Sunday, April 1, 2012

သိမ်မွေ့သောလမ်း (၄)



၁။   ဘာဝနာမိတ်ဆက်
      ဒုတိယနေ့ - သတိ၏ အရေးပါမှု
       (ဟောင်ကောင်၊ ၇ အောက်တိုဘာ ၁၉၉၇)

ဒီနေ့ တစ်ခါ ထပ်တွေ့ကြပြန်ပါပြီ။ ဒီနေ့လည်း မနေ့တုန်းကလိုပါပဲ။ ကျွန်တော် ဟောပြောမယ်။ ပြီးရင် ဆွေးနွေးကြမယ်။ ဆွေးနွေးပြီးရင် တရားအားထုတ်ကြမယ်။ နောက်ဆုံး ရွတ်ဖတ်ပူဇော်ပြီး အဆုံးသတ်ကြမယ်။

သိမှတ်မှု သတိ ကင်းမဲ့ခြင်း

အခု ကျွန်တော် ဟောပြောမယ့် အကြောင်းအရာကို ကိုယ်တွေ့နဲ့ယှဉ်ပြီး ခံစားနားလည်လို့ရအောင် ကြိုးစားပြီး သတိနဲ့ နေကြည့်ဖို့ မနေ့က ကျွန်တော် အကြံပေး တိုက်တွန်းခဲ့ပါတယ်။ သိမှတ်မှု သတိပဋ္ဌာန် အကျင့်ကို မကျင့်သုံးဘူးဆိုရင် ကျွန်တော်တို့ ကြုံတွေ့နေရတာတွေ၊ ကျွန်တော်တို့ ပြုမူဆောင်ရွက်နေကြတာတွေဟာ စက်ယန္တရား လည်ပတ်တာနဲ့ တူနေပါလိမ့်မယ်။ စက်လိုလည်ပတ်နေတာ၊ လုပ်နေကျမို့ ကျင့်သားရနေလို့ အလိုအလျောက် လုပ်မိနေတာတွေပဲ ဖြစ်ပါလိမ့်မယ်။ စက်မှုနည်းပညာ ထွန်ကားတဲ့ ခေတ်သစ်ကမ္ဘာမှာ လူလိုဆောင်ရွက်နိုင်တဲ့ စက်တွေ အများကြီး ရှိပါတယ်။ လူထက် စွမ်းဆောင်နိုင်တဲ့ စက်တွေလည်း ရှိပါတယ်။ လူသားတွေကို ကြည့်လိုက်ပြန်တော့လည်း လူသားတွေဟာ စက်တွေနဲ့ တူလာနေကြပြီ၊ စက်ရုပ်တွေလို ဖြစ်နေကြပြီလို့ ထင်မိပါတယ်။ စက်ရုပ်တွေလို ပြုမူဆောင်ရွက် နေကြရင်း တကယ့် ဘဝ၊ တကယ့် အသက်ရှင်မှု၊ ရုပ်နာမ်ခန္ဓာ ဘဝဖြစ်စဉ် မေ့လျော့နေကြပါတယ်။

လူသားတွေ ပိုလို့ပိုလို့ စက်ရုပ်ဆန်လာပြီး စိတ်ခံစားမှုရဲ့ အခန်းကဏ္ဍကို စိတ်ဝင်စားမှု လျော့လျော့လာတာဟာ တော်တော်ဆိုးပါတယ်။ လူသားတွေရဲ့ သန္တာန်မှာ အလွန် အရေးကြီးတဲ့ စိတ်ခံစားမှု လျော့ပါးပျောက်ဆုံးသွားပြီဆိုရင် ကို်ယ့်ကိုယ်ကိုယ်လည်း မေတ္တာမထားနိုင်တော့ဘူး။ သူတစ်ပါးကိုလည်း မေတ္တာမထားနိုင်တော့ဘူး။ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ နွေးနွေးထွေထွေး မရှိတော့ဘူး။ ဒီလိုနဲ့ပဲ ဒီနေ့ ခေတ်သစ်ကမ္ဘာမှာ အကြမ်းဖက်မှုတွေ အမြောက်အများ ရှိနေတာပေါ့။ ဒါကြောင့် ကိုယ့်ကိုယ်ရော သူတစ်ပါးကိုပါ အကြမ်းဖက် ရက်စက်မှုတွေ ပိုပို များလာတာပေါ့။ ဒါတွေ အားလုံးဟာ အမှတ်သတိ ကင်းမဲ့မှုနဲ့ ဆက်စပ်နေပါတယ်။ ကိုယ့်စိတ်ထဲ ကိုယ်ခန္ဓာထဲမှာ ဘာတွေ ဖြစ်ပေါ်နေတယ်ဆိုတာ မသိမှတ်နိုင်လို့ပါ။ ဒါဟာ သိမှတ်မှု သတိရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ ပထမဆုံး ကျွန်တော် ပြောချင်တဲ့ အချက်ပါပဲ။

ပစ္စုပ္ပန်အတွေ့အကြုံ

သတိတရား အရေးပါပုံကို ပြောစရာ ရှိပါသေးတယ်။ လောလောလတ်လတ် ဖြစ်ပေါ်နေတဲ့ ပစ္စုပ္ပန် အဖြစ်အပျက်ကို တွေ့ကြုံခံစားနိုင်အောင် သတိက ပံ့ပိုးပေးပါတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် တော်တော်ရယ်စရာ ကောင်းပါတယ်။ တစ်နေ့တာအတွင်း အချိန်အများစုက အတိတ်အကြောင်းနဲ့ အနာဂတ်အကြောင်း စဉ်းစားရင်းနဲ့ ကုန်ဆုံးသွားတာပဲ။ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစားနေကြတယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာကို မျှော်တွေးနေကြတယ်။ အတိတ်နဲ့ အနာဂတ်ဆိုတာ အစစ်အမှန် မဟုတ်ပါဘူး။ ပစ္စုပ္ပန်သာလျှင် အစစ်အမှန် ဖြစ်ပါတယ်။ သတိတရား ကင်းမဲ့တဲ့ လူသားတွေဟာ အရှိအမှန် တရားနဲ့ ဘာမှ မဆိုင်တဲ့ အတုအယောင် ကမ္ဘာမှာ နေထိုင်ရှင်သန်ကြတယ်ဆိုတာ ရှင်းနေတာပါပဲ။

ဒီ အချက် ပိုပြီးတော့ ရှင်းသွားအောင် အခုလက်တွေ့ ဖြစ်ပေါ်နေတဲ့ ဥပမာတစ်ခု ပြောပါမယ့်။ ယောဂီ သူတော်စင်တို့ အခု ဒီနေရာမှာ ရှိနေတယ်။ ကျွန်တော့်ကို မြင်နေရတယ်။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ စိတ်က တစ်ခြားတစ်နေရာ ရောက်သွားနိုင်တယ် မဟုတ်လား။ ပစ္စုပ္ပန်မှား လုံးလုံးလျားလျား ရှိနေဖို့၊ ကျွန်တော်ပြောတာကို သိနိုင်ဖို့ ယောဂီသူတော်စင်တို့ ပစ္စုပ္ပန်မှာ နေထိုင်ရပါတယ်။ အခု ဒီအချိန်မှာ ဒီနေရာမှာပဲ ရှိရပါမယ်။ ဒီလိုမှ မဟုတ်ရင်တော့ စောစောက ကျွန်တော် ပြောခဲ့သလို လူက ပစ္စုပ္ပန်မှာ ရှိနေပေမယ့် စိတ်က တစ်ခြားနေရာ ရောက်နေပါလိမ့်မယ်။ ကမ္မဋ္ဌာန်းဆရာ တစ်ယောက်က သူ့ရဲ့ ကိုယ်တွေ့ကျင့်စဉ်ကို ဒီလို ပြောပါတယ်။ “ကျွန်တော်က စားပြီဆိုရင် စားတယ်။ လမ်းလျှောက်ပြီဆိုရင် လျှောက်တယ်။ အိပ်ပြီဆိုရင် အိပ်တယ်”တဲ့။ သူ့စကားက ရိုးသလိုလို ထင်စရာပါ။ ဆိုလိုတာက သူ ဘာပဲ လုပ်နေလုပ်နေ ပစ္စုပ္ပန် အခိုက်အတန့်မှာ ရှိနေတယ်လို့ ဆိုလိုပါတယ်။

အိပ်ပြီဆိုရင် အိပ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ မေးခွန်းထုတ်စရာပါ။ ဒီစကားကို အခုလို ဖွင့်ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ အိပ်နေတဲ့ အခါမှာ အိပ်မက်တွေ ရှိနေပါတယ်။ နိုးတစ်ဝက် ဖြစ်နေပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်နိုင်ကြဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ အများစု နိုးထနေတဲ့ နေခင်းမှာ ဘယ်လို ဖြစ်နေသလဲ။ ကျွန်တော်တို့ အိပ်ချင်ငိုက်မြည်းကြတယ်။ ဒါကို ကျွန်တော်တို့က ဘဝ ရှင်သန်မှုလို့ ခေါ်ကြတာပဲ။ ကျွန်တော်တို့ အမှန်တကယ် ရှင်သန်ချင်တယ်ဆိုရင် အလွန်အရေးကြီးတဲ့ ပစ္စုပ္ပန် အခိုက်အတန့်မှာ နေထိုင်ရှင်သန်နိုင်စွမ်းကို ဖွံ့ဖြိုးအောင် လုပ်ရပါမယ်။ သတိရှိနေရမယ်။ နိုးကြားနေရမယ်။ ဒါကြောင့် ဘုရားရှင်ကို အပြည့်အဝ နိုးကြားသူလို့ ခေါ်ကြတာပါ။ ဘာဝနာကျင့်စဉ် သတိပဋ္ဌာန်ကျင့်စဉ် တစ်ခုလုံးဟာ စိတ်ကို နိုးကြားအောင်လုပ်နည်း၊ ကျွန်တော်တို့ သန္တာန်မှာ ဗုဒ္ဓသဘာဝ ဖွံ့ဖြိုးအောင်လုပ်နည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သန္တာန်မှာ ဗုဒ္ဓသဘာဝကို ဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့ အခါမှာ ဘဝအရည်အသွေးဟာ ထူးခြားလာပါတယ်။

ပစ္စုပ္ပန်မှာ ရှိနေတယ် ဆိုတာဟာ အတိတ်ကို မတွေးတာ၊ အနာဂတ်ကို မကြံတာ ဖြစ်ပါတယ်။ ဒါကို သဘောပေါက်စေချင်ပါတယ်။ အခါအားလျော်စွာ အနာဂတ်ကို ကြိုတင် စီစဉ်ကြရပါတယ်။ အနာဂတ်အတွက် မစီစဉ်ဘူးဆိုရင် ဒီနေရာကို လာစရာ မလိုပါဘူး။ အတိတ်ကို မေ့လိုက်တယ် ဆိုရင်လည်း ကိုယ့်အိမ်ကိုယ် ပြန်တတ်တော့မှာ မဟုတ်ပါဘူး။  သိမှတ်ခြင်းအားဖြင့် အတိတ်နဲ့ အနာဂတ်ကို ကျွန်တော်တို့ ဘယ်လို အသုံးချနေတယ် ဆိုတာဟာ အရေးကြီးပါတယ်။

စိတ်ပညာရှင်တွေ ပြောကြပါတယ်။ တစ်ခါတစ်ခါမှာ စိတ်ဓာတ်ကျတာနဲ့ ဝမ်းနည်းတာတို့ဟာ အတိတ်နဲ့ ဆက်စပ်ပတ်သက် နေပါတယ်တဲ့။ စိုးရိမ်ကြောင့်ကြမှုဟာ အနာဂတ်နဲ့ ဆက်နွှယ်နေပါတယ်တဲ့။ ဒါကြောင့် သိမှတ်မှုနဲ့အတူ အတိတ်နဲ့ အနာဂတ်ကို ဘယ်လို အသုံးချရမယ်ဆိုတာ သိဖို့လိုပါတယ်။ စိတ်အေးအေးထားပြီး အတိတ်နဲ့ အနာဂတ်ကို နိုးကြားမှုနဲ့ အသုံးချပြီးတော့ ပစ္စုပ္ပန် အခိုက်အတန့်မှာ ရှိနေရပါမယ်။

နေ့စဉ်ဘဝ သိမှတ်မှု

အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော် အလေးပေး ပြောချင်တဲ့အရာ၊ အလွန် အရေးကြီးတယ်လို့ ကျွန်တော် ထင်မိတဲ့အရာ ရှိပါတယ်။ အဲဒါကတော့ သိမှတ်မှုကို နေ့စဉ်ဘဝမှာ အသုံးပြုခြင်း ဖြစ်ပါတယ်။ သွားတိုက်တာ၊ ခေါင်းဖြီးတာ၊ ရေသောက်တာ၊ အစာစားတာတွေလို အသေးအဖွဲ ကိစ္စတွေကိုတောင် သိမှတ်လို့ ရပါတယ်။ စောစောက ကျွန်တော်ပြောခဲ့သလိုပေါ့။ ဒီကိစ္စတွေကို လုပ်နေကျဖြစ်ပြီး ကျင့်သားရနေတော့ စက်ရုပ်တွေလို ဖြစ်လာပါတယ်။ သိမှတ်မှု သတိပဋ္ဌာန် အကျင့်ကို နေ့စဉ်ဘဝမှာ အမှန်တကယ် ကျင့်သုံးဖို့ လေ့လာနိုင်မယ်ဆိုရင် ဘာဝနာ ကမ္မဋ္ဌာန်းစာ ဘဝနေနည်း ဖြစ်လာပါတယ်။

သိရိလင်္ကာ နိုင်ငံက လူဝတ်ကြောင် ကမ္မဋ္ဌာန်းရိပ်သာ တစ်ခုမှာ ကျွန်တော် နေပါတယ်။ နေ့စဉ်ဘဝ၊ ကျွန်တော်တို့ရဲ့ သာမန်ဘဝနဲ့ ဘာဝနာကမ္မဋ္ဌာန်း ဆက်စပ်ပုံကို ကျွန်တော်တို့ ရိပ်သာမှာ အလေးထားပါတယ်။ ဒီလိုမှ မဟုတ်ရင် နေ့စဉ်ဘဝနဲ့ ဘာဝနာကမ္မဋ္ဌာန်း သီးခြားစီ ဖြစ်သွားပါတယ်။ ဘာဝနာကမ္မဋ္ဌာန်း အကျင့်ကို အမှန်တကယ် အလေးထားတယ်ဆိုရင် အကျင့်ဟာ နေ့စဉ်ဘဝ နေနည်းဖြစ်ဖို့ လိုပါတယ်။ သတိပဋ္ဌာန် အကျင့်ကို ဖော်ပြထားတဲ့ ဒီနေ့ ကျွန်တော်တို့ ဝေပေးတဲ့စာအုပ်ကို ဖတ်ကြည့်တယ်ဆိုရင် အများအားဖြင့် ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေကျ အဖြစ်အပျက်တွေကို သတိနဲ့ စောင့်ကြည့်ဖို့ မြတ်စွာဘုရား ဟောကြားထားတာကို တွေ့ရပါလိမ့်မယ်။

အိမ်သာတက်တဲ့အခါ အိမ်သာထဲမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကိုတောင် သိဖို့ မှတ်ဖို့ သတိကပ်ဖို့ မြတ်စွာဘုရား ဟောကြားထားတာကို ဖတ်ရရင် အံ့သြမိပါလိမ့်မယ်။ ဒါကို အိမ်သာကမ္မဋ္ဌာန်းလို့တောင် နာမည်ပေးလိုက်ချင်ပါတယ်။ ချမ်းသာတဲ့ မိတ်ဆွေတွေဆီ သွားရောက်လည်ပတ်တဲ့အခါ သူတို့ အိမ်သာထဲ ရောက်သွားရင် အိမ်သာထဲမှာ စာအုပ်လို မဂ္ဂဇင်းလို ပစ္စည်းတွေ ထားတတ်တာကို တွေ့ရပါတယ်။ အိမ်သာထဲ ရောက်တဲ့အခါ ပစ္စုပ္ပန် အခြေအနေကို သတိထားကြည့်ပါ။ အာရုံစိုက်ကြည့်ပါ။ ထူးခြားတာကို တွေ့ကြုံသိမှတ်မိအောင် ကြိုးစားကြည့်ပါ။

နောက်ပြီးတော့ စားခန်းသောက်ခန်းလည်း အရေးကြီးပါတယ်။ စားဖို့သောက်ဖို့ လုပ်ရကိုင်ရတာတွေ အများသားပဲ။ ဒါပေမယ့် စားတဲ့အခါ သတိနဲ့ သိမှတ်ပြီး စားကြပါရဲ့လား။ စားနေတဲ့ အခိုက်အတန့်မှာ ပစ္စုပ္ပန်ကို သိမှတ်မိပါရဲ့လား။ ကိုယ် ဘာတွေ စားနေတယ်ဆိုတာ သတိထားမိပါရဲ့လား။ ဘာကို ၀ါးနေတယ် ဆိုတာကို သတိထားမိပါရဲ့လား။ စားတဲ့ဝါးတဲ့ ကိစ္စဟာ တကယ့်ကို အရေးပါပါတယ်။ သတိကပ်ပြီး အစာကို ၀ါးနိုင်မယ်ဆိုရင် ထူးခြားချက်ကို နားလည်ပါလိမ့်မယ်။

ဒါတွေကို သတိနဲ့ သိမှတ်ပြီး ပြန်သုံးသပ်ကြည့်ပါ။ ဘာဝနာ ကမ္မဋ္ဌာန်းဟာ သာမန်ကိစ္စတွေနဲ့ ဆက်စပ်နေတယ်၊ ကြီးကြီးကျယ်ကျယ်တွေ အထူးတလည်တွေ လုပ်နေရတာ မဟုတ်ဘူး ဆိုတာကို သဘောပေါက် လာပါလိမ့်မယ်။ ထူးထူးခြားခြား ဆန်းဆန်းပြားပြားတွေ တွေ့ကြုံရမှ ဘာဝနာ ကမ္မဋ္ဌာန်းလို့ တစ်ချိ့က အထင်မှားနေကြပါတယ်။ ဘာဝနာ ကမ္မဋ္ဌာန်း ကျင့်နည်းတစ်ချို့ကို ကြည့်ပါ။ သာမန်ကိစ္စ ကိစ္စတွေပါပဲ။ အသက်ရှူမှုကို သိမှတ်နေရတာမျိုး၊ လမ်းလျှောက်တာကို သတိထားကြည့်နေရတာမျိုး၊ သတိနဲ့ စားရတာမျိုး ရိုးရိုးရှင်းရှင်းတွေပါပဲ။ ဘာဝနာ ကမ္မဋ္ဌာန်းဆိုတာ နေစဉ်ဘဝ ကိစ္စတွေကို ဆောင်ရွက်ခြင်းပါပဲ။ ရိုးရိုးလေးပါ။ လက်တွေ့ကျပါတယ်။ သာမန် ကိစ္စတွေကို ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ သာမန် ကိစ္စတွေကို အသိနဲ့ သတိနဲ့ လုပ်ကိုင်ဆောင်ရွက်လိုက်တော့ ဘာဝနာ ကမ္မဋ္ဌာန်းဆိုပြီး အထူးအဆန်း ဖြစ်သွားတာပါ။ လုပ်နေကျ သာမန် ကိစ္စတွေကို သတိနဲ့ ဆောင်ရွက်တတ်အောင် လေ့ကျင့်နိုင်ရင် သာမန် ကိစ္စတွေဟာ အခုမှ စလုပ်ဖူးတဲ့ အသစ်အဆန်းတွေလို ဖြစ်နေတယ်ဆိုတာကို သဘောပေါက် လာပါလိမ့်မယ်။

သူတစ်ပါးကို ကြည့်တဲ့အခါမှာ ပထမဆုံး မြင်လိုက်ရသလို ခံစားမိပါရဲ့လား။  ကိုယ့်ကိုယ်ကိုယ် ကြည့်တဲ့အခါမှာလည်း အတိတ်က အရိပ်တွေ မပါဘဲ၊ ကိုယ့်အကြောင်း သူ့အကြောင်း အတိတ်နဲ့ဆိုင်တဲ့ မှတ်ချက်တွေ မပါဘဲ အခုမှ စသိရသူ တစ်ယောက်ကို ကြည့်သလို ကြည့်နိုင်ပါရဲ့လား။ သစ်ပင်၊ ဒါမှမဟုတ် ပန်းပွင့်၊ ဒါမှမဟုတ် ရုပ်ပွားဆင်းတုကို အခုမြင်ဖူးတာကို ကြည့်သလို ကြည့်နိုင်ပါရဲ့လား။ ကြိုးစားကြည့်ပါ။ မြင်ပုံ အရည်အသွေး ကွာဟမှုကို သိနိုင်ပါလိမ့်မယ်။ မြင်မှုဟာ တကယ့်ကို အသက်ဝင်လာပါလိမ့်မယ်။ လန်းဆန်းလာပါလိမ့်မယ်။ အပြစ်ကင်းလာပါလိမ့်မယ်။

ဓမ္မပဒဆိုတဲ့ ကျမ်းစာတစ်အုပ် ရှိပါတယ်။ ဘုရားရှင်ရဲ့ အရေးကြီးတဲ့ တရားတော်တွေကို စုစည်းထားတဲ့ ကျမ်းစာပါ။ အသိကင်းမယ် သတိကင်းမယ်ဆိုရင်၊ မနိုးကြားနိုင်ဘူးဆိုရင် သေသူနဲ့ အတူတူပါပဲလို့ ဓမ္မပဒမှာ ဆိုထားပါတယ်။ ဒါ့ကြောင့် လူသေနဲ့ တူတယ်ဆိုတာဟာ စက်ရုပ်နဲ့တူတယ်လို့ ပြောတာပါပဲ။


:)
ရှင်အာစာရ
-----

Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment