Saturday, December 31, 2011

သိမ်မွေ့သောလမ်း (၁)

၁။   ဘာဝနာမိတ်ဆက်
      ပထမနေ့ - ဘာကြောင့် တရားအားထုတ်သင့်သလဲ
       (ဟောင်ကောင်၊ ၆ အောက်တိုဘာ ၁၉၉၇)

မျက်မှန်းတန်းမိပြီးသား မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ လူသစ်တွေ အများကြီးနဲ့ တွေ့ရတဲ့ အတွက်လည်း တကယ့်ကို ဝမ်းသာပါတယ်။ ကျွန်တော်တို့ ဘာကြောင့် တရားအားထုတ်သင့်သလဲ ဆိုတာကို ပြောဟောဖို့ ရည်ရွယ်ထားပါတယ်။ ပြီးရင် ဒီအကြောင်း ဆက်လက် ဆွေးနွေးကြတာပေါ့။ ဆွေးနွေးပြီးရင် တရားအားထုတ်ကြပါမယ်။ နောက်ဆုံး ဘုရားစာရွတ်ပြီး နိဂုံးချုပ်ပါမယ်။ ပါဠိလိုရော တရုတ်လိုရော ရွတ်ကြရအေင်။

ဟုတ်ပြီ။ မေးခွန်းက ဘာကြောင့် တရားအားထုတ်သင့်သလဲ။ ကမ္မဋ္ဌာန်းတရားမှာ အရေးကြီးတာက ဘာလဲ။ ဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ ဘာဖြစ်လို့ ကမ္မဋ္ဌာန်းတရားကို အလေးပေးထားတာလဲ။ ဒါတွေက အခု ဟောပြောမှာမယ့် အထဲက မေးခွန်းတစ်ချို့ပေါ့။

တရားအားထုတ်တယ်ဆိုတဲ့ စကား။ ကမ္မဋ္ဌာန်းတရား။ ဘာဝနာလို့လည်း ပါဠိလို ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ စိတ်ကို ပြုစုပျိုးထောင်တာပါပဲ။ စိတ်ဓာတ် ရင့်ကျင့်ဖွံ့ဖြိုးလာအောင် လုပ်တာပါပဲ။ စိတ်ကိုလေ့ကျင့်တာပါပဲ။ ဒါကြောင့် စိတ်ကိုပဲ အလေးပေးထားပါတယ်။ ဘုရားဟော ပါဠိတော်တွေကို ဖတ်တယ်ဆိုရင် လူ့စိတ်အကြောင်း ဟောကြားထားတဲ့ ဘုရားရှင်ရဲ့ သိမ်မွေ့နက်နဲတဲ့ ဒေသနာတော်တွေကို တအံ့တသြ တွေရပါလိမ့်မယ်။ ဒါတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ဝဝကျော်က ဘုရားရှင် ဟောတော်မူခဲ့တာဟာ အံ့သြစရာ ကောင်းပါတယ်။ တကယ်တော့ ခေတ်သစ် စိတ်ပညာရှင်တွေ စိတ်ကုဆရာဝန်တွေကတောင်မှ ဘုရားရှင်ရဲ့ လူ့စိတ်အကြောင်း ဟောကြားချက်တွေကို လှိုက်လှိုက်လှဲလှဲ လေးစားကြရပါတယ်။

စိတ်ကို သိမှတ်ခြင်း ပုံသွင်းခြင်း နှင့် လွတ်မြောက်စေခြင်း

ဘာဝနာ ကမ္မဋ္ဌာန်းအလုပ် ဆိုတာဟာ စိတ်ကို သိမှတ်ခြင်း၊ စိတ်ကို ပုံသွင်းခြင်း၊ စိတ်ကို လွတ်မြောက်စေခြင်း ဖြစ်တယ်လို့ စာရေးဆရာ တစ်ယောက်က ဆိုပါတယ်။ ကျွန်တော်လည်း အဲဒီလိုပဲ ပြောချင်ပါတယ်။ ဘာဝနာ ကမ္မဋ္ဌာန်း ဆိုတာဟာ စိတ်ကို သိမှတ်ခြင်း၊ စိတ်ကို ပုံသွင်းခြင်း၊ စိတ်ကို လွတ်မြောက်စေခြင်းပဲ ဖြစ်ပါတယ်။ ဟုတ်ပြီ။ စိတ်ကို သိတယ်ဆိုတာဟာ စိတ် ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို နားလည်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်စိတ်ကိုယ် မသိကြဘူးဆိုရင် စက်ရုပ်တွေလို ဖြစ်သွားကြမှာပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့စိတ် ဘယ်လုပ်အလုပ်လုပ်နေတယ် ဆိုတာကို သိဖို့၊ နားလည်ဖို့ တကယ့်ကို အရေးကြီးပါတယ်။

ကျွန်တော်တို့ စိတ်ကို သိပြီဆိုရင် စိတ်ကို ပုံသွင်းလို့ ရပါတယ်။ စိတ်ကို ပုံသွင်းတယ် ဆိုတာဟာ စိတ်အပေါ်မှာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကို ဖွံ့ဖြိုးအောင် လုပ်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ စွမ်းရည်ကို ဖွံ့ဖြိုးအောင် မလုပ်နိုင်ကြရင် ဘာဖြစ်မလဲ။ စိတ်ရဲ့ ကျေးကျွန်တွေ ဖြစ်သွားကြမှာပေါ့။ စိတ်ရဲ့ ကျေးကျွန်တွေ ဖြစ်သွားကြတဲ့အခါမှာ အတွေးတွေ၊ စိတ်ခံစားမှုတွေက ကျွန်တော်တို့ကို လွှမ်းမိုးထိန်းချုပ်ကြတာပေါ့။ အကျိုးဆက် အနေနဲ့ ကျွန်တော်တို့ ဒုက္ခပင်လယ်ဝေကြရတာပေါ့။ ဒါကြောင့် အရေးကြီးတာက စိတ်ကို ပုံသွင်းတတ်အောင် လေ့လာသင်ယူကြဖို့ ပါပဲ။ စိတ်ကို ပုံသွင်းတတ်အောင် လေ့လာသင်ယူတဲ့ အခါမှာ လွတ်မြောက်တဲ့ စိတ်ကို ရရှိပါတယ်။ ဒါကြောင့် ဘာဝနာ ကမ္မဋ္ဌာန်းမှာ အရေးကြီးတာက လွတ်မြောက်တဲ့စိတ် ရရှိအောင် လေ့လာသင်ယူကြခြင်းပဲ ဖြစ်ပါတယ်။ ပျော်ရွှင်တဲ့ စိတ်၊ ငြိမ်းချမ်းတဲ့ စိတ်၊ အကြင်နာတရား ပြည့်ဝတဲ့စိတ် ရရှိဖို့ ဖြစ်ပါတယ်။

ခန့်ကျန်းသောစိတ်

ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာအောင် လုပ်နေကြတာတွေကို ကြည့်စမ်းပါ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီ ခန္ဓာကြီးကို အစာရေစား ကျွေးမွေးကြတယ်။ သန့်ရှင်းအောင် လုပ်ပေးကြတယ်။ ဒီခန္ဓာကိုယ်ကြီး မကျန်းမမာဖြစ်တော့ ရောဂါကို ကုသဖို့ ဆရာဝန်နဲ့ တွေ့ရတယ်။ ဆေး စားရတယ်။ ခန္ဓာကိုယ် ကျန်းမာအောင် အများကြီး လုပ်နေကြတာပဲ။ မေးရအုံးမယ်။ စိတ်ဓာတ် ကျန်းမာအောင် ကျွန်တော်တို့ ဘာတွေများ လုပ်ကြသလဲ။ ဒီလို အလွန် အရေးကြီးတဲ့ မေးခွန်းမျိုး စဉ်းစားကြဖူးပါသလား။ ကျွန်တော်တို့စိတ် ရောဂါရအောင်၊ ကျွန်တော်တို့စိတ် မကျန်းမမာဖြစ်အောင် ဘာတွေက လုပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားကြဖို့ လိုပါတယ်။ မကျန်းမာတဲ့ လူ့စိတ်ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖျန်းတယ် ဆိုတာဟာ အဲဒါတွေကို သိအောင် လေ့လာတာ ဖြစ်ပါတယ်။ လုံးဝခန့်ကျန်းတဲ့ စိတ်ဓာတ် ရရှိအောင်လုပ်တာ ဖြစ်ပါတယ်။

လူ့စိတ် ရောဂါရအောင် လုပ်တာတွေထဲက တစ်ခုကို စဉ်းစားကြည့်ကြရအောင်။ စိတ်လှုပ်ရှားခံစားမှု ဆိုပါစို့။ ခံစားမှု တစ်ချို့ ကျွန်တော် ပြောမယ်။ ကျွန်တော်သိပါတယ် အားလုံးနဲ့ ရင်းနှီးပြီးသားပါ။ စိုးရိမ်မှု၊ စိတ်ဖိစီးမှု၊ ကြောက်လန့်မှု၊ စိတ်မလုံခြုံမှု၊ နောက်ပြီးတော့ ဝမ်းနည်းမှု။ အားလုံးနဲ့ ရင်းနှီးတဲ့ စိတ်ခံစားမှုတွေကို စာရင်းအရှည်ကြီး လုပ်လို့ရပါတယ်။ သူတို့က ကျွန်တော်တို့စိတ် ရောဂါရအောင် လုပ်တယ်ဆိုတာကို တစ်ခါတစ်ခါ သဘောမပေါက်တတ်ကြဘူး။ သူတို့ကြောင့် ကျွန်တော်တို့စိတ် ရောဂါရရတယ်ဆိုတာကို မသိကြရင် ရောဂါပြောက်ဖို့ ဆေး မရှာကြတဲ့အတွက် ကျွန်တော်တို့ စိတ်ရောဂါသည်တွေ ဆက်ဖြစ်နေကြရပါမယ်။ ဒီ စိတ်လှုပ်ရှား ခံစားမှုတွေအကြောင်း နောက်တော့ သီးသန့် ပြောပါအုံးမယ်။ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်တဲ့ နေရာမှာ ဘာဝနာ ကမ္မဋ္ဌာန်းက ဘယ်လို အထောက်အပံ့ပေးတယ် ဆိုတာကိုလည်း ပြောပါ့မယ်။ စိတ်ခံစားမှုတွေအကြောင်း ပြောတဲ့အခါ ခင်းများတို့ နိုင်ငံမှာ ဘယ်လို ခံစားမှုတွေက ခင်များတို့ကို အများဆုံး ဒုက္ခပေးတယ်ဆိုတဲ့ ခင်များတို့ဆီက မှတ်ချက်စကားကိုလည်း ကြားချင်ပါတယ်။ မလိုလားအပ်တဲ့ ဒီခံစားမှုတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းကြရမယ်ဆိုတာနဲ့ ပတ်သက်လို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ကျွန်တော် ပြောပါမယ်။ ဒီ ခံစားမှု အဆိုးတွေက လွတ်မြောက်နိုင်မယ့် နည်းလမ်းကိုလည်း ညွှန်ပြပါ့မယ်။

  (ဆက်ရန် . . . . .)

:)
ရှင်အာစာရ
၂၀၁၂-ခုနှစ်၊ နှစ်ဆန်းတစ်ရက်

Happy New Year!
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment