Wednesday, October 3, 2012

သိမ်မွေ့သောလမ်း (၆)


 အမေးအဖြေ (အဆက်)

ယောဂီ။  ။ တရားအားထုတ်ရင်းနဲ့ . . . တစ်ခါတစ်ခါ စိတ်ရှုပ်ရတာလေးတွေ ရှိပါတယ်။ ကိုယ့်အတွေး ဒါမှမဟုတ် ကိုယ့်စိတ်ကို ပြန်ကြည့်နေမိပုံပါပဲ။ ကိုယ် ဘာတွေးနေတယ် ဆိုတာကို ကိုယ့်ဟာကိုယ် သိနေမိပါတယ်။ ဒါဟာ နည်းလမ်းမှန် မမှန် . . . ပြောပြနိုင်ပါသလား။ ကိုယ့်စိတ် ဘာဖြစ်နေတယ် ဆိုတာကို စိတ်နဲ့ ပြန်ကြည့်သင့်ပါသလား။

ဆရာကြီး။  ။ စောစောက ကျွန်တော် ပြောခဲ့သလိုပေါ့။ တကယ်အထောက်အကူ ပြုတာကို သတိလို့ ခေါ်ချင်ခေါ်ပါ၊ အသိလို့ ခေါ်ချင်ခေါ်ပါ။ စိတ်ကို စိတ်နဲ့ ကြည့်တယ်လို့လည်း ပြောနိုင်ပါတယ်။ ဘယ်လိုဘယ်ပုံ နားလည်သဘောပေါက်တယ်ဆိုတာက အရေးမကြီးပါဘူး။ လက်တွေ့ စောင့်ကြည့်တာ၊ လက်တွေ့ လေ့လာအကဲခတ်တာ၊ လက်တွေ့ သတိမြဲတာပဲ အရေးကြီးပါတယ်။ စိတ်က ကြည့်တာလား၊ သတိက ကြည့်တာလားဆိုတဲ့ နည်းလမ်းပိုင်းဆိုင်ရာ မေးခွန်းထက် လက်တွေ့ကျင့်သုံးမှုက ပိုပြီးတော့ အရေးကြီးပါတယ်။

သတိရှိဖို့၊ နို်းကြားနေဖို့၊ တက်ကြွနေဖို့၊ ဖြစ်ပေါ်နေတာကို သိနေဖို့ပဲ အရေးကြီးပါတယ်။ ဒီစွမ်းရည်ကို ဖွံ့ဖြိုးအောင် လုပ်ရမှာပါ။ ဒါပဲ အရေးကြီးပါတယ်။ ဆွေးနွေး မေးမြန်းခန်းပြီးရင် ဒါကို လက်တွေ့ ကျင့်ကြည့်ကြမယ်။

ယောဂီ။  ။ ကျွန်တော်တို့ လုပ်နေတာတွေဟာ စက်ရုပ်တွေလိုပဲလို့ စောစောက ခင်ဗျား ပြောခဲ့ပါတယ်။ ကျွန်တော် အကဲခတ်မိတယ်။ ကျွန်တော်ဟာ စက်ရုပ်လိုပဲ။ စက်ရုပ်လို မဖြစ်ချင်ဘူး။ ဆိုပါစို့ . . . မနက်စာ။ ဒီ မနက်စာပဲ နေ့တိုင်း စားတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ စက်ရုပ်လိုပဲ။ စက်ရုပ်လို ဖြစ်နေတာကို သိနေတဲ့ကြားထဲက စက်ရုပ်လို မပြုမူမိအောင် ဘယ်လို လုပ်ရမလဲ။

ဆရာကြီး။  ။ ဒီမေးခွန်း မေးတာကို ကျွန်တော် ကျေနပ်ပါတယ်။ နံနက်စာက စပြီး တစ်နေ့တာကို ဘယ်လို စတင်ရမယ်ဆိုတဲ့ မေးခွန်း။ အလွန် အရေးကြီးတဲ့ မေးခွန်း၊ လက်တွေ့ကျတဲ့ မေးခွန်းပါ။ ဒီလို အခြေအနေမျိုးမှာ စက်ရုပ်လို မပြုမူမိအောင် ဘယ်လိုလုပ်ရမယ် ဆိုတာနဲ့ ပတ်သက်လို့ လက်တွေ့ကျကျ အကြံ ပေးပါမယ်။ နံနက်စာအတွက် အချိန် နည်းနည်းပဲ ရတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ အချိန်နည်းပေမယ့်လည်း မနက်ဖြန် နံနက်စာ စားတဲ့အခါကျရင် ဒါတွေကို ဘယ်လောက် ကျင့်သုံးနိုင်သလဲ ကြိုးစားကြည့်ပါ။ စားစရာက အသီး ဖြစ်ချင်ဖြစ်မယ်၊ ပေါင်မုန့် ဖြစ်ချင်ဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ်ပါ။ စားပွဲပေါ်က အစာကို မြင်လိုက်တဲ့အခါမှာ တစ်မိနစ် နှစ်မိနစ်လောက် အချိန်ယူပြီး . . . ပထမဆုံး မြင်ဖူးတာကို ကြည့်သလို ကြည့်လိုက်ပါ။ အသီးနဲ့ ပေါင်မုန့်ကို စေ့စေ့စပ်စပ် ကြည့်ပါ။ ကြည့်နေချိန်မှာ အမျိုးမျိုး မြင်ရတာကို မှတ်သားပါ။

နောက်တစ်ခု . . . အစဉ်အလာ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အလေ့အကျင့်ကောင်းတစ်ခု ရှိပါသေးတယ်။ အစာ မစားခင်မှာ အစာပြင်ဆင်ပေးသူတွေရဲ့ ကျေးဇူးတရားကို အောက်မေ့ပါတယ်။ ငါ နံနက်စာ စားနိုင်သူပါလားလို့ ဝမ်းမြောက်ပါတယ်။ နံနက်စာ မစားနိုင်သူတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ်။ ဒါကြောင့် ကျေးဇူးတင် ဝမ်းမြောက်ပါ။ သိကြတဲ့ အတိုင်းပါပဲ။ စက်ရုပ်တွေဟာ ကျေးဇူး မတင်တတ်ကြပါဘူး။

တတိယ . . . အကြံပေးချင်တာက မနက်ဖြန် နံနက်စားစာရင် အချိန်ယူပြီး အစာကို သတိနဲ့ ၀ါးပါ။ ဖြည်းဖြည်းစားပါ။ သတိနဲ့ စားပါ။ အမေရိက လူနီတွေ ပြောကြတာ ရှိပါတယ်။ သူတို့က အစာကို သောက်တယ်တဲ့။ စားစရာကို အရည်ဖြစ်တဲ့အထိ ၀ါးတယ်လို့ ဆိုလိုတာပါ။ အစာကို ဖြည်းဖြည်းချင်း သတိနဲ့ ၀ါးတဲ့အခါမှာ အစာတွေ အများကြီး မလိုအပ်တော့တာကို တွေ့ရပါလိမ့်မယ်။ အရေးကြီးတဲ့ ဒီအချက်ကို ခင်ဗျားတို့ တွေ့ရှိကောင်း တွေ့ရှိနိုင်ပါလိမ့်မယ်။

စားတာသောက်တာနဲ့ ပတ်သက်လို့အားထုတ်တဲ့ ယောဂီတွေကို ဘုရားရှင် မိန့်တော်မူတဲ့ အရေးကြီးတဲ့ အချက်တစ်ခုက အစွန်းနှစ်ပါးကို ရှောင်ဖို့ ဖြစ်ပါတယ်။ အစွန်းနှစ်ပါးကို သိကြပါသလား။ တစ်ခုက အများကြီးစားတာပါ။ တစ်ခုက နည်းနည်းလေး စားတာပါ။ သင့်တော်တဲ့ အစာပမာဏကို ဘယ်လိုသိမလဲ။ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပါ။ ကျွန်တော်တို့ ဘယ်လို သိမလဲ။ စားနေရင်း ခန္ဓာကိုယ်ကို နားထောင်ပေါ့။ စားနေရင်း သီချင်းနားထောင်နေရင် ဝမ်းဗိုက်ကို နားထောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော် တကယ့်ကို သဘောကျမိတာလေး ရှိတယ်။ ခန္ဓာကိုယ်ကို နားထောင်၊ ကိုယ့်ကိုယ်ကိုယ် နားထောင်၊ ကိုယ့်အတွေးကိုယ် နားထောင်၊ ကိုယ့်ခံစားချက်ကိုယ် နားထောင်တဲ့။ ဒီလိုနည်းနဲ့ နံနက်စာ စားနိုင်တယ်ဆိုရင် အံ့သြစရာကောင်းတဲ့ နေ့တစ်နေ့ရဲ့ အစပါပဲ။ နေ့ပိုင်းမှာလည်း ဒီလို သိမှတ်မှုမျိုးနဲ့ အတတ်နိုင်ဆုံး နေကြည့်နိုင်ပါတယ်။ အခိုက်အတန့်တိုင်းကို သိနိုင်မယ် ဆိုရင်တော့ ပိုကောင်းပါတယ်။ တစ်နေ့တာမှာ စက်ရုပ်လို မဟုတ်တော့ပါဘူး။ လူသားဆန်ဆန် နေနိုင်ပါလိမ့်မယ်။

နောက်ဆုံး အကြံပေးချင်တာက . . . တစ်နေ့တာ ကုန်ဆုံးရင် စိတ်နဲ့ ပြန်သုံးသပ်ခြင်း၊ တစ်နေ့တာကို ဘယ်လို ကုန်လွန်စေခဲ့တယ် ဆိုတာကို သိအောင်လုပ်ခြင်းဟာ ကောင်းမွန်တဲ့ အလေ့အကျင့်ပါ။ ဘယ်အချိန်မှာ အသိရှိတယ် သတိရှိတယ်၊ ဘယ်အချိန်မှာ စက်ရုပ်လို ဖြစ်သွားတယ်ဆိုတာ သိရအောင် သုံးသပ်ကြည့်ပါ။ ဘယ်နှကြိမ် စိတ်ဆိုးသလဲ သိအောင်လုပ်ပါ။ စိတ်မဆိုးတာ ဘယ်နှကြိမ်လဲ သိအောင်လုပ်ပါ။ ဒါ အရေးကြီးပါတယ်။ ဒီလို ပြန်သုံးသပ်ကြည့်တဲ့ အခါမှာ . . . တစ်ခါတစ်ခါ ကိုယ် လူကောင်းတစ်ယောက် ဖြစ်နေတာကို တအံ့တသြ တွေ့ရပါတယ်။ ဒီလို ပြန်ကြည့်တာ ပြန်သုံးသပ်တာဟာ သဘာဝကျကျ ပြုပြင်ပြောင်းလဲရေး နည်းလမ်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဗဟိဒ္ဓထက် အဇ္စျတ္တကို အလေးပေးပြီး ကြည့်တာဖြစ်လို့ပါ။

ကဲ . . . ဆွေးနွေးမေးမြန်းခန်း ပြီးပါပြီ။

ခဏနားပါ။ နားချိန်မှာ အပေါ့အပါး သွားနိုင်ပါတယ်။ လမ်းလျှောက်ချင်လျှောက်ပါ။ တစ်ခုခု လုပ်ပါ။ မနေ့က သတိအကြောင်း ဆွေးနွေးရင်း ပြောခဲ့သလို့ပေါ့။ နားချိန်အတွင်းမှာ ဘယ်လောက် အသိသတိနဲ့ နေနိုင်သလဲ သိရအောင် ကြိုးစားပါ။ ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို ဘယ်လောက်ထိ သတိထားနိုင်သလဲဆိုတာကို သိအောင် ကြိုးစားပါ။ ဒါကို လေ့ကျင့်ဖို့အတွက် လုံးဝကို တိတ်ဆိတ်နေဖို့ လိုပါတယ်။ သတိဆိုတာ ဘာလဲလို့ သိရအောင် ကင်းဆိတ်တဲ့စိတ်နဲ့ ကြိုးစားပါ။

နားရာက ပြန်လာရင် သတိပဋ္ဌာန် အားထုတ်ပုံကို လမ်းညွှန်ပေးမှာ ဖြစ်တဲ့အတွက် အဲဒီ လုပ်ငန်းခွင်အတွက် ပြင်ဆင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကျေးဇူး တင်ပါတယ်။ ခဏနေရင် ခေါင်းလောင်း တီးလိုက်ပါမယ်။ အဲဒီကျရင် ပြန်လာပါ။ ဆက်လက်ပြီး သိမှတ်နေပါ။ သတိမြဲပါစေ။

အလုပ်ပေးတရား

အလုပ် စလိုက်ကြရအောင်။ ကျွန်တော်တို့ ပျော်ရွှင်ချမ်းမြေ့ဖို့ ကြိုးစားကြတာပဲ။ တရားနာဖို့ ခုနစ်နာရီခွဲ အရောက်လာကြတယ်၊ ခု တရားအားထုတ်နေကြတယ်။ ဝမ်းမြောက်စရာပဲ။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပျော်ရွှင်မှုနဲ့ ခဏလောက် နေလိုက်ကြရအောင်။ တရားအားထုတ်နည်း လေ့လာသင်ယူခွင့် ရတာဟာ ကျေနပ်စရာပဲ။ နိုးကြားမှု သိမှတ်မှု သတိမြဲမှုတွေ ဖွံ့ဖြိုးအောင် လုပ်နေကြတာ။ ကျေနပ်စရာပဲ။ ဒီလို တရားအားထုတ်ခွင့် ရတာကို အားရကျေနပ်လိုက်ကြစမ်းပါ။ ဒီ ဂုဏ်ကျေးဇူးကို ဒီလို ခံစားနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒီခံစားချက်ကို ဖွံ့ဖြိုးအောင် လုပ်ရပါမယ်။

ငြိမ်ငြိမ်သက်သက် ထိုင်နိုင်တယ်လို့ အားရကျေနပ်နိုင်ရဲ့လား။ ခန္ဓာကိုယ်ဟာ ငြိမ်သက်နေတယ်၊ သက်တောင့်သက်သာ ရှိနေတယ်လို့ သိမိရဲ့လား၊ သတိထားနိုင်ရဲ့လား။ ပစ္စုပ္ပန်မှာ ရှိတာကို တွေ့ကြုံခံစားကြည့်ကြရအောင်။ ခန်းမထဲက ငြိမ်းချမ်းမှု၊ တိတ်ဆိတ်မှုကို ခံစားနိုင်ရဲ့လား။ လောလောဆယ် ခံစားမိရဲ့လား။ အတိတ်ကို မတွေးဘဲ၊ အနာဂတ်အကြောင်း မစဉ်းစားဘဲ ခန်းမထဲက ငြိမ်းချမ်းမှုကို ခံစားမိရဲ့လား။

အတိတ်ဟာ ပြီးဆုံးသွားပါပြီ။ အတိတ်ကို ပြုပြင်ပြောင်းလဲလို့ မရပါဘူး။ အနာဂတ်ကလည်း ရောက်မလာသေးပါဘူး။ ဒါကြောင့် ပစ္စုန်မှာရှိတဲ့ နှစ်သက်စရာကိုပဲ တွေ့ကြုံခံစားကြရအောင်။ အတိတ်အတွေး၊ အနာဂတ်အတွေးတွေ စိတ်ထဲ ပေါ်လာရင် ညင်ညင်သာသာလေး လွှတ်ပေးလိုက်ပါ။ ပစ္စုပ္ပန် အခိုက်အတန့်ဆီ ပြန်ကပ်ပါ။ ဒီအချိန် ဒီနေရာမှာ ရှိနေပါစေ။

သတိထားပြီး အတွေးစိတ်ကူးတွေကို လွှတ်ပေးတတ်အောင် သင်ယူနေပါတယ်။ အတွေးတွေကို ထိန်းချုပ်နိုင်အောင် သင်ယူနေပါတယ်။ အတွေးတွေကို လွှတ်ပေးပြီး ပစ္စုပ္ပန်ဆီ ပြန်လာတတ်အောင် သင်ယူရင်း အတွေးတွေကို လွှမ်းမိုးနိုင်စွမ်း မြင့်မားလာအောင် လုပ်နည်းကို လေ့လာနေပါတယ်။ ခန်းမထဲက တိတ်ဆိတ်မှု ငြိမ်းချမ်းမှုကို သိရုံလေး သိနေတာပါ။ ခံစားရုံးလေး ခံစားနေတာပါ။ ဘာသံမှ မကြားရလောက်အောင် တိတ်ဆိတ်လွန်း နေနိုင်ပါတယ်။

ကဲ အခု သိမှတ်မှုနဲ့ သတိထားပြီး မျက်လုံးတွေ ဖွင့်လိုက်ပါ။ ခန္ဓာကိုယ် အနေအထား ပြင်တဲ့အခါမှာ ဖြည်းဖြည်းပဲ ပြင်ပါ။ အသိနဲ့ သတိနဲ့ ပြင်ပါ။ အခု ရွတ်ဖတ်ကြရအောင်။ ရွတ်တာဖတ်တာလည်း ဘာဝနာအလုပ် ဖြစ်နိုင်တာပါပဲ။ ရွတ်ရင်းဖတ်ရင်း ပစ္စပ္ပုန် အခိုက်အတန့်ကို တွေ့ကြုံခံစားနိုင်ပါတယ်။ ရွတ်ဖတ်တဲ့ အခါမှာ ရပ်နားသွားတဲ့ အခိုက်အတန့်လေးတွေ ရှိပါတယ်။ ရွတ်ဖတ်မှုကြောင့် စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ တိတ်ဆိတ်မှု အေးချမ်းမှုကို ခံစားပါ။

ဟုတ်ပြီ . . .။ ပထမဆုံး ပါဠိလို ရွတ်ပါမယ်။ နောက်ပြီးတော့ တရုတ်လို ရွတ်ပါမယ်။

[ဝတ်ရွတ်စဉ်]




:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။
Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment