Saturday, March 10, 2012

တရားမင်းသခင် - ၄၄။ တောသို့ ကြွတော်မူခြင်း


ဆွမ်းခံကြွတော်မူရန် အသင့်ဖြစ်နေသည့် ဘုရားရှင်သည် ရှင်အာနန္ဒာကို မိန့်တော်မူ၏။

“အာနန္ဒာ . . . ငါ အနားယူဖို့ လိုနေပြီ။ ငါ သဗ္ဗညုတဉာဏ် ရရှိပြီးတဲ့နောက် ကိုးနှစ်တာ ကာလအတွင်းမှာ နားနားနေနေ နေဖို့ တစ်ခါမှ စိတ်မကူးခဲ့ဘူး။ မဇ္ဈိမဒေသ တစ်ဝှန်းလုံး ယူဇနာတွေ ထောင်ချီအောင် ခြေလျင်ခရီးနဲ့ ဒေသစာရီ ကြွချီခဲ့တယ်။ ဒါပေမယ့် အနားယူဖို့ လိုအပ်တယ်လို့ မထင်မိခဲ့ဘူး။ ပင်လည်း မပင်ပန်းခဲ့ဘူး။ ပျော်ပျော်ရွှင်ရွှင် တည်တည်ကြည်ကြည် အေးအေးချမ်ချမ်းပဲ။ အာနန္ဒာ . . . အခု ငါ့ခန္ဓာကိုယ် ပင်ပန်းသလိုလို ခံစားရတယ်။ ဒုက္ကရစရိယာ ကျင့်ခဲ့တုန်းတောင်မှ ဒီလိုမျိုး မပင်ပန်းခဲ့ဘူး။ အားလုံးနဲ့ ဝေးရာ တောထဲသွားပြီး အချိန် တော်တော်ကြာအောင် ငါ တစ်ပါးတည်း နေချင်တယ်။ ငါ့ကို လိုက်မရှာနဲ့။ ငါ့အကြောင်း မစုံစမ်းနဲ့။”

“အရှင်ဘုရား . . . ရှင်ဒေ၀ဒတ်နဲ့ သူ့နောက်လိုက် ရဟန်းတွေကြောင့် အရှင်ဘုရား စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာကို တပည့်တော် နားလည်ပါတယ် ဘုရား . . .။”

“မဟုတ်သေးဘူး . . . အာနန္ဒာ။ ဘုရားရှင်တို့ရဲ့ စိတ်တော်ဟာ ဘယ်တော့မှ မညစ်ညူးဘူး။ မကျေနပ်တာတွေ မနှစ်မျို့တာတွေဟာ ဘုရားရှင်တို့ရဲ့ စိတ်တော်ထဲ ၀င်မလာနိုင်ကြဘူး။ ဒါပေမယ့် ငါ့ ခန္ဓာကိုယ် ပင်ပန်းနေတယ်။”

“အရှင်ဘုရား . . . တောထဲတော့ မကြွပါနဲ့ ဘုရား။ တစ်ခြားတစ်မြို့ ကြွကြတာက ပိုကောင်းပါတယ် ဘုရား။ တပည့်တော်တို့ သာဝတ္ထိ ကြွကြရအောင်ပါ ဘုရား။ အနာထပိဏ် သူဌေး ပင့်လျှောက်ထားတာ ရှိပါတယ် ဘုရား။”

“ရှင်ဒေ၀ဒတ်လည်း သာဝတ္ထိ ကြွတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အာနန္ဒာ . . . ပြဿနာတစ်ခု ပေါ်လာတဲ့ အခါမှာ အဲဒီ ပြဿနာကနေ ရှောင်ထွက်လိုက်ခြင်းဟာ အဖြေ မဟုတ်ဘူး။ ပါလိလေယျက တောအုပ်ကို ငါ ကြွမယ် ဆိုတာဟာ ပြဿနာကနေ ရှောင်ထွက်ဖို့ မဟုတ်ဘူး။ ပြဿနာ ပေါ်လာရင် ချက်ချင်း အဖြေရှာရတယ်။ ငါ့ခန္ဓာကိုယ်ကို အနားပေးဖို့ လိုနေပြီ။ ငါ မရှိချိန်မှာ အသိဉာဏ် ရှိသူတွေဟာ ရဟန်းဆိုးတွေကို အာရုံစိုက်မိကြလိမ့်မယ်။ အကောင်းနဲ့ အဆိုး ခွဲခြားလာကြလိမ့်မယ်။ အဲဒီတော့ ရဟန်းဆိုးတွေဟာ သူတို့အပြစ် သူတို့ နားလည်လာပြီး ကောင်းကောင်းမွန်မွန် နေလာကြလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း ဒီမြို့မှာ ပစ္စည်းလေးပါး အထောက်အပံ့ မရနိုင်ကြတဲ့အတွက် တစ်ခြားမြို့ ပြောင်းသွားကြရလိမ့်မယ်။ ဒေ၀ဒတ်နဲ့ သူ့ရဲ့ အပေါင်းအပါ ရဟန်းတွေကို ငါ ခဏခဏ ဆုံးမခဲ့တာပဲ။ အဲဒီလို အသိဉာဏ် ကင်းမဲ့ပြီး မောဟကြောင့် ကန်းနေသူတွေအတွက် ဘုရားရှင်ဆိုတာ ဘာ အသုံးကျမှာလဲ။ အာနန္ဒာ . . . မှောက်ထားတဲ့ အိုထဲ ရေလောင်းထည့်နေလို့ အကျိုးမရှိဘူး။”

“အရှင်ဘုရား . . . ပါလိလေယျကတောဟာ တိရိစ္ဆာန်တွေကို ဘေးမဲ့ပေးထားတဲ့ နေရာတော့ ဟုတ်ပါတယ်။ အဲဒီမှာ သားရဲတိရစ္ဆာန်တွေလည်း ရှိနေပါတယ် ဘုရား။ အဲဒီတောထဲမှာ အရှင်ဘုရား ဆွမ်းလည်း ရနိုင်မှာ မဟုတ်ပါ ဘုရား။ နေဒဏ် မိုးဒက်တွေလည်း ခံရပါလိမ့်မယ် ဘုရား။ အရှင်ဘုရား . . . တပည့်တော် အရှင်ဘုရားနောက် လိုက်ပြီး ပြုစုလုပ်ကျွေးပါ့မယ် ဘုရား။”

“မဟုတ်သေးဘူး . . . အာနန္ဒာ။ ဘယ်လို သားရဲတိရစ္ဆာန် အန္တရာယ်မှ ရှိမှာ မဟုတ်ဘူး။ သင့်တော်တဲ့ တစ်နေရာရာ ရှာပြီးတော့ တောသစ်ဥသစ်ဖုတွေကိုပဲ ဘုဉ်းပေးမယ်။ ငါ့အတွက်နဲ့ ဒုက္ခ မရှာပါနဲ့။ ၀ိနည်းတော်နဲ့ အညီသာ နေခဲ့ပါ။ သုံးလကြာရင် ငါ့ဆီလာပြီး အကြောင်းစုံကို သတင်းပို့ပါ။”

* * * * * * * * * *

ရှင်အာနန္ဒာသည် နေထွက်ချိန်ကတည်းက မနားတမ်း လျှောက်လှမ်းနေ၏။ ပါလိလေယျက တောထဲ ရောက်နေပြီ ဖြစ်သော်လည်း ရှင်အာနန္ဒာ လမ်းပျောက်နေ၏။ ကျောက်ဆောင်များကြား ပြုတ်ကျခဲ့ပြီးနောက် စမ်းချောင်းတစ်ခု၏ ကမ်းပါးတစ်လျှောက် ဆက်လျှောက်နေ၏။ မျောက်တို့သည် သစ်သီးများ စားသောက်ရင်း တစ်ပင်မှ တစ်ပင်၊ တစ်ခြုံမှ တစ်ခြုံသို့ ခုန်လွှားကျော်ကူးနေကြ၏။ ပတ်ဝန်းကျင်၌ အသံဗလံများ ဆူညံနေသည်ကို ရှင်အာနန္ဒာ သတိထားမိလိုက်၏။ ငှက်တို့၏ မြည်သံသည် လူတို့ဒေသ၌ ကြည်နူးဖွယ် တေးသွားဖြစ်နိုင်သော်လည်း ဤတော၌ ကြောက်မက်ဖွယ်ရာ ဖြစ်နေ၏။ နေ၀င်တော့မည်။ မမှောင်ခင် ဘုရားရှင်ကို ရှာတွေ့နိုင်ပါ့မလားဟူသော အတွေးစသည် ရှင်အာနန္ဒာကို ခြောက်လှန့်နေ၏။ စမ်းချောင်းငယ် စီးသည့်လမ်းအတိုင်း လျှောက်လာခဲ့ရာ တောသည် နက်သည်ထက် နက်လာ၏။ တော၏ ဆူသံများလည်း တဖြည်းဖြည်း ငြိမ်ကျသွား၏။ ဤ တိတ်ဆိတ်မှုသည် ရှင်အာနန္ဒာကို ပို၍ပင် ကြောက်ရွံ့စေ၏။ ကြီးမားသည့် အန္တရာယ် တစ်ခုခု၏ ရှေ့ပြေးနိမိတ် ဖြစ်လေမည်းလားဟု ရှင်အာနန္ဒာ တွေးမိ၏။ စမ်းချောင်းထဲ၌ ရေသောက်နေသည့် သမင်တစ်ကောင်သည် ရှင်အာနန္ဒာကို ကြည့်နေ၏။ သမင်သည် အနည်းငယ် တုန်လှုပ်သွားဟန် တူ၏။ သို့သော် ရေကိုသာ ဆက်သောက်နေ၏။ ထို့နောက် တိတ်ဆိတ်ညင်သာစွာ ထွက်ခွာသွား၏။ ရှင်အာနန္ဒာသည် ဘုရားရှင် ရှိနိုင်မည့် နေရာကို မျှော်ကြည့်ရန် ကမူတစ်ခုပေါ် တက်လိုက်၏။ ကြက်တူရွေး တစ်ကောင်သည် ရှင်အာနန္ဒာ၏ အပေါ်၌ ၀ဲပျံရင်း စူးစူးဝါးဝါး အော်နေ၏။ ကြက်တူရွေးသည် ရှင်အာနန္ဒ၏ အပေါ်၌ ဝေ့၀ဲပျံသန်းပြီးနောက် ရှင်အာနန္ဒာ၏ အနီးအပါးရှိ သစ်ကိုင်းစွန်း တစ်ခုပေါ်၌ လာနား၏။

“သတ္တ၀ါတွေ ပျော်ရွှင်ကြပါစေ . . .။ စိုးရိမ်သောက ကင်းကြပါစေ . . .။ ကျန်းမာကြပါစေ. . .”ဟု ကြက်တူရွေးက အော်နေ၏။

ရှင်အာနန္ဒာသည် ဘုရားရှင်ကို ဖူးတွေ့လိုက်ရသကဲ့သို့ ၀မ်းသာသွား၏။ ဘုရားရှင်၏ ထံတော်ပါးမှ လာခဲ့သည့် ကြက်တူရွေးဖြစ်ကြောင်း ရှင်အာနန္ဒာ နားလည်လိုက်၏။ ထို့နောက် ရှင်အာနန္ဒာသည် ကြက်တူရွေး၏ အနီးသို့ ချဉ်းကပ်လိုက်၏။

“လိမ္မာလိုက်တဲ့ ကြက်တူရွေးလေး . . .။ ဘုရားရှင် ဘယ်မှာရှိသလဲ ကွယ် . . .”ဟု ပျော်ရွှင်ကြည်နူးနေသည့် ရှင်အာနန္ဒာက မေး၏။

ကြက်တူရွေးသည် သူ့သဘာဝ မြည်သံအတိုင်း သုံးကြိမ်အော်လိုက်ပြီးနောက် အတန်ငယ် ဝေးကွာသည့် နေရာအထိ စမ်းချောင်ပေါ်မှ ပျံသန်းသွား၏။ ထို့နောက် ပြန်လှည့်လာပြီး မူလနေရာ၌ နားနေရင်း ရှင်အာနန္ဒာကို စကားပြော၏။

“ငါ့ရှင် . . . ကြည့်လိုက်စမ်းပါ . . .။”

ကြက်တူရွေးသည် ဘုရားရှင်၏ အခေါ်အဝေါ် အသုံးအနှုံးများကို တတ်မြောက်နေကြောင်း ရှင်အာနန္ဒာ ကောင်းစွာ သဘောပေါက်လိုက်၏။

နေ၀င်သွားပြီ ဖြစ်၏။ ပတ်ဝန်ကျင်၌ အမှောင်ထု လွှမ်းမိုးနေသည်။ ရှင်အာနန္ဒာသည် စမ်းချောင်းတစ်လျှောက် သွားနေ၏။ ကြက်တူရွေးသည် တစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးပြောင်းပျံသန်းကာ ရှင်အာနန္ဒာကို လမ်းပြရင်း တဂဲဂဲ ဟစ်အော်နေ၏။ တစ်ကိုင်းမှ တစ်ကိုင်းသို့ ပြောင်းရွေ့ပျံသန်းရင်း မကြာခဏ စကားပြောတတ်သေး၏။

“ငါ့ရှင် . . . ဆာနေပြီလား။ စပျစ်သီးတွေ စားလိုက်ပါလား။”

လေးကိုင်းသဏ္ဌာန် ညွတ်ကိုင်းကျနေသည့် ကျူးပင်များရှိရာ ကျောက်သားကမူ တစ်ခုဆီမှ ဘုရားရှင်၏ အသံတော် ထွက်ပေါ်လာ၏။

“အာနန္ဒာ . . . ဒီကိုလာပါ။”

ရှင်အာနန္ဒာသည် ကျောက်ကမူပေါ်သို့ တက်လိုက်ပြီးနောက် တင့်တင့်တယ်တယ် တောက်ပနေသည့် ဘုရားရှင်၏ မျက်နှာတော်ကို ဖူးမြင်လိုက်ရ၍ အတိုင်းမသိ ၀မ်းသာသွား၏။ ဘုရားရှင်၏ ထံတော်ပါးသို့ သွားရောက်၍ ကိုယ်တော်မြတ်၏ ခြေတော်အစုံကို ပွေ့ဖက်လေ၏။ ရှင်အာနန္ဒာ၏ မျက်လုံးတို့၌ မျက်ရည်းများ ပြည့်လျှံနေသည်။ ရှင်အာနန္ဒသည် မတ်တပ်ရပ်လိုက်ပြီး ဘုရားရှင်ကို သတင်းစကား လျှောက်ထားရန် ပြင်နေစဉ် ကြက်တူရွေးက ၀င်ပြောလိုက်၏။

“ငါ့ရှင် . . . ဆာနေပြီလား။ စပျစ်သီးတွေ စားလိုက်ပါလား။”

“မြတ်စွာဘုရား . . . လိမ္မာတဲ့ ဒီကြက်တူရွေးလေးကြောင့် တပည့်တော် အရှင်ဘုရားကို ရှာတွေ့ခဲ့တာပါ ဘုရား . . .။ ဒီတောထဲမှာ သူက တပည့်တော်ကို ကူကယ်ခဲ့တာပါ ဘုရား။”

“အာနန္ဒာ . . . ဒါဟာ ငါ့အဖော်တွေထဲက တစ်ကောင်ပဲ။ သနားစရာကောင်းတဲ့ တိရစ္ဆာန်လေးတွေဟာ လူတွေလို မယုတ်ညံ့ကြဘူး။ အတ္တမကြီးကြဘူး။ ဘယ်ရှုထောင့်ကကြည့်ကြည့် သူတို့စိတ်ဟာ အပြောင်းအလဲ မရှိဘူး။ ငါဟာ ဒီ တိရစ္ဆာန်တွေနဲ့ ရင်းရင်းနှီးနှီး နေခဲ့တာပဲ။”

ရှင်အာနန္ဒာ အောက်သို့ ငုံ့ကြည့်လိုက်ရာ သဖန်းပင်ကြီး တစ်ပင်က အရိပ်မိုးထားသည့် ဂူတစ်လုံးကို တွေ့လိုက်ရ၏။ ဂူပေါ်သို့ တွဲကျနေသည့် အကိုင်းများ အရွက်များကို ဖြတ်တောက် ခူးဆိတ်ထားခြင်း မရှိပေ။ မြေမြင်ရှိ မြက်ပင်များကိုလည်း ရိတ်ထားဖြတ်ထားခြင်း မရှိပေ။ ဤနေရာသို့ ဘုရားရှင် ရောက်ရှိတော်မူခဲ့သည်မှာ သုံးလရှိပြီ ဖြစ်သော်လည်း ပတ်ဝန်းကျင်၏ လတ်ဆတ်မှု လန်းဆန်းစိမ်းမြမှုတို့ မပျက်စီး မထိခိုက်ခဲ့ပေ။

ရှင်အာနန္ဒာသည် ပတ်ဝန်းကျင်ကို တအံ့တသြ လှည့်ပတ်ကြည့်နေ၏။ ထိုစဉ် ဘုရားရှင်က မေးတော်မူ၏။

“အာနန္ဒာ . . . ကြည့်ရတာ အံ့သြနေပုံပဲ . . .။ ဘာတွေများ တွေ့လိုက်ရလို့လဲ။”

“အရှင်ဘုရား သုံးလလုံးလုံး သီတင်းသုံးခဲ့တာ ဒီနေရာလား ဘုရား . . .။”

“ဟုတ်ပါတယ် . . . အာနန္ဒာ။”

“ဒီနေရာဟာ ကြောက်စရာကောင်းတဲ့ နေရာပါ ဘုရား . . .။ အနီးအနား ပတ်ပတ်လည်မှာ သားရဲတိရစ္ဆာန် ခြေရာတွေ . . . ကြည့်တော်မူစမ်းပါ ဘုရား။ အခုမှ ဆည်းဆာအချိန်ပဲ ရှိပါသေးတယ် . . .။ အမှောင်လွှမ်းလာရင် ဘယ်လိုနေမယ်ဆိုတာ တပည့်တော် မှန်းလို့ ရပါတယ် ဘုရား။”

“အာနန္ဒာ . . . အမှောင်ကို ကြောက်တာလား၊ တောကြီးကို ကြောက်တာလား။”

“အမှောင်ရော၊ တောရော၊ သားရဲတိရစ္ဆာန်တွေရော အားလုံးကို ကြောက်တာပါ ဘုရား။ ဒီလို ကြောက်မယ်ဖွယ်ကောင်းတဲ့ နေရာမှာ အေးချမ်းတယ်ဆိုတာ ဘယ်လိုဟာလဲ ဘုရား . . .။”

“အာနန္ဒာ . . . ခုထိ ကြောက်နေတုန်းလား။”

“အရှင်ဘုရားရဲ့ ရှေ့တော်မှောက်မှာတော့ မကြောက်ပါဘုရား။”

“ငါ့ရှေ့မှာ ရှိနေလည်း အမှောင်ကတော့ မှောင်မှာပဲ။ တောကြီးကလည်း ပြောင်းလဲ မသွားပါဘူး။ သားရဲတိရစ္ဆာန်တွေလည်း အများကြီး ရှိနေတာပဲ။ အာနန္ဒာ . . . ပိန်းပိတ်အောင် မှောင်နေတဲ့ တောနက်ကြီးထဲ ကြည့်လိုက်စမ်းပါ။ ဘာမြင်ရသလဲ။”

ရှင်အာနန္ဒာသည် ပတ်ဝန်းကျင် တောအုပ်ထဲသို့ ဝေ့၀ိုက်ကြည့်လိုက်ရင်း ကြောက်လန့်သည်ဖြစ်၍ ဘုရားရှင်၏ အနီးသို့ တိုးသွား၏။

“အာနန္ဒာ . . . ဘာလဲ။”

“မြတ်စွာဘုရား . . . တောကြီးထဲက ကြောက်မက်ဖွယ်တွေ အကုန်စုံနေပြီ ဘုရား။ တပည့်တော်တို့ ပတ်ပတ်လည်မှာ အကုန် ရောက်နေကြပြီ ဘုရား . . .။ တောရိုင်းကောင်ကြီးတွေ တပည့်တော်တို့ဆီ လာနေကြပြီ . . . ဘုရာ့။”

ကျားသစ်မ တစ်ကောင်နှင့် သားငယ်တို့သည် အမှောင်ထုထဲမှ ထွက်လာခဲ့ကြပြီး ဘုရားရှင်၏ ထံတော်ပါးသို့ ချဉ်းကပ်ကြလေ၏။ ကျားသစ်မသည် ဦးခေါင်းကို နှိမ့်ချလျက် အမြီးနံ့နေ၏။ ရှင်အာနန္ဒာ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်တုန်ခိုက်ခိုက် ဖြစ်နေ၏။ ကလေးငယ် တစ်ယောက်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေသူ ရှင်အာနန္ဒာသည် ဘုရားရှင်ကို ဖက်တွယ်ထား၏။ ကျားသစ်မသည် သားငယ်များနှင့်အတူ ဘုရားရှင်ကို တစ်ပတ်ပြည့်အောင် ပတ်လိုက်ပြီးနောက် ကြောက်သားတစ်ခုပေါ် လျောင်းနေရင်း တောက်ပသည့် မျက်လုံးအစုံဖြင့် ဘုရားရှင်၏ မျက်နှာတော်ကို ကြည့်နေလေ၏။ ကျားသစ် သားငယ်လေးများ၏ နို့စို့သံ ခပ်သဲ့သဲ့ ကြားနေရသည်။

“အာနန္ဒာ . . . ကြောက်နေတုန်းတာပဲလား။”

“မြတ်စွာဘုရား . . . အခု တပည့်တော် မကြောက်တော့ပါဘူး ဘုရား။ ဒါပေမယ့် စိတ်ထဲမှာတော့ ကသိကအောက် ဖြစ်နေပါတယ် ဘုရား။ ဒီနေရာက ထွက်ပြေးချင်စိတ် ပေါက်နေပါတယ် ဘုရား။ ဒီအနီးအနား တစ်ဝိုက်မှာ အန္တရာယ် ကြီးမားတဲ့ တိရစ္ဆာန်တွေ ရှိနေပါတယ် ဘုရား။ တပည့်တော့် ဘ၀မှာ အခုလိုမျိုး တစ်ခါမှ မကြောက်ဖူးပါဘူး ဘုရား။ ဟို ကျောက်ဂူထဲမှာ ပိုပြီး လုံခြုံမယ်လို့ ထင်မိပါတယ် ဘုရား။ ရှင်တော်ဘုရား . . . နည်းနည်းပါးပါး တပည့်တော် စိတ်သက်ရာရအောင် ကျောက်ဂူထဲ သွားကြပါစို့ ဘုရား . . .။”

“အာနန္ဒာ . . . မကြောက်ပါနဲ့။ ဒီနေရာမှာ ဘယ်တိရစ္ဆာန်ကမှ အာနန္ဒာကို အန္တရာယ် မပြုပါဘူး။ ဒါပေမယ့် ကျောက်ဂူထဲ သွားချင်တယ် ဆိုရင်လည်း သွားကြတာပေါ့။” 


:)
ရှင်အာစာရ


-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment