Friday, March 2, 2012

သိမ်မွေ့သောလမ်း (၃)



(ယောဂီ။   ။ “ခုလို အချိန်မှာ ကျွန်တော် အေးအေးဆေးဆေး ဖြစ်နေပါတယ်။ ဒါပေမယ့် သားသမီးတွေ ကျောင်းမှာ အမှတ်မကောင်းတဲ့ အခါမှာတော့ စိတ်တိုပါတယ်။ ကလေးတွေကို ချစ်ပေမယ့် စိတ်တိုတာပဲ။”

ဆရာကြီး။   ။ “အခုလို လက်တွေ့ကျတဲ့ မေးခွန်းမျိုးကို ကျွန်တော် သဘောကျတယ် . . .။ မိဘတိုင်း ဒါမျိုးနဲ့ အသားကျနေပြီ ထင်ပါတယ်။) ကျွန်တော်တို့ သီရိလင်္ကာ နိုင်ငံမှာလည်း ဒီလို ဖြစ်နေတာကို ကျွန်တော် သေချာပေါက် သိပါတယ်။ ဟုတ်ပြီ . . . ဒါမျိုးကို ဘာဝနာ ကမ္မဋ္ဌာန်းက ဘယ်လို ကူညီဖြေရှင်း ပေးနိုင်သလဲ။ အခု လောလောဆယ် အေးချမ်းနေတယ်လို့ ခင်ဗျား ပြောခဲ့တယ်။ ဒီတော့ သတိထားသင့်တာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ အမြဲတမ်း အေးချမ်းဖို့ မျှော်လင့် မထားသင့်ပါဘူး ဆိုတာပါပဲ။ ေအေးချမ်းတဲ့ စိတ်ကနေ လေ့လာသင်ယူနိုင်ပါတယ်။ မအေးချမ်းတဲ့ စိတ်ကနေပြီးတော့လည်း လေ့လာသင်ယူနိုင်တာပါပဲ။ မတည်ငြိမ် မအေးချမ်းတဲ့ အခါမှာ ဆင်းရဲဒုက္ခ ရောက်ရပါတယ်။ အခု ခင်ဗျားကြုံခဲ့ရတာမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ် စိတ်တိုတယ်။ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်တယ်။ ကိုယ့်ဟာကိုယ် အနှုတ်ကိန်း ပေါင်းထည့်လိုက်တာပါပဲ။ ခင်ဗျားပြောခဲ့တဲ့ အခြေအနေမျိုးမှာ . . . ဒေါသထွက်ပြီဆိုရင် ဒေါသထွက်နေတယ်လို့သာ သိနေလိုက်ပါ။ ဒါနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာကို မနက်ဖြန်ကျရင် ကျွန်တော် ပြောပါဦးမယ်။ သိမှတ်မှု အကျင့်၊ သတိပဋ္ဌာန် အကျင့်ရဲ့ အရေးပါပုံကို ပြောမှာပါ။ ဘာဝနာ ကမ္မဋ္ဌာန်းမှာ အရေးကြီးတဲ့ အပိုင်းပါပဲ။

ဒေါသကိုပဲ သိမှတ်နေလိုက်ဖို့ ပထမဆုံး အကြံပေးချင်ပါတယ်။ ဘာဖြစ်လို့လဲ။ ဒေါသကို သိမှတ်နေမယ်၊ ဒေါသနဲ့ အတူရှိနေမယ် ဆိုရင် ကြမ်းကြမ်းတမ်းတမ်း ဒေါသဖြစ် ပေါက်ကွဲမိမှာ မဟုတ်ပါဘူး။ ဒေါသကို ဖွင့်မထုတ်လိုက်ဘဲ သိရုံလေးပဲ သိမှတ်နေခြင်းဟာ ဒေါသ ထိန်းချုပ်နိုင်စွမ်း၊ ဒေါသအပေါ် လွှမ်းမိုးနိုင်စွမ်းကို ဖွံ့ဖြိုးစေပါတယ်။ ဒါ ပထဆုံး အချက်ပါ။
ဒုတိယ အကြံပေးချင်တာက . . . ဒေါသဖြစ်တဲ့ အတိုင်းပဲ နေလိုက်ခြင်းအားဖြင့် ဒေါသကို အချိန်အတိုင်းအတာ တစ်ခုအထိ ဆိုင်းငံ့ထားနိုင်တယ် ဆိုတာပါပဲ။ ဒေါသကို ထိန်းထားလိုက်နိုင်တဲ့ အခါမှာ မေးခွန်းထုတ်ကြည့်နိုင်ပါတယ်။ ငါ ဘာဖြစ်လို့ ငါ့ကလေးကို စိတ်တိုခဲ့ရတာလဲ၊ ငါ သူကို ချစ်တယ် . . . အခု သူ့ကို ဒေါသဖြစ်နေတယ်၊ ငါ့လုပ်ရပ်က သူ့ကို စိတ်ထိခိုက်စေမလား ဆိုတာမျိုးပေါ့။

ဒီလို မေးခွန်းထုတ်ပြီး စစ်ကြောကြည့်လိုက်တဲ့ အခါမှာ . . . ခင်ဗျားရဲ့ကလေး အတန်းထဲမှာ ဘယ်လိုဘယ်ပုံ ကြိုးစားသင့်ခဲ့တယ်လို့ မျှော်လင့်မိတဲ့ ခင်ဗျားရဲ့ မျှော်လင့်ချက်က ပြဿနာရဲ့ အရင်းအမြစ် ဖြစ်တယ်ဆိုတာကို သဘောပေါက်ပါလိမ့်မယ်။ မိဘတွေ အနေနဲ့ ဒီလိုမျိုး မျှော်လင့်တာဟာ သဘာဝတော့ ကျပါတယ်။ ဒါပေမယ့် အဖြေရှာသင့်တဲ့ နောက်တစ်ခုလည်း ရှိပါသေးတယ်။ ကိုယ့် မျှော်လင့်ချက်က ဘယ်လောက် သဘာဝကျသလဲ။ ကိုယ့်ကလေးက ကိုယ့်ရဲ့ မျှော်လင့်ချက်ကို ဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်မလဲ။ ကိုယ့်ကလေး အတန်းထဲမှာ ဘာဖြစ်လို့ ညံ့ရသလဲ သိရအောင် ကလေးဆီကနေ အဖြေမရှာသင့်ဘူးလား။ ဒါဟာ တကယ့်ကို အရေးကြီးတဲ့ အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တရားအားထုတ်ရင်း အားထုတ်ရင်းနဲ့ သူတစ်ပါးရဲ့ အပြုအမူကို နားလည်အောင် ကြိုးစားကြရတာမို့ပါ။ သူတစ်ပါး အပေါ်မှာ ကိုယ်က တစ်ဘက်သတ် မျှော်လင့်ထားတာမျိုး မဟုတ်ဘဲ အရာရာကို သူတစ်ပါး နေရာကနေ မြင်တတ်အောင် ကြိုးစားကြရပါတယ်။

သားဖြစ်သူကို နားလည်းမှု အပြည့်နဲ့ ရင်းရင်းနှီးနှီး သိမ်သိမ်မွေ့မွေ့ စကား ပြောနိုင်မယ်ဆိုရင် ပြောကြည့်ပါ။ သားရယ် . . . မင့်အတန်းထဲမှာ ဘာအခက်အခဲတွေ ရှိနေလဲ ဆိုတာမျိုးပေါ့။ ဒါဟာ ဘုရားရှင် အလေးထားတော်မူတဲ့ အလွန် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဆက်စပ်ပတ်သက်ရသူ အားလုံးနဲ့ အပြန်အလှန် အကျိုးရှိရှိ ပေါင်းသင်းနိုင်တဲ့ ကလျာဏမိတ္တ ဖြစ်ဖို့ လိုပါတယ်။ ဒီလိုမျိုး သားသမီးတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံဖို့ ဆိုတာဟာ မိဘတွေအတွက် တကယ့်ကို အရေးကြီးပါတယ်။ ဒါမှပဲ အခက်ကြုံနေရတဲ့ ကလေးတွေက သူတို့ ကြုံနေရတဲ့ အခက်အခဲတွေကို မိဘတွေဆီမှာ ရိုးရိုးသားသား ရင်းရင်းနှီးနှီးနဲ့ ပြောပြနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ တော်တော့်ကို အရေးကြီးတယ်လို ထင်မိပါတယ်။ သီရိလင်္ကာ နိုင်ငံမှာ ကလေးတွေဟာ တကယ့်ကို အထီးကျန် ဖြစ်နေပါတယ်။ သူတို့မှာ သူတို့ရဲ့ အခက်အခဲတွေကို ပြောပြစရာလူ မရှိပါဘူး။ မိဘတွေကို ရိုးရိုးသား ပြောပြရမှာ ကြောက်နေကြပါတယ်။ ပြဿနာတွေကို ဆရာသမားတွေဆီမှာ ပြောပြဖို့လည်း အခက်တွေ့နေကြပါတယ်။ သူတို့ခမျာ လမ်းပျောက်နေကြပါတယ်။

အခက်တွေ့နေတဲ့ ကလေးတွေ ပွင့်ပွင့်လင်းလင်း ရဲရဲရင့်ရင့် ရင်မဖွင့်နိုင်တဲ့ အခြေအနေဟာ တကယ့်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကလေးတွေနဲ့ အဆက်အဆံလုပ်ဖို့ အလွန်လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။ ကလေးတွေ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ပြဿနာကို သိအောင်ကြိုးစားပါ။ ဒါဆိုရင် ကလေးတွေကို ကူညီရာရောက်ပါတယ်။ အဓိပ္ပာယ်လည်း ပြည့်ဝပါတယ်။ စိတ်ဆိုးဒေါသ ဖြစ်လိုက်တာထက် အများကြီး ပိုကောင်းပါတယ်။

နောက်ထပ် မေးခွန်းတစ်လောက် မေးဖို့ အချိန် ရှိသေးတယ် ထင်ပါတယ်။”

ယောဂီ။   ။ “ကျွန်တော်တို့မှာ အတွေးတွေ ရှိပါတယ်။ လိုအင်ဆန္ဒတွေ ရှိပါတယ်။ ဆင်းရဲဒုက္ခတွေလည်း ရှိပါတယ်။ ဘာဝနာ ကမ္မဋ္ဌာန်းနည်းနဲ့ အတွေးတွေ၊ လိုအင်ဆန္ဒတွေ၊ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ပစ်နိုင်တယ်ဆိုတာ ဟုတ်ပါသလား။”

ဆရာကြီး။   ။ “လွယ်တော့ မလွယ်လှပါဘူး။ အတွေးတွေလို့ ခင်ဗျား ပြောလိုက်တာကို စိတ်ဝင်စားမိပါတယ်။ အတွေးဆိုတာ လူ့စိတ်ထဲက အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ။ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ အိပ်ယာက နိုးတဲ့အချိန်က စပြီး ပြန်အိပ်တဲ့ အချိန်အထိ ဘာတွေ ဖြစ်နေသလဲ။ ကျွန်တော်တို့ စိတ်ထဲမှာ အတွေးတွေပဲ အဆက်မပြတ် ဖြစ်ပေါ်နေပါတယ်။ ဒီလူတွေအားလုံး ဒါကို သဘောပေါက်ကြမယ် ထင်ပါတယ်။ အခု ကျွန်တော် စကားပြောနေတုန်းမှာ ခင်ဗျားတို့ စိတ်ထဲမှာ အတွေးတွေ ရှိပါတယ်။ ကျွန်တော် မေးနေကျ မေးခွန်းတစ်ခု ရှိပါတယ်။ မနက်ခင်းကနေ ညအထိ ဘာတွေ တွေးနေသလဲ။ တစ်ယောက်ယောက် ဖြေနိုင်မလား။ မနက်ခင်းကနေ ညအထိအောင် မရပ်မနား တွေးနေကြတွေက ဘာတွေလဲ။ လွယ်ကူတဲ့ မေးခွန်းတွေရဲ့ အရေးပါမှုကို ခင်ဗျားတို့ သိပါတယ်။ ဘာတွေ တွေးနေကြသလဲ။”

ယောဂီ။   ။ အများအားဖြင့် ကိုယ့်အကြောင်းကိုယ် တွေးနေတာပဲ။ ငါ ငါ့ဥစ္စာအကြောင်း တစ်ချိန်လုံး တွေးနေပါတယ်။

ဆရာကြီး။   ။ “သိပ် မှန်တာပေါ့။ ကျွန်တော်တို့ သူတစ်ပါးအကြောင်း စဉ်းစားနေတုန်းမှာတောင်မှ အတွေးက ကျွန်တော်တို့နဲ့ ပြန်ပြီး ဆက်စပ်နေသေးတာပဲ။ နောက်မေးခွန်း တစ်ခုက သူတစ်ပါးနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးနဲ့ သက်ဆိုင််နေပါတယ်။ ကျွန်တော်တို့ အတွေးတွေနဲ့ ဘာလုပ်ကြသလဲဆိုတဲ့ မေးခွန်းပါ။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချကြပါတယ်။ အပေါင်းလက္ခဏာတွေ၊ အနှုတ်လက္ခဏာတွေ ပေးနေတာ ဖြစ်တယ်လို့ ကျွန်တော်က ရိုးရှင်းအောင် ပြောပါတယ်။ ပြုလုပ်ထားတဲ့ ကောင်းတာ တစ်ခုခုကို သတိရတဲ့ အခါမှာ ပျော်ရွှင်။ အပေါင်းလက္ခဏာကြီးပေါ့။ အမှားလုပ်ထားတာ၊ အလွဲလုပ်ထားတာ၊ မကောင်းမှု လုပ်ထားတာတွေကို သတိရတဲ့ အခါကျတော့ . . . အနှုတ်လက္ခဏာကြီးပေါ့။ သူတစ်ပါးနဲ့ ဆက်ဆံတဲ့ နေရာမှာလည်း အတူတူပါပဲ။ သူတစ်ပါး ပြုလုပ်တဲ့ အမှားတွေ၊ မကောင်းမှုတွေကို အနှုတ်လက္ခဏာ ပေးတယ်။ ကောင်းတာတွေကိုတော့ အပေါင်းလက္ခဏာ ပေးတယ်။

စိတ်ဝင်စားစရာ မကောင်းဘူးလား။ ကျွန်တော်တို့ဟာ မနက်မိုးလင်းကနေ ညရောက်တဲ့အထိ ကိုယ့်ဟာကိုယ် အပေါင်းတွေ အနှုတ်တွေ ပေးနေတဲ့ ဆရာကြီးတွေ ဖြစ်နေကြတာပဲ။ တစ်ချို့က သူတို့ဟာသူတို့ ဖန်တီးထားတဲ့ ငရဲပြည်မှာ နေနေကြပါတယ်။ အဲဒီ ငရဲမှာ အနှုတ်လက္ခဏာတွေချည်းပဲ ရှိပါတယ်။ သူတို့က သူတို့ရဲ့ အမှားတွေ၊ အားနည်းချက်တွေကိုပဲ စဉ်းစားနေကြပါတယ်။ သူတစ်ပါးနဲ့ ဆက်ဆံရာမှာလည်း အလားတူ စဉ်းစားကြတာပါပဲ။ ဒီလိုနည်းနဲ့ ငရဲဘုံကို ဖန်တီးကြပါတယ်။ တကယ့်ကို ဝမ်းနည်းကြရပါတယ်။ စိတ်ပျက်လက်ပျက် နေထိုင်ရှင်သန်ကြရပါတယ်။ ဒီလိုနည်းနဲ့ တွေးရင်းတောရင်း ဆင်းရဲဒုက္ခတွေကို ဖန်တီးကြပါတယ်။

အတွေးတွေနဲ့ စိတ်ခံစားမှုတွေ ဆက်စပ်မှု ရှိနေတယ် ဆိုတာကို ခင်ဗျားတို့ သဘောပေါက် လာကြမှာပါ။ အတွေးက အရင်လား၊ စိတ်ခံစားမှုက အရင်လားဆိုတဲ့ မေးခွန်းကို အဖြေရှာဖို့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဖြေကို သိကြပါသလား။ ဘာဝနာ ကမ္မဋ္ဌာန်းရဲ့ အရေးပါမှုကို သဘောပေါက်ကြပြီလား။ ထားပါတော့။ ဒါတွေကို နောက်ကျတော့ ဆွေးနွေးပါဦးမယ်။

မေးခွန်းကို ပြန်သွားရရင် . . .။ ကျွန်တော်တို့ ဘာလုပ်နိုင်တယ် ဆိုတာကို မနက်ဖြန်ကျတော့ ပြောပါမယ်။ သတိရဲ့ အရေးကြီးပုံပေါ့။

စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အတွေးတွေကို သတိနဲ့ စောင့်ကြည့်နေရုံပါပဲ။ တွေးတောကြံစည်ရာက နေပြီးတော့ ကျွန်တော်တို့ကိုယ်တိုင် ဒုက္ခရောက်အောင်၊ သူတစ်ပါး ဒုက္ခရောက်အောင် ပျက်ပျက်စီးစီး လုပ်နေကြပုံတွေကို နားလည်သဘောပေါက််ဖို့ ပါပဲ။ အတွေးတွေကို ပညာသားပါပါလည်း အသုံးချနိုင်တယ်။ ဒီအကြောင်း နောက်မှ ပြောပါမယ်။ လိုအင်ဆန္ဒတွေအကြောင်း မေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ . . . အတွေးတွေနဲ့ လိုအင်ဆန္ဒတွေရဲ့ ကြားက ဆက်စပ်မှုကိုလည်း ရှာကြည့်နိုင်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့ အတိုင်းပါပဲ။ ဒါဟာ ဘာဝနာ ကမ္မဋ္ဌာန်းရဲ့ အရေးကြီးတဲ့ အချက်ပါ။ ဒါ့ကြောင့် ဘုရားရှင်က စိတ်ရဲ့ အလုပ်လုပ်ပုံအကြောင်း အရေးကြီးတဲ့၊ နက်လည်းနက်နဲတဲ့ ဒေသနာကို ဟောတော်မူခဲ့တာပါ။ စိတ်ရဲ့ အလုပ်လုပ်ပုံကို သတိနဲ့ စောင့်ကြည့်ပြီး နားလည်နိုင်တယ်ဆိုရင် ကိုယ့်ဒုက္ခတွေ၊ ကိုယ့်ပြဿနာတွေကို ဘယ်လို ဖန်တီးနေတယ် ဆိုတာကို သိပါလိမ့်မယ်။ ဒီလို သိမြင်နားလည်ခြင်းအားဖြင့် ဒုက္ခနဲ့ ပြဿနာတွေကနေ လွတ်မြောက်အောင် ကိုယ်ဟာကိုယ် စွမ်းဆောင်နိုင်ပါတယ်။ ဒါဟာ ဘာဝနာ ကမ္မဋ္ဌာန်းပါပဲ။ ဒီလို အရေးကြီးတဲ့ အကြောင်းအရာကို သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာ ဆွေးနွေးပါမယ်။

ဟုတ်ပါပြီ . . . တော်တော်ကောင်းတဲ့ မေးခွန်းတွေ မေးကြတဲ့အတွက် ဝမ်းသာအားရ ဖြစ်မိပါတယ်။ အခု ခဏ နားကြပါ။ အပြင် ထွက်နိုင်ပါတယ်။ ခေါင်းလောင်းတီးရင် ပြန်လာခဲ့ကြပါ။ တရားအားထုတ်ကြပါမယ်။ တိတ်တိတ်ဆိတ်ဆိတ် နေနိုင်အောင် ကြိုးစားကြပါ။ သတိမြဲအောင် ကြိုးစားကြပါ။ လမ်းလျှောက်တဲ့ အခါ စိတ်ထဲမှာ ဘာတွေ ရှိနေတယ်ဆိုတာ သိနိုင်အောင် ဖြည်းဖြည်းသက်သာ လျှောက်ကြပါ။ နိုးကြားနေပါစေ။ သတိရှိနေပါစေ။ လာမယ့် ငါးမိနစ် အတွင်းမှာ စောင့်ကြည့်ရုံလေး ကြည့်နေတတ်အောင် လေ့ကျင့်ပါ။ အခိုက်အတန့် တစ်ခုပြီး တစ်ခု ကိုယ့်စိတ်ထဲ၊ ကိုယ့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေတယ်ဆိုတာ ဖော်ထုတ်နိုင်အောင် လေ့ကျင့်ပါ။ ခေါင်းလောင်းသံ ကြားတဲ့အခါမှာ ဖြည်းဖြည်းချင်း တိတ်တိတ်ဆိတ်ဆိတ် ပြန်လာခဲ့ကြပါ။ အထူးပဲ ကျေးဇူးတင်ပါတယ်။

[ခဏနား] - [တရားပြ] - [ရွတ်ဖတ်ပူဇော်]

သိပ်ကောင်းတဲ့ ဘုရားရှိခိုးပဲ . . .။ ကျေးဇူးတင်ပါတယ်။ ဟုတ်ပြီ . . .။ မနက်ဖြန်မှာ ဟောပြောမှာက သတိပဋ္ဌာန်အကျင့်။ ဟောပြောပြီးတဲ့နောက် သတိပဋ္ဌာန်အကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ် ဝေပါ့မယ်။ မနက်ဖြန်ကျရင် . . . အခိုက်အတန့် တစ်ခုပြီး တစ်ခု ကိုယ့်စိတ်ထဲ၊ ကိုယ့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေတယ်ဆိုတာ စောင့်ကြည့်နိုင်အောင် ကျိုးစားကြစေချင်ပါတယ်။ အစွမ်းကုန် ကျိုးစားကြပါ။ ကိုယ့်အတွေးထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို စောင့်ကြည့်ကြပါ။ ကိုယ့်ကိုယ်ကိုယ်ရော သူတစ်ပါးကိုပါ အပေါင်းလက္ခဏာတွေ အနှုတ်လက္ခဏာတွေ ဘယ်လို ပေးလိုက်တယ်ဆိုတာ သိအောင် ကြိုးစားကြပါ။ အတွေးတွေနဲ့ စိတ်ခံစားမှုတွေ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ သိအောင်လည်း ကြိုးစားကြပါ။ နောက်ပြီးတော့ . . . ကိုယ့်စိတ်နဲ့ရော ကိုယ့်ကိုယ်နဲ့ပါ တရင်းတနှီး ဖြစ်နိုင်အောင် ကြိုးစားကြပါ။ သိမ်သိမ်မွေ့မွေ့ ဖြစ်အောင် ကြိုးစားကြပါ။ ခုပြောတဲ့အတိုင်း လုပ်နိုင်ကြရင် မနက်ဖြန် ကျွန်တော်ဟောပြောမယ့် အကြောင်းအရာကို ကိုယ်တွေ့နဲ့ယှဉ်ပြီး နားလည်နိုင်ကြပါလိမ့်မယ်။

မေးခွန်းတွေ မေးကြတဲ့အတွက်၊ ကျွန်တော် အကြံပေးတာတွေကို တုံ့ပြန်ကြတဲ့အတွက် ကျေးဇူးတင်မိတဲ့အကြောင်း တစ်ခါထပ်ပြီး ပြောချင်ပါတယ်။ မနက်ဖြန်ကျရင် ပြန်တွေ့ကျဖို့လည်း မျှော်လင့်နေပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ ငြိမ်းချမ်းကြပါစေ။ ဆင်းရဲခြင်း ကင်းကြပါစေ။ အိပ်တဲ့အခါမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုင်ကြပါစေ။ နိုးတဲ့အခါမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ နိုးထနိုင်ကြပါစေ။



:)
ရှင်အာစာရ

-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment