Saturday, January 21, 2012

ဒုလ္လဘ-ပဋ္ဌာန်း သြ၀ါဒ (ဦးရာဇဓမ္မာဘိဝံသ)


ဆရာတော် (ဦးရာဇဓမ္မာဘိဝံသ)၏ ကျောင်းတိုက် (မန္တလေး မစိုးရိမ်တိုက်သစ်)သို့ စရောက်ရောက်ချင်း ဆရာတော်ကို ဖူးခွင့် မရခဲ့ပေ။ ထိုစဉ်က ဆရာတော်က ထောင်တွင်းသာသနာပြု ကြွတော်မူနေသောကြောင့် ဖြစ်သည်။ ဆရာတော်၏  ကျောင်းတိုက်၌ နှစ်နှစ် ပညာရင်နို့ သောက်စို့ခွင့် ရခဲ့သော်လည်း ဆရာတော်ပို့ချသည့် သီလက္ခန် စာဝါကို ၀ါတွင်းသုံးလသာ တက်ရောက်ခွင့် ရခဲ့သည်။ ဆရာတော် သာသနာပြုခရီးမှ ပြန်ကြွတော်မူလာပြီး မကြာခင်မှာပင် ဆရာတော့် ကျောင်းတိုက်မှ ထွက်ခွာခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ ထွက်ခွာခဲ့သည်မှာ ဆရာတော်၏ ထံတော်ပါး၌ မနေလိုသောကြောင့် မဟုတ်ပေ။ အဓိက အကြောင်းမှာ အုတ်အုတ်ကျက်ကျက် ဆူဆူညံညံ စာမကျက်တတ်သောကြောင့် ဖြစ်သည်။ ဆရာတော်၏ ကျောင်းတိုက်၌ စာသင်သားများ စုပေါင်း၍ စာကျက်ကြရသည်။ စာအံကျောင်းဟု ခေါ်၏။ ဆူ၏။ ထို စာအံကျောင်းသည် စာကျက်ပျင်းသည့် စာသင်သားတို့ စာကျက်ဖြစ်အောင် တွန်းအားပေးသော စနစ်တစ်ခု ဖြစ်ဟန်တူ၏။ အေးအေးဆေးဆေး စာကျက်တတ်သော စာသင်သားတို့နှင့် မသင့်တော်လှပေ။ ကျောင်းတိုက်၏ ပရိယတ္တိ ထုတ်ကုန်လုပ်ငန်း၌ ၀န်ထမ်းများ ကိုယ်ပိုင်အချိန် ရှားပါးလှသည်။ စုပေါင်း၍ စာကျက်ချိန်၊ စုပေါင်း၍ စာဝါတက်ချိန်တို့ ပြည့်နှက်နေ၏။ တအား မောင်းသည်။ သီးခြားလေ့လာချိန် အရယူရန် ခက်လှ၏။ သို့ဖြစ်၍ . . .။ ဆရာတော်နှင့် အ၀င်အထွက် တေ့လွဲလွဲခဲ့သည်။

-----

(22Jan12) ယနေ့နံနက် ဆရာတော်ကို ဖူးခွင့်ရလိုက်၏။ ခြေတော်အစုံကို ဦးတိုက်ခွင့် ရခဲ့သည်။ (စင်္ကာပူနိုင်ငံ၊ မင်္ဂလ၀ိဟာရ ကျောင်းတိုက်၌ ကျင်းပသည့်) စင်္ကာပူရောက် မြန်မာများ၏ အသင်းပေါင်းစုံ ဒုလ္လဘရဟန်းခံပွဲ နှင့် စင်္ကာပူအဘိဓမ္မာအသင်းကြီး၏ (ဒကာဒကာမများ၏၊ ဒုတိယအကြိမ်) အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဆရာတော် ကြွရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနား မစမီ ခဏ ဆရာတော်ကို ဦးချ၍ . . .

“အခု ဒီကျောင်းမှာ နေတာပါဘုရား။ သီတဂူ အောက်ထပ်မှာ နေခဲ့ဖူးပါတယ် ဘုရား။”

“ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ။”

“သုံးနှစ် ပြည့်တော့မှာပါ ဘုရား။”

“ကြာပြီပဲ။ သီတဂူမှာ ဘယ်တုန်းကတုန်း။ ဘယ်လောက် ကြာခဲ့တာလဲ။”

“နှစ်နှစ်ထဲပါ ဘုရား။ အဲဒီတုန်းက ဆရာတော် မရှိပါဘုရား။”

“မင်းက ခဏလေး နေခဲ့တာကိုးကွ။ ဇာတိက ဘယ်ကတုန်း။”

“ဒီပဲယင်းကပါ ဘုရား။”

“ပဋ္ဌာန်းက ဒုလ္လဘတွေ ရွတ်မှာလား။”

“ဒကာတွေ ရွတ်မှာပါ ဘုရား။ စင်္ကာပူအဘိဓမ္မာအသင်းဆိုတာ ရှိပါတယ် ဘုရား။ အဲဒီ အသင်းက ဒကာ ဒကာမတွေ ရွတ်မှာပါ ဘုရား။”

“အဘိဓမ္မာအသင်း . . .။ တယ်ဟုတ်ပါလား။ အဘိဓမ္မာသင်တန်းတွေဘာတွေ တက်လား။”

“အဘိဓမ္မာသင်တန်းတွေ ရှိပါတယ် ဘုရား။ အဘိဓမ္မာ စာမေးပွဲလည်း ဖြေကြပါတယ် ဘုရား။”

“ဘယ်စာမေးပွဲလဲ။”

“ရန်ကုန်က အဘိဓမ္မာ စာမေးပွဲပါ ဘုရား။”

“မေးခွန်းတွေ ဒီပို့ပေးတာလား။”

“အရင်နှစ်တွေကတော့ ဒီမှာ လေ့လာပြီး ဖြေတော့ ရန်ကုန်ပြန်ဖြေကြတာပါ ဘုရား။”

“ရန်ကုန်သွားဖြေဖို့ ဘယ်လွယ်မှာလဲကွ။”

“မှန်ပါ . . .။ အခုတော့ ဒီမှာ စာဖြေဌာန လျှောက်ထားပါတယ်ဘုရား။”

-----



ဆရာတော်သည် ပဋ္ဌာန်းဖွင့်ပွဲ အခမ်းအနား၌ ပဋ္ဌာန်းရွတ်ဖတ် နာယူကြမည့် ဒကာဒကာမများကို ရှစ်ပါးသီလ ချီးမြှင့်ပြီး သြ၀ါဒစကား မြွက်ကြားတော်မူခဲ့သည်။ ဒုလ္လဘ သံဃာများကိုလည်း ဆုံးမစကား မိန့်ကြားတော်မူခဲ့သည်။

ဒုလ္လဘ-ပဋ္ဌာန်း သြ၀ါဒ ကောက်နုတ်ချက် -

အဟံ ဘန္တေ ကိုယ့်ဟာကိုယ် ဆိုကြ။

-----

ငါက ဘာကို သြ၀ါဒ ပေးရမှာလဲ။ ဒုလ္လဘလား ပဋ္ဌာန်းလား။

(နှစ်ခုလုံးပါ ဘုရား . . . . .)

-----



ကဲ ဒုလ္လဘ ဦးဇင်းတွေ . . . တိုတိုလေး ပြောမယ် . . .။

“ကာမဘောဂါ၊
လူ့ချမ်းသာလည်း၊
ကင်းကွာဝေးစွ၊
သမဏ၏၊
သုခလည်းရှုံး၊
နှစ်ကျိုးဆုံးလျက်၊
ခေါင်းတုံးသာလျှင်၊
အဖတ်တင်ခဲ့”တဲ့။

မန်လည်ဆရာတော် ဘုရားကြီးက မဃဒေ၀လင်္ကာသစ်မှာ ရေးထားတာ ရှိတယ်။ အဲဒီလို ရေးထားတဲ့အတိုင်း မင်းတို့ ခေါင်းတုံး အဖတ်တင်ရုံ မဖြစ်ကြစေနဲ့။

ရတဲ့အချိန်လေး အတွင်းမှာ ကာမစည်းစိမ် မခံစားနိုင်ပေမယ့် သမဏသုခ ရအောင်နေ . . .။ ဗုဒ္ဓါနုဿတိပွားကြ။ ဂုဏ်တော်ပွားကြ။ ပုတီးစိတ်ကြ။

ရဟန်းဘ၀ သိက္ခာပုဒ်တွေက အများကြီး။ မင်းတို့ အကုန်သင်နေလို့ ပြီးမှာ မဟုတ်တော့ဘူး။ အာပတ်သင့်တယ်ဆိုတာ ကိုယ်ကြောင့်သင့်တာ ရှိတယ်။ နှုတ်ကြောင့်သင့်တာ ရှိတယ်။ စိတ်ကြံစည်မှုကြောင့်တော့ အာပတ်မသင့်ဘူး။ ကိုယ်နဲ့နှုတ်ကို စောင့်ထိန်းလိုက်ရင် သိက္ခာပုဒ်တွေ အကုန်ထိန်းပြီးသား ဖြစ်သွားတာပဲ။ ရဟန်းမှန်ရင် အာပတ်တော့ သင့်မှာပဲ။ ဇရပ်တွေမှာ မီးသွေးနဲ့ ဟိုရေးဒီရေး ရေးကြတာ ရှိတယ်မဟုတ်လား။ “မီးသွေးနဲ့ ဇရပ်၊ ရဟန်းနဲ့ အာပတ်”တဲ့။ ကင်းလို့ မရဘူး။ အာပတ်မသင့်ရင် ရဟန်းကို မဟုတ်ဘူး။ အကြီးစား အာပတ်တွေ မသင့်ရင် ရပြီ။ ဒါက ဒုလ္လဘ သြ၀ါဒ။

-----



ပဋ္ဌာန်းက အခု ဒုတိယအကြိမ် ရွတ်ကြမှာ။ ပဋ္ဌာန်းက ကျယ်တယ်။ မင်းတို့ ပစ္စယနိဒ္ဒေသမှာ “ဟေတုပစ္စယောတိ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ ဟေတုပစ္စယေန ပစ္စယော”လို့ ဘုရားဟောထားတာ ရှိတယ်။ “ဟေတူ”ဆိုတာ ဟိတ်ခြောက်ပါး။ ဟိတ်ခြောက်ပါးက စိတ် စေတသိက်တွေကို ကျေးဇူးပြုတာ။ ပစ္စယနိဒ္ဒေသမှာ ဟောထားတဲ့ “ဟေတူ”ဆိုတဲ့ စကားနှစ်လုံးကို ပဉှာဝါရကျတော့ “ကုသလော၊ အကုသလော၊ အဗျာကတော”လို့ စကားလုံး ဆယ့်တစ်လုံးနဲ့ အကျယ်ဟောတယ်။ သဘာဝ အရကောက်တော့ အဓိပ္ပာယ် အတူတူပဲ။

အဲဒီ ပဋ္ဌာန်းရဲ့ သဘောတရားကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ နာပါ။ အာရုံစူးစိုက်ပြီးတော့ ရွတ်ပါ။ အကျိုးရှိပါတယ်။ မင်းတို့ ဂျာမဏီက လာတဲ့အားဆေး ဂျာမဏီလို ရေးထားတဲ့ ဆေးညွှန်းကို မဖတ်တတ်ပေမယ့် အဲဒီ အားဆေးစားရင် အားရှိသလိုပဲ။ ပဋ္ဌာန်းရဲ့ သဘောတရားကို မသိပေမယ့် ရွတ်ရင် နာရင် အကျိုးရှိတယ်။ အဓိပ္ပာယ် နားလည်ရင်တော့ ပိုကောင်းတာပေါ့ကွာ။

ပရိတ်တို့ ပဋ္ဌာန်းတို့မှာ မမြင်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်ကွ။ မင်းတို့ ၀ိုင်ယာကြိုးထဲမှာ လျှပ်စီး ရှိတယ်။ အခု ဒီကြိုးကို ကိုင်ရင် ဓာတ်လိုက်ပါ့မလား။ မလိုက်ဘူး။ အဲဒါ ပလပ်စတစ်နဲ့ အုပ်ထားလို့။ လျှပ်ကာပေါ့ကွာ။ လျှပ်ကာကို ခွာပြီး အထဲက ကြေးကြိုးကို ကိုင်ရင် ဓာတ်လိုက်မယ်။ ဒါပေမယ့် လျှပ်စစ်ကို မင်းတို့ မြင်ရရဲ့လား။ ကြေးကြိုးပဲ မြင်ရတာ။ ပရိတ်တွေ ပဋ္ဌာန်းတွေမှာလည်း လျှပ်စီးလို မမြင်ရတဲ့ စွမ်းအားတွေ ရှိတယ်။ ကဲ ငါ့ရဲ့ သြ၀ါဒ ဒါပါပဲ။

(သာဓု၊ သာဓု၊ သာဓု)

-----

Comment:

:)
ရှင်အာစာရ

No comments:

Post a Comment