ရှင်ဒေ၀ဒတ်၏ နဖူး၌ ချွေးစို့စ ပြုလာ၏။ ရှင်ဒေ၀ဒတ်သည် သတ္တိမွေး၍ စကားဆက်ရန် ကြိုးစား၏။
“အရှင်ဘုရား . . . အရှင်ဘုရားရဲ့ တပည့်သား သံဃာတွေနဲ့ အရှင်ဘုရားရဲ့ သာသနာတော် အကျိုးစီးပွားအတွက် တပည့်တော် ဆက်လက် လျှောက်ထားပါ့မယ်။ အသုံးမကျတဲ့ ဘင်ကျုံးသမား အမှိုက်ကျုံသမားတွေ၊ သူခိုးဓားပြတွေ၊ ရာဇ၀တ်သားတွေ၊ မြာပွေသူတွေ၊ ပြည့်တန်ဆာတွေကို သာသနာ့ဘောင် ၀င်ရောက်ခွင့် ပြုလိုက်တဲ့အတွက် အခု တပည့်တော်တို့ ဒုက္ခရောက်နေပါတယ်။
ရှင်ဥဒါယီလည်း သာဝတ္ထိကို သူ တစ်ပါးတည်း ကြွပါတယ်။ သူက ဇာတ်မြင့်ထဲက မုဆိုးမတွေနဲ့ ကူးလူးဆက်ဆံနေတာပါ။ မုဆိုးမတွေကို အိမ်ထောင်ချပေးဖို့ စီစဉ်နေပါတယ်။
နောက်တစ်ခုက ဇာတ်နိမ့်ဘ၀ကနေ ရဟန်းပြုလာတဲ့ ကိုယ်တော် တစ်ပါးဟာ မျောက်မနဲ့ မေထုန် မှီဝဲပါတယ်။
ဇာတ်နိမ့် ရဟန်းတစ်ပါးဟာ မစင်တွေ စားတာ အကျင့်ပါနေတယ်လို့လည်း တပည့်တော် ကြားလိုက်ပါသေးတယ်။
ရဟန်းတစ်ချို့ သင်္ကန်းချွတ် လူဝတ်လဲပြီး ပြည့်တန်ဆာမတွေဆီ သွားကြတာလည်း တပည့်တော် သိပါတယ်။
အရှင်ဘုရား . . . ဒီ မကောင်းမှုတွေနဲ့ ပတ်သက်လို့ တပည့်တော် ဒေ၀ဒတ်မှာ တာဝန်ရှိပါသလား။
ကိုယ်ဝန်သည် ဘိက္ခုနီမတစ်ပါး ရာဇဂြိုဟ်မြို့မှာ ရှိနေတာလည်း တပည့်တော် သိပါတယ်။ တပည့်တော် အရှင်ဘုရားကို ကျိန်းသေပေါက် လျှောက်ရဲပါတယ်။ အဲဒီ ဘိက္ခုနီမဟာ ရာဇဂြိုဟ်ကနေ ကြွလာကြတဲ့ တပည့်တော်ရဲ့ နောက်လိုက် ရဟန်းတစ်ပါးပါးနဲ့ ကိုယ်ဝန်ရတာ မဟုတ်ပါဘူး . . .။ ဒီကိစ္စကို အရှင်ဘုရား ဘာဖြစ်လို့ မစစ်ကြောတာလဲ။ ဘာသာခြားတွေက တပည့်တော်တို့ကို ကဲ့ရဲ့စွပ်စွဲ နေကြပါပြီ။ ဒကာဒကာမတွေကလည်း ရွံရှာစက်ဆုပ် နေကြပါတယ်။ အရှင်ဘုရား . . . ရဟန်းတွေ ရဟန်းမတွေကို တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကွပ်ညှပ်ပါ။ တပည့်တော်သာ အရှင်ဘုရား နေရာမှာဆိုရင် ဒီလို အဆိုးအသွမ်းတွေကို သင်္ကန်းချွတ်ပြီး မောင်းထုတ် ပစ်လိုက်မှာပဲ။ အရှင်ဘုရား . . . အရှင်ဘုရားရဲ့ တပည့်သား သံဃာတွေအားလုံးဟာ ရှင်အာနန္ဒာနဲ့ ရှင်သာရိပုတ္တရာတို့လိုပဲလို့ မထင်ပါနဲ့။”
“ဒေ၀ဒတ် . . . သင် ပြောတာတွေကို ငါ သေသေချာချာ နားထောင်လိုက်တယ်။ ငါ့ရဲ့ သာသနာတော်ဟာ ဇမ္ဗူဒိပ် တစ်ဝှန်းလုံးမှာ ရှိကြသူတွေ အားလုံးအတွက်ပဲ။ အခွင့်ထူးခံ ဇာတ်မြင့်လူတန်းစား အတွက်ပဲ ကန့်သတ်ထားတာ မဟုတ်ဘူး။ သာသနာ့ဘောင်မှာ ဇာတ်မြင့်ဂိုဏ်း ငါ မထောင်ဘူး။ သတ္တ၀ါ အားလုံးကို ငါ မေတ္တာထားတယ်။ မကောင်းမှု ကျူးလွန်ကြသူတွေအကြောင်း ငါ အကုန်သိတယ်။ မကောင်းမှုရဲ့ အကျိုးဆက်တွေကို သူတို့သိအောင် ငါ ညွှန်ပြလိုက်တယ်။ အများစုက လမ်းမှန်ပေါ် ရောက်သွားကြပြီး မကောင်းမှု မပြုကြတော့ဘူး။ မကောင်းမှု ကျူးလွန်တာက အနည်းစုပါ။ အဲဒီထဲကပဲ တကယ့် အနည်းစုလေးက မကောင်းမှုကို ထပ်တလဲလဲ ကျူးလွန်နေတာပါ။ အဲဒါကတော့ ဘ၀သံသရာ အဆက်ဆက်က ပါလာခဲ့တဲ့ သူတို့ရဲ့ ၀ါသနာဆိုးကြောင့်ပဲ။ ဒေ၀ဒတ် . . . သဒ္ဓါတရားလည်း အားကောင်း၊ ၀ိနည်းစည်းကမ်းတွေကို တတ်သိနာလည်ပြီး ၀ိနည်းလည်း လေးစားတဲ့ ရှင်ဥပါလိလို ရဟန္တာ တစ်ပါးကတောင်မှ အာပတ်သင့်မယ့် ပြစ်မှုကို ကျူးလွန်နိုင်သေးတယ်ဆိုရင် တစ်ခြားရဟန်းတွေ ရဟန်းမတွေ . . . ဘာပြောစရာ လိုမလဲ။ ငါ့ရဟန်းတွေ လိုက်နာဖို့ ၀ိနည်းစည်းကမ်းတွေ ချမှတ်ပြဋ္ဌာန်းတာဟာ သူတို့ကို မုန်းလို့ မဟုတ်ဘူး။ သနားကြင်နာလို့ပဲ။ သူတို့ အပေါ်မှာ ငါ အမြဲတမ်း ကရုဏာထားတယ်။ မှားတတ်တာဟာ လူ့ သဘာဝပဲ။ မှားမိသူတွေကို ငါ သနားတယ်။ လောကမှာ ဘုရားရှင် ပွင့်တော်မူတယ် ဆိုတာဟာ အဲဒီလို မိုက်မှားသူတွေကို လမ်းမှန် ညွှန်ပြဖို့ပဲ။ သူတို့ကို အမုန်းပွားပြီး စွန့်ပစ်ဖို့ မဟုတ်ဘူး။
ဒေ၀ဒတ် . . . ရာဇဂြိုဟ်က ဘိက္ခုနီကျောင်းမှာ သီတင်းသုံးနေတဲ့ ကိုယ်ဝန်သည် ကဿပထေရီမအကြောင်း ငါ သိပြီးသားပဲ။ သူ ဘိက္ခုနီ ၀တ်ပြီးမှ မေထုန်မှု ကျူးလွန်ခဲ့သလား သိရအောင် အချိန်ယူပြီး အသေးစိတ် စုံစမ်းဖို့ အရှင်မ ပဇာပတိကို ငါ ညွှန်ကြားခဲ့တယ်။ အမှုကို စုံစမ်းပြီးပြီ။ အဖြစ်မှန်ကို အတည်ပြုပြီးပြီ။ အဲဒီ ထေရီမဟာ လူဝတ်ကြောင်ဘ၀က ကိုယ်ဝန် ရခဲ့တာပဲ။ သူ့မှာ အပြစ် မရှိဘူး။ ငါဆီမှာ ကိုးကွယ်ရာရှာတဲ့ ကလေးအမေကို မောင်းထုတ်ပစ်လိုက်ဖို့ ပြောနေတာလား။
ဒေ၀တ် . . . သင့်ရဲ့ မောက်မာမှု၊ သင့်ရဲ့ မိုက်မဲမှုတွေကြေင့် သင် လမ်းမှားနေပြီ။ သင်ဟာ ရာဇဂြိုဟ်မင်းသာ အဇာတသတ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး မင်းသားဆီက ပစ္စည်း အထောက်အပံ့တွေလည်း ရတဲ့အတွက်ကြောင့် အသိဉာဏ် ကင်းပျောက်သွားတာပဲ။ အေးငြိမ်းရာ အေးငြိမ်းကြောင်း ကောင်းမြတ်တဲ့ ငါ့ဒေသနာတော်တွေ ယူဆောင်ပြီး ဒေသစာရီ လှည့်လည်ကြတဲ့ ငါ့တပည့်သား သံဃာတော်တွေဟာ သင့်ရဲ့ အထောက်အပံ့ လိုမယ် မထင်ပါဘူး။ ငါ့ရဲ့ တပည့်သာဝကတွေဟာ တိတ်ဆိတ်ငြိမ်သက် အေးချမ်းကြတယ်။ ပြောကြဆိုကြတဲ့ နေရာမှာလည်း နှစ်သက်စရာ ကောင်းကြတာပဲ။ ဘာသာခြားတွေက ငါ့ သာဝကတွေကို စွပ်စွဲကြတယ်ဆိုတာ ငါ သိတယ်။ အဲဒီလို စွပ်စွဲတာဟာ ခဏပဲ။ သူတို့က ငါ့ သာဝကတွေကိုသာ စွပ်စွဲကြတာ မဟုတ်ဘူး။ ငါ့ကိုလည်း စွပ်စွဲကြတာပဲ။ အဲဒါလည်း မကြာပါဘူး။ ဒေ၀ဒတ် . . . သစ္စာတရားဟာ ငါ့တပည့်သားတွေရဲ့ လက်နက်ပဲ။ ငါ့တပည့်သားတွေဟာ သင့်ရဲ့ အရှိန်သြဇာတွေ အထောက်အပံ့တွေ မလိုပါဘူး။ လူတွေ သစ္စာတရားကို သိနားလည်ကြလိမ့်မယ်။ ငါ့ရဲ့ ဒေသနာတော်ဟာ ဒီ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးက ဒုက္ခရောက်နေသူတွေ အတွက် အမြိုက်ရည် ဖြစ်လိမ့်မယ်။ ဘုရင်တွေ သူကြွယ်တွေ ငါ့အောက် ရောက်လာအောင် မဆွဲဆောင်ဘူး။ သူတို့ရဲ့ အကူအညီနဲ့ အမြိုက်မိုး ရွာအောင်လုပ်မှာ မဟုတ်ဘူး။ ဘုရင်တွေ သူကြွယ်တွေက ငါ့တရားတော်ကို လိုလိုလားလား ရှိကြတယ် ဆိုရင်တော့ သူတို့ကို တရားဟောရမယ်။ အဲဒါလည်း သူတို့ ကျေနပ်အောင် လုပ်ပေးပြီး သာသနာတော် ကြီးပွားအောင်လုပ်တာမျိုး မဟုတ်ဘူး။
ဒေ၀ဒတ် . . . သင်ကရော ဘယ်လို လုပ်မှာလဲ။ သင့်ဒကာတော် အဇာတသတ်ရဲ့ အကူအညီတွေ အထောက်အပံ့တွေ ခံယူပြီး ခတ္တိယမျိုးတွေ ဗြဟ္မဏမျိုးတွေပဲ ပါဝင်တဲ့ သံဃာမျိုးဆက်တစ်ခု ထူထောင်မလို့လား။ အဲဒီလို မျိုးဆက်သစ် ရဟန်းတွေကို ဦးဆောင်ဖို့ ကြိုးစားနေတာလား။”
“မဟုတ်ပါဘူး . . .။ အရှင်ဘုရား . . . မဟုတ်ပါဘူး။ တပည့်တော်ဟာ အရှင်ဘုရားရဲ့ တပည့်တစ်ပါးပါပဲ။ သာသနာတော် အကျိုးရှိမယ့် အကြောင်းအရာ ငါးမျိုး အရှင်ဘုရား ထံမှာ လျှောက်ထားတင်ပြဖို့ စိတ်ကူးရှိလို့ မနေ့ကပဲ ရာဇဂြိုဟ်က ထွက်လာခဲ့တာပါ။ အရှင်ဘုရားရဲ့ တပည့်သား သံဃာတွေဟာ မြို့တွေရွာတွေ အပေါ်မှာ တွယ်တာနေကြတဲ့အတွက် စည်းကမ်းသေ၀ပ်အောင် ဆုံးမရတာ ခက်နေပါတယ်။ အရှင်ဘုရား . . . ရဟန်းတွေ ရဟန်းမတွေ အားလုံး တောရဆောက်တည်ပြီး အရညကင်ဓုတင် ကျင့်သုံးရမယ်လို့ ၀ိနည်းပညတ်ဖို့ အကြံပြု လျှောက်ထားပါတယ်။ ရဟန်းတွေ ရဟန်းမတွေ အားလုံး ဆွမ်းခံကြွပြီး ပိဏ္ဍပါတ်ဓုတင် ကျင့်သုံးရမယ်လို့ ၀ိနည်းပညတ်ဖို့လည်း အကြံပြု လျှောက်ထားပါတယ်။ ရဟန်းတွေ ရဟန်းမတွေ အားလုံး စွန့်ပစ်ထားတဲ့ အ၀တ်စတွေကို သင်္ကန်းချုပ်ဝတ်ပြီး ပံသုကူဓုတင် ကျင့်သုံးရမယ်လို့ ၀ိနည်းပညတ်ဖို့လည်း အကြံပြု လျှောက်ထားပါတယ်။ ရဟန်းတွေ ရဟန်းမတွေ အားလုံး သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်းမှာ နေပြီး ရုက္ခမူဓုတင် ကျင့်သုံးရမယ်လို့ ၀ိနည်းပညတ်ဖို့လည်း အကြံပြု လျှောက်ထားပါတယ်။ ရဟန်းတွေ ရဟန်းမတွေ အားလုံး အသားငါး ရှောင်ကြဉ်ရမယ်၊ သက်သတ်လွတ် ဘုဉ်းပေးရမယ်လို့ ၀ိနည်းပညတ်ဖို့လည်း အကြံပြု လျှောက်ထားပါတယ်။ အရှင်ဘုရား . . . ဒီ ၀ိနည်း ဥပဒေတွေကို ပြဋ္ဌာန်းလိုက်ရင် သံဃာတွေအားလုံး စည်းကမ်းသေ၀ပ်သွားမှာပါ . . .။”
“ဒေ၀ဒတ် . . . သင် ရဟန်းပြုပြီး ကတည်းက ခုချိန်ထိ တောထဲမှာ တစ်ခါတောင် နေဖူးလို့လား။”
“အရှင်ဘုရား . . . မနေဖူးပါဘူး။”
“ဒါဆိုရင် ပံသုကူ သင်္ကန်းရော ၀တ်ဖူးသလား။”
“မ၀တ်ဖူးပါ ဘုရား။”
“အသားငါးရော ရှောင်ဖူးသလား။”
“မရှောင်းဖူးပါဘုရား။ ဒါပေမယ့် တပည့်တော် ရုက္ခမူဓုတင် ကျင့်ပါတယ်။ ဆွမ်းခံဝတ်လည်း ဖြည့်ပါတယ် . . .။”
“ဒေ၀ဒတ် . . . သင်ကိုယ်တိုင်က သင့်သက်တမ်း တစ်လျှောက်လုံးမှာ အခုပြောတဲ့ အကျင့်ငါးခုထဲက သုံးခုပြည့်အောင် တစ်ခါမှ မကျင့်သုံးဖူးသေးဘူး။ ငါ့ရဲ့ တပည့်သား သံဃာတွေ ဒီကျင့်ဝတ်ငါးခု ကျင့်သုံးရမယ်လို့ ပညတ်လိုက်ရင် တရားမျှတမှု ရှိပါ့လား။ စဉ်းစားကြည့်စမ်းပါဦး။”
“အရှင်ဘုရား . . . အရှင်ဘုရားသာ ဒီကျင့်ဝတ် ငါးခုကို ပညတ်ရင် တပည့်တော် လိုက်နာမှာပါ။”
“လူတွေအားလုံး ဒီကျင့်ဝတ်ငါးမျိုး ကျင့်သုံးကြပါစေ။ ငါ့တပည့် သာဝကတွေကို လူ့အဖွဲ့အစည်းကနေ သီးခြားဖြစ်နေအောင် ငါ မလုပ်ပါဘူး။ တစ်ခြားလူတွေ နေထိုင်ရှင်သန်ကြသလို ငါ့တပည့် သာဝကတွေလည်း နေထိုင်ရှင်သန်ကြရမှာပေါ့။”
“အရှင်ဘုရား . . . တပည်တော်ရဲ့ ကျင့်ဝတ်တွေကို သဘောတူ လက်ခံတဲ့ ရဟန်းတွေ အများကြီး ရှိပါတယ်။ သူတို့ကို တပည့်တော် စည်းရုံးမယ်။”
“ဒေ၀ဒတ် . . . ဘာ ရည်ရွယ်ချက်လဲ။ သံဃာကို မခွဲပါနဲ့။ သံဃာကို ခွဲလိုက်လို့ သင်လည်း အကျိုးမရှိဘူး။ သာသနာလည်း အကျိုးမရှိဘူး။ ပျက်စီးဖို့ပဲ ဖြစ်လိမ့်မယ်။”
ရှင်ဒေ၀ဒတ် ဘာမှ ဆက်မပြောတော့ပေ။ ဘုရားရှင်ကို ရှိခိုးပြီးနောက် ကောကာလိက ရဟန်းနှင့်အတူ ထွက်ခွာသွားလေ၏။
* * * * * * * * * *
ဃောသိတာရုံ ကျောင်းတိုက်အတွင်း၌ အုတ်အော်သောင်းနင်းမှုကြီး တစ်ခု ဖြစ်ပေါ်လာပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် ရုန်းရင်းဆန်ခတ်မှုကြီးပင် ဖြစ်၏။ ထိတ်စရာ ကောင်းလွန်းလှသည်ဖြစ်၍ သာမဏေ ရှင်ရာဟုလာသည် ဘုရားရှင်ထံသို့ ထိတ်ထိတ်ပြာပြာနှင့် ပြေးလာ၏။
“မြတ်စွာဘုရား . . .။ ဦးရီးတော် သောင်းကြမ်းနေပါတယ် . . .။ သင်္ကန်းကြီး ပင့်တင်ပြီး အော်ဟစ်နေပါတယ်ဘုရား။ သူ့နောက်က ပါလာတဲ့ ရဟန်းအုပ်စုကြီးကလည်း လက်သီးလက်ရုန်းတွေ တန်းပြီး အော်နေပါတယ် ဘုရား။ သူတို့က ရှင်သာရိပုတ္တရာ အရှင်မြတ်ကို ၀ိုင်းထားကြပါတယ် ဘုရား။ မြတ်စွာဘုရား . . .။ တပည့်တော် ကြောက်လွန်းလို့ ပြေးလာတာပါ ဘုရား”ဟု သာမဏေ ရှင်ရာဟုလာက ဘုရားရှင်ကို အမောတကော လျှောက်ထား၏။
“ရာဟုလာ . . . လူမိုက်တွေ နောင်တရကြလိမ့်အုံးမယ်။ သူတို့ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြဖို့က မလွယ်လှဘူး။ သူတို့ သွေဖည်နေကြတယ်။ အထင်မှားမှုနဲ့ လမ်းလွဲနေကြတယ်။ ဇာတ်တူတွေ စုမိနေကြတာပဲ။ သူတို့ကိုယ်သူတို့ အစွမ်းထက်လှပြီလို့ အထင်မှားပြီး လမ်းလွဲနေကြတာပဲ။ ရာဟုလာ . . . သူတို့ကို သွားရောက်ကယ်တင်ဖို့ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ကို ကယ်တင်ဖို့ ကြိုးစားလိုက်အုံးမယ်။”
ဘုရားရှင်သည် ပြောပြောဆိုဆိုနှင့် နေရာမှ ထတော်မူလိုက်၏။ ကိုယ်တော်၏ သဘာဝအတိုင်း တည်ငြိမ်ခန့်ငြားသည့် အမူအရာဖြင့် ရဟန်းများ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် ညီမူရာ ခန်းမဆောင်သို့ ကြွချီတော်မူ၏။ ရဟန်းတော်များ ငြိမ်သက်သွား၏။ စကားသံ တိုးတိုးမျှပင် မကြားရတော့ပေ။ ရဟန္တာအရှင်သူမြတ် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ကို ၀ိုင်းရံထားကြသည့် ရဟန်းများ ဘေးကပ်သွားကြ၏။
“ဒေ၀ဒတ် . . . . ပိုက်ကွန်ကို ၀ိုင်းဆွဲနေကြတဲ့ တံငါသည်တွေလို ဟစ်အော်နေကြတဲ့ ဒီလုပ်ရပ်က ဘာအဓိပ္ပာယ်လဲ။ သင့်ရဲ့ နောက်လိုက်နောက်ပါတွေ သင့်ကို လေးစားအားကျအောင် လုပ်ဖို့ စိတ်ကူးနဲ့ အခုလို အော်နေတာလား။ သင့်ကိုရော ငါ့တပည့်သား သံဃာတွေကိုပါ ဘယ်လိုမြင်ကြမယ်ဆိုတာ စဉ်းစားကြည့်စမ်းပါ။ ဒေ၀ဒတ် စည်းကမ်းသေ၀ပ်စမ်းပါ။ အခုလို ရုန်းရင်းဆန်ခတ် မလုပ်ပါနဲ့။ ဒီလို လုပ်ရပ်ကြောင့် သင်လည်း ကျဆုံးလိမ့်မယ်။ နောက်ပြီး အနေအထိုင် ကောင်းကြတဲ့ ငါ့ရဲ့ တပည့်သာဝကတွေကိုလည်း သိက္ခာကျစေတယ်။ ငါ့ရဲ့တပည့်တစ်ပါး အနေနဲ့ ငါးနှစ်လုံးလုံး သင် လေ့လာအားထုတ်ခဲ့တဲ့ စိတ်ယဉ်ကျေးဖို့ ကိုယ်ကျင့်ကောင်းဖို့ အကျင့်တရားတွေက ဘာတွေလဲ။ ဘာပဲဖြစ်ဖြစ် ငါကတော့ သင့်အပေါ်မှာ ကရုဏာတရား ဆက်လက် ထားရှိပါတယ်။ ဆန့်ကျင်ကွဲလွဲတဲ့ အမြင်ရှိတဲ့ ရဟန်းတစ်ပါး ဖြစ်နေပြီ ဆိုရင်လည်း ဆက်လုပ်နိုင်ပါတယ်။ သံဃာကွဲအောင် လုပ်တာဟာ ကြီးလေးတဲ့ ပြစ်မှုကြီးပဲ။ ၀ိမုတ္တိတရား ရှာဖွေဖို့ ငါ့ဆီကို သင် လာခဲ့တာပဲ။ ငါ့ဆီမှာ သင်လိုချင်တဲ့ ၀ိမုတ္တိ မရှိဘူးလို့ ထင်တယ်ဆိုရင် အေးအေးဆေးဆေး ထွက်သွားနိုင်ပါတယ်။”
“သွားမယ် ဘုရား . . .။ တပည့်တော် တစ်ပါးတည်း သွားမှာတော့ မဟုတ်ဘူး။ တပည့်တော်ကို လေးစားတဲ့၊ တပည့်တော်ကို သံယောဇဉ်ရှိတဲ့ ရဟန်းတွေ အများကြီး ရှိတယ်။ သူတို့နဲ့အတူ သွားမယ် . . .”ဟု ရှင်ဒေ၀ဒတ်က ဘုရားရှင်ကို မဆိုင်းမတွ ပြန်လည်လျှောက်ထား၏။
“ဒေ၀ဒတ် . . . သင်ဟာ ဒီလိုလုပ်ဖို့ တစ်ချိန်လုံး ကြိုးစားနေခဲ့တာပဲ။ ဆန္ဒရှိတဲ့သူတွေတိုင်း ငါ့ဆီ လာနိုင်သလို ငါ့ဆီက ထွက်ခွာကြမယ့် သူတွေလည်း လွတ်လွတ်လပ်လပ် ထွက်ခွာနိုင်ပါတယ်။”
“အရှင်ဘုရား . . . အရှင်ဘုရားရဲ့ တရားတော်တွေကို တပည့်တော် ရိုသေပါတယ်။ အရှင်ဘုရားကိုလည်း ရိုသေပါတယ်။ ဒါပေမယ့် အရှင်ဘုရားရဲ့ တပည့်သားသံဃာ အများစုကြီးကိုတော့ တပည့်တော် မရိုသေ မလေးစားနိုင်ဘူး။ တပည့်တော်တို့ ဒီမြို့မှာပဲ နေကြမယ်။ အရှင်ဘုရားရဲ့ အနီးအပါးမှာပဲ နေကြမယ်။ ဒါမှပဲ ဘုရင်တွေ သူကြွယ်တွေ နဲ့ ဒကာဒကာမတွေက တပည့်တော်တို့ဟာ အရှင်ဘုရားရဲ့ သံဃာအခွဲတစ်ခု ဖြစ်တယ်ဆိုတာ သိကြလိမ့်မယ်။ တပည့်တော်တို့ အခုပဲ ဒီမြို့နားက အေးချမ်းတဲ့ သီတ၀န တောအုပ်ကို သွားကြမယ်။ သစ်ပင်တွေ အောက်မှာနေပြီး ရုက္ခမူဓုတင် ကျင့်ကြမယ်။ ပံသုကူဓုတင် ကျင့်ကြမယ်။ ဆွမ်းခံဝတ်လည်း ဖြည့်ကြမယ်။”
“ဒေ၀ဒတ် . . . သင် ကြိုက်သလို လုပ်ပါ။ သင့်ရဲ့စိတ် စင်ကြယ်တယ်ဆိုရင် သင့်လုပ်ရပ်ရဲ့ အကျိုးဆက် ကောင်းပါလိမ့်မယ်။ သင့်ရဲ့စိတ်ဓာတ် မစင်ကြယ်ရင်တော့ အကျိုးရလဒ် ဆိုပါလိမ့်မယ်။”
:)
ရှင်အာစာရ
-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
No comments:
Post a Comment