Saturday, January 14, 2012

သိမ်မွေ့သောလမ်း (၂)


အတွေ့အကြုံ နှင့် အရသာ

ဘာဝနာ ကမ္မဋ္ဌာန်းနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ နောက်တစ်ခု ရှိပါသေးတယ်။ ဖြစ်ပေါ်လာသမျှကို အပြည့်အဝ တွေ့ကြုံခံစားတတ်အောင် ဘာဝနာ ကမ္မဋ္ဌာန်းက ကူပံ့ပေးပါတယ်။ ဘုရားရှင်ရဲ့ ဒေသနာတော်တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ကြပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် ဗဟုသုတ ကြီးမားသူတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘာဝနာ ကမ္မဋ္ဌာန်း မစီးဖျန်းကြတဲ့အတွက် ရှင်တော်ဗုဒ္ဓရဲ့ တရားတော်နဲ့ ပတ်သက်လို့ ကိုယ်တွေ့ အတွေ့အကြုံတွေ မရှိကြပါဘူး။ ဒီလိုမျိုး ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဟင်းမျိုးစုံကိုသာ သိပြီး ဟင်းရဲ့ အရသာကို မခံစားဖူးကြသေးတဲ့ သူတွေနဲ့ တူနေပါတယ်။ ဘာဝနာ ကမ္မဋ္ဌာန်းက ကျွန်တော်တို့တတွေ ဓမ္မရသ ခံစားနိုင်အောင် ကူပံ့ပေးပါတယ်။ ဓမ္မရသကို ခံစားရတဲ့ အခါမှာ စိတ်ရဲ့ လွတ်မြောက်မှု ရသတစ်မျိုးကို ရရှိပါတယ်။ ဓမ္မရသကို ခံစားရတဲ့ အခါမှာ ကိုယ့်ဟာကိုယ် လွတ်မြောက်အောင် ဘယ်လို လုပ်နိုင်တယ်ဆိုတာ နားလည်ရပါတယ်။

မိမိသည်သာ ပဓာန

ဒါနဲ့ ဆက်စပ်တဲ့ နောက်တစ်ခု ရှိပါသေးတယ်။ ကိုယ့်ကိုယ်ကို လုံးလုံးလျားလျား အားကိုးတတ်လာအောင် ဘာဝနာအလုပ်က ကူညီပံ့ပိုးပေးပါတယ်။ တရားအားထုတ်တဲ့ အခါမှာ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို ကိုယ်တာဝန်ယူရတယ်လို့ နားလည်လာပါတယ်။ တစ်ခါတလေမှာ ကျွန်တော် တရားဘာဝနာကို ကိုယ့်ဟာကိုယ် အဓိပ္ပာယ် ဖွင့်ပါတယ်။ ကိုယ့်ကြောင့် မမာမကျန်း ဖြစ်ရတာကို ကုသဖို့ ကိုယ့်ဟာကိုယ်ပဲ ဆေးဝါးရှာဖွေတာ ဖြစ်တယ်လို့ ဖွင့်ပါတယ်။ မမာမကျန်းဖြစ်အာင် ကိုယ့်ဟာကိုယ် လုပ်တာပဲ။ ကိုယ့်ဟာကိုယ် ဆေးရှာရမှာပေါ့။ ဖျားတဲ့အခါ ကိုယ့်ဟာကိုယ် ဆေးကုချင်တယ်ဆိုရင် သူတစ်ပါးကို ဆေးစားခိုင်းလို့ မရပါဘူး။

ကိုယ့်အားကိုယ်ကိုးဖို့၊ ကိုယ့်လုံ့လကိုယ် အားထားဖို့ ဘုရားရှင်က အလေးအနက် မိန့်တော်မူခဲ့ပါတယ်။ ကိုယ်တိုင် စိုက်ထုတ်တဲ့ လုံ့လဟာ အကောင်းဆုံးသော လုံ့လဖြစ်တယ်လို့ ဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ ကိုယ်ပိုင်လုံ့လကို ထူထောင်နိုင်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်နိုင်အောင် လေ့လာသင်ယူရပါတယ်။ ကျေနပ် ပျော်ရွှင်စရာပါ။ ဒီလို ယုံကြည်နိုင်တဲ့ အခါမှာ ဆေးဝါးက တယ်ဟုတ်ပါလားလို့ ကိုယ်တိုင် သိရပါတယ်။ အဲဒီကနေပြီးတော့ ဆေးဝါးကို ပိုပြီး ယုံကြည်လာတာပေါ့။ သဒ္ဓါတရားတွေလည်း တိုးပွားလာတာပေါ့။ ဆေးဝါး တီထွင်ခဲ့သူကိုလည်း ပိုပြီးတော့ ယုံကြည်လာတာပေါ့။

ကဲ . . . အခု ဘာဝနာ ကမ္မဋ္ဌာန်းရဲ့ အကျိုးကျေးဇူး တစ်ချို့နဲ့ သဘောအဓိပ္ပာယ် နည်းနည်းပါးပါး ပြောပြလိုက်ပါပြီ။ ဘာဝနာ ကမ္မဋ္ဌာန်းရဲ့ အရေးပါပုံကိုလည်း ပြောလိုက်ပါပြီ။ ဘာကြောင့် တရားအားထုတ်သင့်သလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကြိုးစားတာပါ။ အခု ခဏ နားပါမယ်။ အခု ပြောခဲ့တာတွေနဲ့ ပတ်သက်လို့ မေးမြန်းစရာ ရှိမယ်ဆိုရင် ကျွန်တော်တို့ ဆွေးနွေးကြတာပေါ့။ မေးခွန်းတွေ မေးကြပါ။ ကလေးတွေကို ဘာဝနာကမ္မဋ္ဌာန်း သင်ပေးတဲ့အခါမှာ ကျွန်တော် ပြောလေ့ရှိပါတယ်။ ဘာဝနာ ကမ္မဋ္ဌာန်းဆိုတာ မေးခွန်းထုတ်ပြီး ကိုယ့်ဟာကိုယ် အဖြေရှာတာ ဖြစ်တယ်လို့ ပြောလေ့ရှိပါတယ်။ ဘာကြောင့် စိတ်ဆိုးရသလဲ၊ ဘာကြောင့် စိတ်လှုပ်ရှားရသလဲဆိုတဲ့ မေးခွန်းမျိုး မေးရတာပါ။ အဲဒီလို မေးခွန်းတွေထုတ်ပြီး အဖြေရှာဖို့အတွက် ဘာဝနာကမ္မဋ္ဌာန်းက စမ်းသပ်လေ့လာ အဖြေရှာတဲ့ လုပ်ငန်းစဉ်နဲ့ တူပါတယ်။ ဒါကြောင့် မေးခွန်းတွေ မေးကြစေချင်ပါတယ်။ ကျွန်တော်တို့ အဖြေ တွေ့ရှိနိုင်ပါတယ်။

အမေး-အဖြေ

ယောဂီ။   ။ “ညနေပိုင်း တရားအားထုတ်ချိန်ပြီးတော့ အိပ်ယာဝင်ပါတယ်။ ခေါင်းထဲမှာ တုန်ခါနေတာကို တွေ့ရပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ လာဆောင့်နေသလိုပါပဲ။ အဲဒါ ဘာဖြစ်တာလဲ။ ဘာလို့ အဲဒီလို ဖြစ်ရတာလဲ။”

ဆရာကြီး။   ။ “တရားအားထုတ်တဲ့ အခါမှာ ကျွန်တော်တို့ စိတ်ထဲမှာရော၊ ခန္ဓာကိုယ်ထဲမှာပါ ပုံမှန်မဟုတ်တာတွေ၊ ထူးခြားဆန်းကြယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာ၊ ဘာဝနာ ကမ္မဋ္ဌာန်းမှာ သိမှတ်ရမှာက . . . စိတ်ထဲမှာ ကိုယ်ထဲမှာ ဖြစ်နေသမျှကို သိမှတ်ရမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတာကို သိရုံလေး သိနေရုံပါပဲ။ ဖြစ်ပေါ်နေတာတွေကို အရှိအတိုင်း လက်ခံတတ်အောင် လေ့ကျင့်သင်ယူရပါတယ်။  မတုံ့ပြန်မိဖို့ လေ့ကျင့်သင်ယူရပါတယ်။ ဘာဝနာ ကမ္မဋ္ဌာန်းမှာ တွေ့ကြုံရမယ့် အဆင့်တွေ အမျိုးမျိုး ရှိတဲ့အထဲက အဆင့်တစ်ခုခုပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းကို လိုက်ရှာဖို့ မလိုအပ်လှပါဘူး။ ကျွန်တော် ခဏခဏ ပြောနေကျပါ။ တွေ့ကြုံရတာတွေနဲ့ အသားကျ ယဉ်ပါးအောင် နေလိုက်ဖို့ပါပဲ။ လေ့လာသိမှတ်စရာ အတွေ့အကြုံလို့ပဲ မြင်လိုက်ပါ။ ပြဿနာတွေ၊ အခက်အခဲတွေလို့ မမြင်လိုက်ပါနဲ့။

ဒါကြောင့် လုပ်ငန်းခွင် အတွင်းမှာ ဘာပဲ ဖြစ်လာဖြစ်လာပေါ့။ တခါတခါ မနှစ်သက်စရာ အတွေ့အကြုံ ဖြစ်ချင် ဖြစ်နေပါမယ်။ သိရုံပဲ သိနေလိုက်ပါလို့ ပြောချင်ပါတယ်။ အဲဒါဟာ ဝေဒနာပါပဲ။ ဖြစ်စမ်းပါစေ။ ဝေဒနာနဲ့ အသားကျ ယဉ်ပါးအောင် ကြိုးစားပါ။ ဝေဒနာ ချုပ်ဆုံးသွားမှာပါ။ ဆက်လက် အားထုတ််စေချင်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့ ဖြစ်မယ် ထင်ပါတယ်။ တစ်ရက်စခန်း လုပ်တဲ့အခါကျတော့ အခု ကြုံရတဲ့ ခေါင်းထဲက တုန်ခါမှု ဖြစ်သေးသလား၊ မဖြစ်တော့ဘူးလား စောင့်ကြည့်ကြတာပေါ့။”

ယောဂီ။   ။ “ဆရာကြီး ကလေးတွေကို တရားအားထုတ်နည်း သင်ပေးတယ်ဆိုတဲ့ အချက်ကို တော်တော်လေး စိတ်ဝင်စားမိပါတယ်။ ကလေးတွေကို ဘာဝနာကမ္မဋ္ဌာန်း သင်ပေးနည်း လိုချင်ပါတယ်။ ပထမဆုံး အနေနဲ့ ဘာဝနာ ကမ္မဋ္ဌာန်းရဲ့ သဘောသဘာဝကို ကလေးတွေ ဘယ်လို လက်ခံပါသလဲ၊ သူတို့ ဘယ်လို တရားထုတ်ကြသလဲ ဆိုတာကို သိချင်ပါတယ်။ ဒုတိယ မေးချင်တာက ဒီလိုပါ။ ဘာဝနာ ကမ္မဋ္ဌာန်းကို လေ့ကျင့်သင်ယူတဲ့ အခါမှာ မေးခွန်းတွေထုတ်ပြီး မေးခွန်းတွေကို ဖြေရတယ်လို့ ဆရာကြီး ပြောခဲ့ပါတယ်။ ကိုယ့်ဟာကိုယ် မေးခွန်းတွေ ထုတ်ပြီးတော့ ဘာလုပ်ကြမှာလဲ။”

ဆရာကြီး။   ။ “ပထမ မေးခွန်းက ကလေးတွေကို တရားသင်ပေးတဲ့အကြောင်း။ အတွေ့အကြုံက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကလေးတွေကို ဘာဝနာ ကမ္မဋ္ဌာန်း သင်ပေးရင်း ကလေးတွေဆီကနေ သင်ယူခဲ့ရတာတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့စိတ်က အလွန် ရိုးရှင်းပြီး အနှောင့်အယှက် အရှုပ်အထွေး မရှိလို့ပဲ။ ကလေးတွေကို တရားပြရတာနဲ့ လူကြီးတွေကို တရားပြရတာ နှစ်ခုရဲ့ ထူးခြားချက်ကို သိလိုက်ရတာဟာ ကျွန်တော့်အတွက် တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။  တစ်နည်းအားဖြင့် ပြောရရင် တရားအားထုတ်တယ် ဆိုတာဟာ “ကလေးစိတ်” ဖွံ့ဖြိုးအောင် လုပ်တာပါပဲ။ ရှုစရာတွေကို အခုမှ စတွေ့လိုက်ရသလို သဘောထားပြီး ရှုတတ်အောင် လုပ်ရပါတယ်။ စပ်စပ်စုစု စူးစမ်းတတ်အောင် လုပ်ရပါတယ်။ ကိုယ် ကိုယ်တိုင်လည်း တကယ့်ကို မှန်မှန်ကန်ကန် ရိုးရိုးသားသား ရှိနေရပါတယ်။ ဒါ့ကြောင့် ကလေးတွေနဲ့ အတူနေပြီး ကလေးတွေကို တရားပြရတာ တကယ့်ကို သဘောကျစရာ ကောင်းပါတယ်။

မေးတဲ့ မေးခွန်းကို ဖြေရရင် . . . ဘာဝနာ ကမ္မဋ္ဌာန်း အလုပ်လို့ ကလေးတွေကို ကျွန်တော် မပြောပါဘူး။ အသက်ရှူတမ်း ကစားကြမလားလို့ ကလေးတွေကို မေးပါတယ်။ အားလုံး သိကြတဲ့အတိုင်းပဲ။ ကလေးဆိုတာ ကစားချင်ကြတယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်က အသက်ရှူတမ်း ကစားကြဖို့ ပြောတာ။ ကစားပွဲ ကောင်းကောင်းတစ်ခု လုပ်ကြည့်ကြရအောင်လို့ ကျွန်တော် ပြောတာ။ ဒီ ကစားနည်းကတော့ . . . အခိုက်အတန့် တစ်ခုစီ တစ်ခုစီမှာ အသက်ရှုတာကို သတိထားမိကြသလားလို့ စ မေးလိုက်ပါတယ်။ တခါတခါ တူပုန်းတမ်း ကစားဖို့ ပြောပါတယ်။ လူဟာ အသက်ရှုမှုနဲ့အတူ ရှိတဲ့အခါ ရှိတယ်။ မရှိတဲ့အခါ မရှိဘူးလေ။ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ကစားလိုက်ကြရအောင်။ ဘယ်လိုနေမလဲ ကြည့်ကြရအောင်လို့ ပြောပါတယ်။ တကယ့်ကို အံ့သြစရာ ကောင်းတာပဲ။ ကလေးတွေဟာ ဆယ်မိနစ် ဆယ့်ငါးမိနစ် ငြိမ်ငြိမ်သက်သက် ထိုင်နိုင်ကြတယ်။ တရားထိုင်ရတာ ပျော်ကြတယ်။ ပြုံးလို့ ပျော်လို့။ မျက်နှာလေးတွေကလည်း ဖော်ဖော်ရွေရွေနဲ့။ လူကြီးတွေ တရားထိုင်တဲ့အခါမှာ တွေ့ရတတ်တဲ့ ကျွန်တော် မြင်နေကျ မျက်နှာထားမျိုးနဲ့ တစ်ခြားစီပဲ။ နားမလည်လို့ မေးစရာ ရှိကြသေးလား၊ ဘာပြဿနာ ရှိလဲ၊ ဘာအခက်အခဲ ရှိလဲလို့ မေးကြည့်တဲ့အခါ ပိုပြီးတော့တောင် အံ့သြရပါသေးတယ်။ အများစုက နားမလည်တာ မရှိဘူး၊ ပြဿနာတွေ အခက်အခဲတွေလည်း မရှိဘူးလို့ ဖြေကြပါတယ်။ ကိုယ့်စိတ်ကိုယ် ဘယ်လို ပြုမူလိုက်ကြတယ် ဆိုတာသိဖို့ လူကြီးတွေ စိတ်ဝင်တစား စူးစမ်းသင့်ကြပါတယ်။ မေးခွန်းထုတ်တာကို ကျွန်တော်တို့ အလေးအနက်ထားပြီး လုပ်ကြည့်သင့်ပါတယ်။ ဒါဟာ ဘာဝနာ ကမ္မဋ္ဌာန်းနဲ့ ဆက်စပ် ပတ်သက်နေပါတယ်။
ဟုတ်ပြီ။ ဒါက ပထမ မေးခွန်း။ ဒုတိယ မေးခွန်းက ဘာအကြောင်းလဲ။ ဘာတဲ့လဲ။”

ယောဂီ။   ။ “ကျွန်တော်တို့ မေးခွန်းတွေ ထုတ်ပြီး ဘာလုပ်ကြမှာလဲ။”

ဆရာကြီး။   ။ “သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ကြုံခဲ့တာကို ကြည့်ပါ။ အလောင်းတော် မင်းသားရဲ့ စိတ်ထဲမှာ ဘယ်လို မေးခွန်းတွေ ပေါ်လာခဲ့သလဲ။ မေးခွန်းတွေက ရိုးရိုးရှင်းရှင်းလေးတွေပဲ။ လူတွေ ဘာလို့ သေကြရသလဲ။ လူတွေ ဘာလို့ အိုကြရသလဲ။ လူတွေ ဘာလို့ နာကြရသလဲ။ လူတွေ ဘာဖြစ်လို့ ရဟန်းပြုကြသလဲ။ ဘာဖြစ်လို့ ဘိက္ခုနီ လုပ်ကြသလဲ။ သူကိုယ်တိုင် ထုတ်ခဲ့တဲ့ မေးခွန်းတွေရဲ့ အဖြေကို တွေ့သွားတော့ နောက်ဆုံး ဘုရား ဖြစ်တော်မူသွားတာပဲ။

နောက်ထပ် ဥပမာ တစ်ခု ထပ်ပေးမယ် . . .။ သိပ္ပံပညာရှင်ကြီး နျူတန်။ တော်တော့်ကို လေးနက်သိမ်မွေ့တဲ့ သိပ္ပံသီအိုရီ တစ်ခု ဖော်ထုတ်လိုက်နိုင်ဖို့ သူ ထုတ်ခဲ့တဲ့ မေးခွန်းက ရိုးရိုးရှင်းရှင်းလေးပဲ။ သိလား။ ပန်းသီးတွေ ဘာဖြစ်လို့ ကြွေကျရသလဲ . . .တဲ့။ မေးခွန်းက ရိုးရိုးလေးပဲ။ ဒီမေးခွန်းကနေ လေးနက်တဲ့ သိပ္ပံသီအိုရီ ထွက်လာတာပဲ။ တကယ့်ကို အရေးကြီးတဲ့ သိပ္ပံသီအိုရီပဲ။ ပါရမီရှင်ဆိုတာ ကလေးလို စူးစမ်းချင်တဲ့စိတ် မကုန်သေးတဲ့လူပဲ ဆိုတဲ့ စကား ရှိပါတယ်။ ဒီလို လှပတဲ့ အရည်အချင်း ကျွန်တော်တို့အားလုံး ကလေးတုန်းကတော့ ရှိခဲ့ကြပါတယ်။ လူကြီး ဖြစ်လာတော့ မေးခွန်းထုတ်တဲ့ သဘာဝ ပျောက်သွားတယ်။ ဒါကြောင့် ဘာဝနာ ကမ္မဋ္ဌာန်းနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထုတ်နိုင်ပါတယ်။ ဆိုပါစို့ . . . ငါ ဘာဖြစ်လို့ ဒေါသထွက်ရသလဲ။ ဒီလို မေးခွန်းထုတ်ပြီး အဖြေရှာတဲ့အခါ ဘယ်လို အဖြေရသလဲ။ ကဲ . . . လုပ်ပါ။ ခင်ဗျားတို့ရဲ့ အဖြေကို ကြားချင်ပါတယ်။”

ယောဂီ။   ။ “သူငယ်ချင်းကြောင့် ဒေါသထွက်ရတာပါ။”

ဆရာကြီး။   ။ “အမြဲတမ်း သူ့များကြောင့် ချည်းပဲ . . .။ ဟုတ်ပြီ . . . အဓိက အချက်က သူငယ်ချင်းက ကိုယ်ဖြစ်စေချင်တဲ့အတိုင်း လိုက်ဖြစ်မပေးလို့ပါ။ ဒီတော့ ရိုးရှင်းတဲ့ ဒီ မေးခွန်းကနေ အဖြေရလိုက်တယ်။ ပြဿနာက သူငယ်ချင်း မဟုတ်ပါဘူး။ ကိုယ့်သူငယ်ချင်း  ဘယ်လို ဖြစ်သင့်တယ်လို့ မျှော်လင့်ထားတဲ့ ကိုယ်ကိုယ်တိုင်က ပြဿနာကို ဖန်တီးတာပါ။ ဒါကြောင့် ဘာဝနာ ကမ္မဋ္ဌာန်းအကြောင်း ပြောရင်းနဲ့ စောစောက ကျွန်တော် ပြောခဲ့ပါတယ်။ ကိုယ့်ဒေါသ ကိုယ် တာဝန်ယူတတ်အောင် သင်ယူလေ့ကျင့်ရပါမယ်။ သူတစ်ပါးကို အပြစ်တင်တာတွေ ရပ်တန့်ပြီး ကိုယ့်ဟာကိုယ် တာဝန်ယူတတ်အောင် လေ့ကျင့်ရပါမယ်။ ”

ယောဂီ။   ။ “ခုလို အချိန်မှာ ကျွန်တော် အေးအေးဆေးဆေး ဖြစ်နေပါတယ်။ ဒါပေမယ့် သားသမီးတွေ ကျောင်းမှာ အမှတ်မကောင်းတဲ့ အခါမှာတော့ စိတ်တိုပါတယ်။ ကလေးတွေကို ချစ်ပေမယ့် စိတ်တိုတာပဲ။”

ဆရာကြီး။   ။ “အခုလို လက်တွေ့ကျတဲ့ မေးခွန်းမျိုးကို ကျွန်တော် သဘောကျတယ် . . .။ မိဘတိုင်း ဒါမျိုးနဲ့ အသားကျနေပြီ ထင်ပါတယ်။


:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment