ္တာတရားအကြောင်း ပြောတဲ့အခါကျရင် ဒါကို အကျယ်တဝင့် ပြောပါဦးမယ်။ စောစောက ကျွန်တော် ပြောခဲ့တဲ့ အတိုင်းပါပဲ။ ဒီနေ့ခေတ် လူသားတွေမှာ နှလုံးသား အရည်အသွေးတွေ လျော့ကျနေပါတယ်။ ဒါကို သိထားဖို့ အရေးကြီးပါတယ်။ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ နှလုံးသားတွေ ပွင့်ပွင့်လင်းလင်း ရှိနေဖို့ လိုပါတယ်။


:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment