Monday, March 26, 2012

တရားမင်းသခင် - ၄၅။ တောမှ ပြန်ကြွတော်မူခဲ့ခြင်း


ရှင်အာနန္ဒာသည် ဘုရားရှင်၏ နောက်တော်မှ လိုက်ပါနေရင်း ဂူအနီးရှိ သဖန်းပင်ကြီးအောက်သို့ ရောက်လေ၏။ အမှောင်ထုကို ဖောက်ထွင်း၍ ထွက်ပေါ်နေသည့် ဂူအတွင်းမှ အလင်းတစ်ခုကို မြင်လိုက်ရ၍ ရှင်အာနန္ဒာ အံ့သြသွား၏။ ဂူအတွင်း၌ အလင်းရောင်ရရန် ထွန်းညှိထားသည့် မီးအလင်း မဟုတ်ပေ။ ကျောက်မျက်ရတနာ တစ်ခုဟု ရှင်အာနန္ဒာ ထင်၏။ လင်းလက်နေသည့် ကျောက်မျက်ရတနာ၏ ဘေးနား၌ မြွေပွေးကြီးတစ်ကောင် ခွေနေ၏။ ဘုရားရှင်သည် ဦးခေါင်းတော်ကို ငုံ့၍ ဂူတွင်းသို့ ၀င်တော်မူ၏။ ဘုရားရှင်သည် ကျောက်တုံးတစ်ခုပေါ်၌ ထိုင်တော်မူလိုက်ပြီးနောက် ရှင်အာနန္ဒာကို ကြည့်တော်မူနေ၏။

“အာနန္ဒာ . . . ၀င်ခဲ့ပါ။”

“အရှင်ဘုရား . . . ဂူထဲမှာ အဆိပ်ပြင်းတဲ့ မြွေးပွေးကြီး ရှိနေပါတယ် ဘုရား . . .။”

“ဒါဆိုရင် . . . အပြင်ဘက် ကြည့်လိုက်စမ်းပါဦး။”

“မြတ်စွာဘုရား . . .။ မြင်ပါတယ် ဘုရား။ ကြမ်းတမ်းတဲ့ ၀က်ဝံကြီးတစ်ကောင် ရောက်နေပါတယ် ဘုရား။ ဂူထဲမှာရော အပြင်ဘက်မှာပါ အန္တရာယ် ကြီးလှပါတယ် ဘုရား”ဟု ရှင်အာနန္ဒာက တုန်လှုပ်ချောက်ချားနေသည့် လေသံဖြင့် လျှောက်ထား၏။

“အာနန္ဒာ . . . နားထောင်ပါ။ ဒီသတ္တ၀ါတွေဟာ အရိုင်းကမ္ဘာ မွေးဖွားခဲ့ကြရပေမယ့် ငါ့အကြောင်း ကောင်းကောင်း သိကြတယ်။ သူတို့ဆီကို ငါ့ရဲ့ ကရုဏာဓာတ်တွေ ဖြန့်ကျက်ပို့လွှတ်ထားတယ်။ ငါ့မျက်လုံးတွေက သူတို့ကို အေးချမ်းအောင် လုပ်ပေးနိုင်တယ်။ ငါနဲ့ အတူရှိနေကြတယ်၊ ငါ့ရှေ့မှောက် ရောက်နေကြတယ်ဆိုရင် သူတို့ဟာ ဘယ်သူကိုမှ အန္တရာယ် မပြုကြဘူး။ သင့်ရဲ့ ဗြဟ္မစိုရ် မေတ္တာကိုလည်း သူတို့ဆီ ပို့လွှတ်လိုက်ပါ။ မေတ္တာစိတ်ဓာတ် မွေးမြူပြီး သူတို့နဲ့ မိတ်ဆွေဖြစ်သွားအောင် ကြိုးစားလိုက်ပါ။ ကြောက်တာလန့်တာ ပြေပျောက်သွားပါလိမ့်မယ်။ စိတ်ထဲ မရှင်းတာတွေ ပျောက်သွားပါလိမ့်မယ်။ သူတို့နဲ့ အတူနေရတာ နှစ်သက်စရာ ကောင်းလာပါလိမ့်မယ်။ အာနန္ဒာ . . . ဒီကိုလာပါ။ အဆင်ပြေမယ့် နေရာမှာ ထိုင်ပါ။ ကောသမ္ဘီက သတင်းစကားကို ငါ ကြားချင်တယ်။”

ရှင်အာနန္ဒာသည် ကြီးစွာသော သတိဖြင့် ဘုရားရှင်ထံသို့ သွားရောက်၍ တောက်ပသည့် ကျောက်မျက်ရနာ၏ အလင်းဖြင့် ထွန်းပတော် မူနေသည့် ဘုရားရှင်၏ မျက်နှာတော်ကို ဖူးမျှော်ရင်း ဘုရားရှင်ကို လျှောက်တင်၏။

“အရှင်ဘုရား . . . ဒေ၀ဒတ် ရဟန်းနဲ့ သူ့တပည့်တွေ ကောသမ္ဘီကနေ ထွက်ခွာသွားကြပါပြီ ဘုရား။ သူတို့တတွေ ရာဇဂြိုဟ်ကို ပြန်သွားကြတာ ထင်ပါတယ် ဘုရား။”

“တစ်ခြား ရဟန်းတွေကိုရော ဒကာဒကာမတွေက ဘယ်လို ပြုမူဆက်ဆံကြသလဲ။”

“အရှင်ဘုရား ဒီမှာသီတင်းတော်မူနေတဲ့အချိန် ပထမဆုံး တစ်လမှာတော့ လူတွေက ဒေ၀ဒတ် ရဟန်းနဲ့ သူ့တပည့်တွေကို ထောက်ခံကြပါတယ် ဘုရား။ တပည့်တော်တို့ကို သဒ္ဓါတရား မရှိတဲ့ ရဟန်းတွေလို့ ထင်ကြပါတယ် ဘုရား။ တပည့်တော်တို့နဲ့ ပတ်သက်စရာ မလိုဘူးလို့ ယူဆကြပါတယ် ဘုရား။ အရှင်ဘုရား . . . ဘာဖြစ်လို့လဲ ဆိုတော့ ဒေ၀ဒတ်ရဟန်း တင်ပြတဲ့ ကျင့်ဝတ်တွေကို လူတွေကလည်း ထောက်ခံကြလို့ပါ ဘုရား။ ပထမဆုံး တစ်လမှာတော့ တပည့်တော်တို့ ခိုကိုးရာမဲ့ ဖြစ်ခဲ့ကြရပါတယ် ဘုရား။ ကောသမ္ဘီ မြို့သူမြို့သားတွေက တပည့်တော်တို့ကို ဆွမ်းမလောင်းကြပါဘူး ဘုရား။ ဃောသိတ သူဌေးကြီးနဲ့ တစ်ခြား သူကြွယ်ကြီးတွေကပါ ဒေ၀ဒတ် ရဟန်းဘက် ပါသွားကြပုံရပါတယ် ဘုရား။ တပည့်တော်တို့ မြို့ထဲမှာ ဆွမ်းခံလို့ မရတာနဲ့ မြို့ပြင်ထွက်ပြီး ဆွမ်းခံကြရပါတယ် ဘုရား။ လူတွေက တပည့်တော်တို့ကို မြင်လိုက်တာနဲ့ အပြစ်ပြောကြပါတော့တယ် ဘုရား။ တပည့်တော်တို့ကို ကျူးလွန်စော်ကားကြပါတယ် ဘုရား။ တပည့်တော်တို့ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောကြပါ ဘုရား။ အရှင်ဘုရား မိန်တော်မူတဲ့အတိုင်း တပည့်တော်တို့ ဆိတ်ဆိတ်ပဲ နေလိုက်ကြပါတယ် ဘုရား။ တစ်လကြာတော့မှ လူတွေက ရဟန်းဆိုးတွေရဲ့ အပြုအမူကို စက်ဆုပ်လာကြပြီး တပည့်တော်တို့ ရဟန်းကောင်းတွေကို စကားပြောကြပါတယ် ဘုရား။ ရဟန်းဆိုးတွေရဲ့ ဆိုးသွမ်းတဲ့ အပြုအမူကြောင့် အရှင်ဘုရား တောထဲကြွတော်မူရတာလို့လည်း မြို့လူထုက ပြောကြပါတယ် ဘုရား။ လူတွေက တပည့်တော်တို့ကို ဆွမ်းခံပြန်ကြွဖို့ ပင့်ပါတယ် ဘုရား။ တပည့်တော်တို့ ဆွမ်းခံကြွတော့ လမ်းပေါ်ရောက်တာနဲ့ အားတက်သရောနဲ့ သပိတ်ပြည့်အောင် ဆွမ်းလောင်းကြပါတယ် ဘုရား။ အရှင်ဘုရားအကြောင်း မေးလာကြပါတယ် ဘုရား။ အရှင်ဘုရား မြို့ပြန်ကြွလာအောင် ပင့်ဖိတ်ပေးဖို့လည်း ခဏခဏ ပြောလာကြပါတယ် ဘုရား။”

“အာနန္ဒာ . . . ငါ မပြောခဲ့ဘူးလား။ အမှန်ကို အမှားနဲ့ ဖုံးကွယ်ထားနိုင်ရင် ခဏပါပဲ။ ငါတို့ရဲ့ လက်နက်က သစ္စာလက်နက် ဖြစ်တဲ့အတွက် ငါတို့ရဲ့ အပြုအမူတွေ မှန်နေရင် ဘာမှ မမှားယွင်းနိုင်ပါဘူး။ မိုက်မဲမှုတွေ မနာလို ၀န်တိုမှုတွေ ရှိနေတဲ့ ဒေ၀ဒတ်နဲ့ သူ့ရဟန်းတွေရဲ့ ထိုးနှက်မှုဟာ . . . ဒါ အစပဲ ရှိသေးတယ်။ သူတို့ နောက်ထပ် တိုက်ခိုက်ကြလိမ့်ဦးမယ်။ ငါ့ရဲ့ တပည့်သား သံဃာတွေဟာ အနှောင့်အယှက် အဟန့်အတားတွေကို သည်းခံစိတ် အပြည့်နဲ့ ရင်ဆိုင်နိုင်စွမ်း ရှိကြပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာတော့ ဒေ၀ဒတ် ရဟန်းလည်း အမှန်တရားကို ရင်ဆိုင်ရလိမ့်မယ်။ အာနန္ဒာ . . . ငါ ကောသမ္ဘီကို ပြန်ကြွပါ့မယ်။”

ပတ်ဝန်းကျင် တစ်ခုလုံး ညသတ္တ၀ါ သားရဲတိရစ္ဆာန်တို့နှင့် ပြည့်နှက်နေသော်လည်း တိရစ္ဆာန်တို့သည် မြည်သံ မပြုကြပေ။ သစ်ကိုင်းကျိုးသံမျှပင် မကြားရပေ။ သစ်ကိုင်းများကို လှုပ်ခတ်စေသည့် လေတိုးသံ သဲ့သဲ့ကိုသာ ကြားနေရ၏။ တောအုပ်တစ်ခုလုံးကို အမှောင်ထု လွှမ်းလာချိန်၌ ဂူအတွင်း၌ ပို၍ပို၍ လင်းလက်တောက်ပလာ၏။ ဘုရားရှင် ဈာန်သမာပတ် ၀င်စားတော် မူလေပြီ။ ခရီးပန်းလာသူ ရှင်အာနန္ဒာသည် ဘုရားရှင် ရှိတော်မူရာ အရပ်သို့ ဦးခေါင်းပြုလျက် သင်္ကန်းစွန်းကို ခေါင်းအုံးပြုကာ ကျိန်းစက်တော်မူလေ၏။

* * * * * * * * * *

ရှင်အာနန္ဒာသည် တစ်ညတာလုံး ပျော်လိုက်နိုးလိုက်နှင့် ကျိန်းစက်တော် မူခဲ့ရ၏။ နံနက်မိုးလင်းခါနီးမှ နှစ်နှစ်ခြိုက်ခြိုက် ကျိန်းစက်တော်မူနိုင်ခဲ့၏။ ရှင်အာနန္ဒာ နိုးထချိန်၌ မိုးစင်စင် လင်းနေပြီ ဖြစ်သည်။

ဂူအပြင်သို့ ထွက်လိုက်သည်နှင့် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ရှင်အာနန္ဒာ အံ့သြသွား၏။ တောသစ်သီးများကို အချို့က လက်ဖြင့် ကိုင်ဆွဲလျက်လည်းကောင်း၊ အချို့က ပါးစပ်ဖြင့် ကိုက်ချီလျက်လည်းကောင်း ကျောက်ကမူဆီ ချီတက်လာနေသည့် မျောက်အုပ်ကြီးကို တွေ့လိုက်ရခြင်း ဖြစ်သည်။ ခေါင်းဆောင် မျောက်တစ်ကောင်က ရှေ့ဆုံးက ဦးဆောင်၍ လာနေသည်။ မျောက်သားငယ်တို့လည်း မိခင့်ခါးကို ပွေ့ဖက်၍ လိုက်ပါလာကြသည်။ အရွယ်ရောက်သည့် မျောက်ပျိုမျောက်သန်တို့သည် အရွယ်ကြီးရင့်သည့်မျောက်များ မသန်စွမ်းသည့် မျောက်များကို ကိုယ်စီကိုယ်စီ ကျောပိုး၍ ခေါ်လာကြခဲ့၏။

နံနက်ခင်း နေခြည်နုနုအောက်၌ ဘုရားရှင်သည် ကျောက်တုံးတစ်ခုပေါ်၌ ထိုင်တော်မူရင်း မျောက်အုပ်ကြီးကို ဆီးကြိုတော်မူ၏။ ရှေ့တော်မှောက်၌ သပိတ်တော်ကို ချထားသည်။ မျောက်တို့သည် တန်းစီလျက် ဘုရားရှင်ထံ ချဉ်းကပ်ကြပြီးလျှင် ၎င်းတို့ ယူဆောင်လာသည့် တောသစ်သီးများကို ဘုရားရှင်၏ သပိတ်တော်ထဲသို့ ညင်သာစွာ လောင်းလှူကြလေ၏။ သစ်သီးဆွမ်းများ လောင်းလှူပြီးသည့် မျောက်တို့သည် ဘုရားရှင်၏ အနီးအပါး ကျောက်ကမူ နေရာ၌ သင့်တင့်လျောက်ပတ်စွာ ထိုင်ကြလေ၏။ ကြည်ညိုခြင်း သဒ္ဓါတရား ပြည့်လျှမ်းနေသည့် တရားနာ ပရိသတ်ကြီးနှင့်ပင် တူနေပေတော့သည်။

ဘုရားရှင်၏ သပိတ်တော်သည် သရက်၊ စပျစ်၊ သံလွင် အစရှိသော တောသစ်သီးမှည့်တို့ဖြင့် ပြည့်လျှမ်းနေ၏။ ဘုရားရှင်သည် သစ်သီးဆွမ်း လောင်းလှူပွဲ၏ အဆုံး၌ ထံတော်ပါးမှာ စုရုံးလာသည့် မျောက်သာဝကတို့ကို ကရုဏာတော် ပြည့်ဝသည့် မျက်လုံးတို့ဖြင့် ကြည့်ရှုတော်မူနေ၏။ ထို့နောက် မျောက်တစ်ကောင်ချင်းဆီသို့ ချဉ်းကပ်တော်မူ၍ ၎င်းတို့၏ ဦးခေါင်းကို ပုတ်ကာပုတ်ကာ သနားပျူငှာစွာ နှုတ်ဆက်စကား မြွက်ကြားတော်မူ၏။ မျောက်တို့က ဘုရားရှင်၏ လက်တော်ကို လက်နှစ်ဘက်နှင့် မယူ၍ ၎င်းတို့၏ ဦးခေါင်းပေါ်သို့ တင်နေကြပုံကို ရှင်အာနန္ဒာ မြင်နေရ၏။ မျောက်တို့သည် ဘုရားရှင်၏ မေတ္တာတော်၊ ကရုဏာတော်ကို ခံယူပြီးနောက် ညင်သာစွာ ထွက်ခွာသွားကြပြီးလျှင် အနီးအပါးရှိ သစ်ပင်များပေါ်သို့ တက်ကာ သစ်ကိုင်းများပေါ်၌ ထိုင်နေရင်း ဘုရားရှင်ကို စောင့်ကြည့်နေကြလေ၏။

ရှင်အာနန္ဒာသည် မျောက်တို့ ထွက်ခွာသွားသည်အထိ အဖြစ်အပျက်ကို စောင့်ကြည့်နေ၏။ ကြုံလိုက်ရသည့် မြင်ကွင်းက ရှင်အာနန္ဒာ၏ နှလုံးသားကို သိမ်းကြုံယူငင်လိုက်၏။ ရှင်အာနန္ဒာသည် အတိုင်းအဆမရှိ လွန်ကဲသည့် ကြည်ညိုသဒ္ဓါဖြင့် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ဘုရားရှင်ကို ရိုသေစွာ ရှိခိုး၏။

“မြတ်စွာဘုရား . . . ဒီလို အံသြစရာ ကောင်းတာမျိုး တပည့်တော် တစ်ခါမှ မမြင်ဖူးပါ ဘုရား . . .။ ကြားလည်း မကြားဖူးခဲ့ပါ ဘုရား။ တပည့်တော် ကိုယ့်မျက်စိကို မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ် ဘုရား။ ပါလိလေယျက တောအုပ်ထဲက တိရစ္ဆာန်တွေဟာ လူတွေထက်တောင် သဒ္ဓါတရား အားကောင်းနေကြသလိုပါပဲ ဘုရား . . .။”

“အာနန္ဒာ . . . ပါလိလေယျက တောထဲမှာ ရှိကြတဲ့ တိရစ္ဆာန်တွေဟာ တစ်ခြား တိရစ္ဆာန်တွေနဲ့ မထူးပါဘူး။ ဒါပေမယ့် သူတို့က သွန်သင်ဆုံးမမှုကို ရရှိထားတော့ တစ်ခြား အရိုင်းအစိုင်းတွေထက် ပိုပြီးတော့ ကြည်ညိုတတ်ကြတာပေါ့။ ငါ့အတွက်တော့ ဒီလို မိတ်ဆွေကောင်းတွေနဲ့ ပေါင်းသင်းရတာ နှစ်သက်စရာ ကောင်းပါတယ်။ ငါနဲ့ ပေါင်းရသင်းရတာကို သူတို့လည်း နှစ်သက်ကြပါတယ်။ အာနန္ဒာ . . . ငါ ပြန်စဉ်းစား ကြည့်မိတယ်။ ဒီတောထဲမှာ စိတ်နှလုံး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ နေခဲ့ရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ငါ့ မွေးရပ်ဇာတိ ကပိလ၀တ် ရောက်တုန်းကတောင်မှ ဒီလို နှစ်သက်ပျော်ရွှင်တာမျိုး မရှိခဲ့ဘူး။”

“အရှင်ဘုရား တပည့်တော်လည်း နှစ်သက်ပျော်ရွှင်ပါတယ် ဘုရား။ ဘယ်သူပဲဖြစ်ဖြစ် ဒီလို မိတ်ဆွေကောင်းတွေနဲ့သာဆိုရင် တစ်သက်တာလုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါတယ် ဘုရား။”

သူ့သဘာဝ အသံဖြင့် အော်မြည်လျက် ကြက်တူရွေး ရောက်လာ၏။ ကြက်တူရွေးသည် ဘုရားရှင်၏ ရှေ့တော်မှောက်ရှိ ကြောက်တုံးတစ်ပေါ် ၀င်နားရင်း စကားဆို၏။

“သတ္တ၀ါတွေ ပျော်ရွှင်ကြပါစေ . . .။ စိုးရိမ်သောက ကင်းကြပါစေ . . .။ ကျန်းမာကြပါစေ. . .

ငါ့ရှင် . . . ဆာနေပြီလား။ စပျစ်သီးတွေ စားလိုက်ပါလား။”

ရှင်အာနန္ဒာ မရယ်ဘဲ မနေနိုင်တော့ပေ့။ ရှင်အာနန္ဒာသည် သူ၏ လက်တစ်ဘက်ကို ကြက်တူရွေးဆီသို့ ဆန့်တန်းပေးလိုက်၏။ ကြက်တူရွေးက ရှင်အာနန္ဒာ၏ လက်ပေါ်သို့ လာနားရင် ရှင်အာနန္ဒာကို နှုတ်ဆက်၏။

“ငါ့ရှင် . . . သားသမီးတွေ ကျန်းမာရဲ့လား။ ကလေးတွေဆီ သွားပြီး အစားကျွေးလိုက်ပါဦး။”

“မြတ်စွာဘုရား . . . ကြက်တူရွေးက အရှင်ဘုရား စကားတွေကို အတုခိုးနေတာကိုး . . .”ဟု ရှင်အာနန္ဒာက ဘုရားရှင်ကို လျှောက်ထား၏။

“ဟုတ်တယ် . . . အာနန္ဒာ။ သူပြောချင်တာတွေကိုတော့ သူ့သဘာဝ စကားနဲ့ပဲ ပြောတတ်တာပေါ့။”

ဘုရားရှင်သည် သပိတ်တော်မှ စပျစ်သီးများ နှိုက်ယူ၍ ကျောက်တုံးပေါ် ချကာ ကြက်တူရွေးကို ကျွေးတော်မူ၏။

“ငါ့ရှင် . . . စပျစ်သီး စာပါဦး။”

ကြက်တူရွေးသည် ချက်ချင်းပင် ရှင်အာနန္ဒာ၏ လက်ပေါ်မှ ခုန်းဆင်းလိုက်၏။ သူ့သဘာဝ အသံဖြင့် အော်မြည်ရင်း စပျစ်သီးများကို သွားရောက်၍ စားသောက်၏။ စပျစ်သီးများ စားနေရင်း တစ်ကောင်တည်း စကားဆိုနေလေသည်။

“ငါ့ရှင် . . . စားနိုင်သလောက် စားပါ။ ကလေးတွေကိုလည်း နှစ်လုံးလောက် ကျွေးလိုက်ပါဦး။ ငါ့ရှင် . . . စပျစ်သီး စားပါ။ ငါ့ရှင် စပျစ်သီး စားပါ။”

* * * * * * * * * *

ဘုရားရှင်သည် သပိတ်တော်၊ သင်္ကန်းတော်တို့ကို ယူဆောင်ကာ တောအုပ်မှ ထွက်ခွာတော်မူ၏။ မျောက်တို့သည် တပင်မှ တစ်ပင်သို့ ကျော်လွှားခုန်ကူးရင်း ဘုရားရှင်၏ နောက်တော်မှ လိုက်ပါနေကြ၏။ မျောက်တို့ သက်ပြင်းတရှိုက်ရိုက် ဖြစ်နေသည်။ ၎င်းတို့ ဘုရားရှင်နောက်မှ အချိန်အတော်ကြာအောင် လိုက်ပါနေကြရင်း တောအုပ်အစွန်သို့ ရောက်ကြလေ၏။ ဘုရားရှင်သည် တောအုပ်အစွန်၌ ရပ်တန့်တော်မူ၍ ကိုယ်တော်ကို နောက်ဘက်သို့ ပြန်လှည့်ကာ မျောက်တို့ကို အချက်ပြကာ မိန့်တော်မူ၏။

“ချစ်သားတို့. . . ချစ်သမီးတို့. . . ရပ်တန့်ကြပါ။

သင်တို့ မွေးဖွားကြီးပျင်းခဲ့တဲ့ နေရာထက် ပိုပြီး ပျော်စရာကောင်းတဲ့ နေရာ မရှိပါဘူး။ ကြီးမြတ်သူကို အရိုသေပြု လုပ်ကျွေးခဲ့ကြတဲ့ သင်တို့တတွေ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံကြပါစေ။ ငါ သွားတော့မယ်။”

သားငယ်သမီးငယ်တို့ကို ရင်မှာပိုက်ထွေး ထားကြသည့် မိခင်မျောက်မတို့သည် ဘုရားရှင်ကို ငေးမောကြည့်နေရင်း ရင်ခွင်ထဲက သားသမီးတို့ကိုပင် မေ့လျော့နေကြလေ၏။ မျောက်တို့သည် သစ်ကိုင်းများကို တွဲခိုထားရင်း တိတ်ဆိတ် ငြိမ်သက်နေကြ၏။ ၎င်းတို့၏ မြင်ကွင်းမှ ဘုရားရှင် ကွယ်ပျောက်သွားသည်အထိ ၀မ်းနည်းကြေကွဲစွာ ဘုရားရှင်ကို မျှော်ကြည့်နေကြ၏။ ဘုရားရှင်၏ ပုံရိပ် ပျောက်ကွယ်သွားသည့်နှင့် တစ်ပြိုက်နက် မျောက်အားလုံးတို့ ပူဆွေးသောကဖြင့် ဟစ်အော်မြည်တမ်းကြလေ၏။

နောက်ကျနေသည့် ကြက်တူရွေးသည် တဂဲဂဲအော်ရင်း ရောက်ရှိလာပြီး ဘုရားရှင်ကို လိုက်လံရှာဖွေရန် လျှင်မြန်သည့် အဟုန်ဖြင့် ထွက်ခွာပျံသန်းသွားလေ၏။


:)
ရှင်အာစာရ


-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment