Sunday, December 25, 2011

Lovely - ချစ်ဖွယ်

နာမည်လေး လှလို့ ချစ်ဖွယ်လို့ ပြောတာပါ။ တကယ်က ဦးချစ်ဖွယ်ပါ။ ဦးချစ်ဖွယ် ဆိုပေမယ့် သူ့နာမည် အရင်းကိုတော့ သိပ်မခေါ်ကြပါဘူး။ ဦးချစ်ဖွယ်ကို ရွာနီးချုပ်စပ်က သိကြပါတယ်။ ဟိုရွာဒီရွာ အလှူပွဲရှိရှင် ပွဲကျအောင် ကတတ်လို့ မင်းသားကြီးလို့ ခေါ်ကြတာ များပါတယ်။ စိန်အောင်မင်း သီချင်းတွေ အဆိုများလို့ အောင်မင်းကြီးလို့ ခေါ်တဲ့လူက ခေါ်ကြပါတယ်။ တစ်ခြား သိပ်မထင်ရှားတဲ့ နာမည် တော်တော်များလည်း ရှိပါသေးတယ်။ သူ့နာမည်တွေ ထားလိုက်ပါတော့။ နာမည်က အရေးမကြီးပါဘူး။ လူက အဓိကပါ။ ဦးချစ်ဖွယ် ဦးချစ်ဖွယ်ပဲ ဆိုပါစို့။

တစ်မိပေါက် တစ်ယောက်ထွန်းလို့ ပြောရင် သရော်ရာ ရောက်ပါလိမ့်မယ်။ ဦးချစ်ဖွယ်ရဲ့ မျိုးဆက်ထဲမှာ အရူးမရှိပါဘူး။ သူ့ကျမှ ရူးနေရှာတာပါ။ သွက်သွက်ခါအောင် ရူးတာတော့ မဟုတ်ပါဘူး။ ရူးပေမယ့် သူက လူချစ်လူခင်တော့ တော်တော်များတယ်။ အရူးပါးလို့ ပြောရမယ် ထင်ပါတယ်။ သူ ပါးချင်မိရင် တော်တော်ပါးတဲ့ လူကြီးပါ။

ဦးချစ်ဖွယ် ပါးပုံ နည်းနည်း ပြောပြအုံးမယ်။ သူ့မှာ အမွေရထားတဲ့ လယ်လေးတစ်ကွက် ရှိပါတယ်။ သူများတွေ စပါးစိုက်တော့ သူလည်း စပါးစိုက်တာပေါ့။ ဒါပေမယ့် လယ်ပဲရှိတာမို့ နွားတွေ ထွန်တွေ ထယ်တွေတော့ အမျိုးတွေဆီက ငှားရတာပေါ့။ ကျန်တာတွေတော့ ဘယ်သူ့အကူအညီမှ ဦးချစ်ဖွယ်က လက်မခံဘူး။ သူ့ဟာသူ အကုန်လုပ်တယ်။ သူကိုယ်တိုင် လယ်ထွန်တယ်။ သူကိုယ်တိုင် ပျိုးနှုတ်တယ်။ သူကိုယ်တိုင် ကောက်စိုက်တယ်။ အကူခေါ်ရင် စပါးထွက်တော့ ဝေစုခွဲပေးရမှာမို့တဲ့။ စပါးစိုက်တဲ့အခါ အများ သိကြတဲ့ အတိုင်းပေါ့။ လယ်ထဲမှာ စပါးစေ့ တိုက်ရိုက် ကြဲချလိုက်တာ ရှိသလို စပါးမျိုးကို လယ်ကွက်သေးသေးမှာ သီးသန့်ပျိုးပြီး စပါးပင် ကြီးလာမှ နှုတ်ယူပြီး တစ်ခြားလယ်ကွက်ကြီးထဲ ပြန်စိုက်တာလည်း ရှိတယ်လေ။ ပျိုးပြီးမှ ပြန်စိုက်တာက တိုက်ရိုက်ကျဲလိုက်တာထက် ကောက်ပင်ပိုသန်ပါတယ်၊ စပါးလည်း အထွက်ပိုပါတယ်တဲ့။ စပါးပိုထွက်အောင် ဦးချစ်ဖွယ်က ဒုတိယနည်းကို သုံးပါတယ်။ စိုက်ခင်း လုပ်ပါတယ်။ ဒါက ဦးချစ်ဖွယ် ပါးပုံနိဒါန်းပါ။

စိုက်ခင်းလုပ်တယ် ဆိုပေမယ့် သူများလို ပျိုးခင်းရယ်လို့ မလုပ်ပါဘူး။ ပျိုးပင်ကို သူများ ပျိုးခင်းတွေထဲက ခိုးယူပါတယ်။ ခိုးတယ်လို့တော့ ပြောရခက်ပါတယ်။ သူ့ဟာသူ ပျိုးနှုတ်ယူတာပဲ။ ဘယ်သူသိသိ မသိသိ အရေးမစိုက်ဘူး။ ခိုးကြောင်ခိုးဝှက် လုပ်တာ မဟုတ်ဘူး။ ရှင်းတယ်။ သူက အလွန်အကျွံ လုပ်တာတော့ မဟုတ်ဘူး။ ပျိုးခင်းတစ်ခုတည်းက အများကြီး နှုတ်ယူလိုက်တာ မဟုတ်ဘဲ ဟိုပျိုးခင်းက ပျိုးတစ်စီး နှစ်စီး၊ ဒီပျိုးခင်းက ပျိုးတစ်စီး နှစ်စီး လိုက်နှုတ်တာ။ တစ်စီးစီ နှစ်စီးစီဆိုတော့ ပိုင်ရှင်တွေ သိသွားလည်း ပြဿနာ မရှိဘူးပေါ့။ ပိုင်ရှင်တွေလည်း သိတောင် မသိလိုက်ကြပါဘူး။ ဒါက ပါးပုံတစ်မျိုးပါ။

သိတာက နောက်မှ သိကြတာ။ ဦးချစ်ဖွယ် ပျိုးမထောင်ဘဲ ကောက်စိုက်တာဆိုတော့ ထူးတော့ထူးဆန်းနေတာပေါ့လေ။ ဒါပေမယ့် ဒီကိစ္စကို ဘယ်သူမှ စိတ်မ၀င်စားကြဘူး။ ကောက်ပင်က ၀ယ်လို့လည်း ရတာကိုး။ တောင်းလို့လည်း ရတာကိုး။ စပါး မှည့်ချိန်ရောက်တော့မှ အဖြစ်မှန်ကို သိသွားကြတာ။ ပျိုးခင်းလုပ်တယ် ဆိုတာက အထွက်တိုးဖို့တင် မဟုတ်ဘဲ စပါးသန့်အောင် လုပ်တာလည်း ပါတယ်လေ။ စပါးပျိုးရင် တစ်ခြားအပင်တွေ ပျိုးသလိုပေါ့။ မျိုးကောင်းမျိုးသန့်ကို ပျိုးရတာ။ မျိုးကောင်းတော့ အပင်သန်တာပေါ့။ မျိုးသန့်တော့ အပင် ညီတာပေါ့။ ဦးချစ်ဖွယ်ရဲ့ လယ်ခင်းကတော့ ဟိုပျိုးခင်း ဒီပျိုးခင်းက နည်းနည်းစီ နည်းနည်းစီ နှုတ်ယူပြီး စိုက်ခဲ့တာဆိုတော့ စပါးမျိုးတွေ အမျိုးမျိုး ပါနေတာပေါ့။ မျိုးကောင်းပေမယ့် မျိုးမှမသန့်တာ။ မျိုးမသန့်တော့ အပင်တွေ တစ်မျိုးစီ ဖြစ်ကုန်တာပေါ့။ အဲဒီကျမှ ဦးချစ်ဖွယ် ဘယ်လိုလုပ်ခဲ့တယ် ဆိုတာကို သဘောပေါက်ကြတာ။

ဦးချစ်ဖွယ်ရဲ့ လယ်ထဲမှာ စပါးပင်တွေက အမျိုးမျိုး။ သီးတဲ့အပင်က သီး။ ဖူးတဲ့အပင်က ဖူး။ ဖုံးတဲ့အပင်က ဖုံး။ လုံးတဲ့အပင်က လုံး။ မှည့်တဲ့အပင်က မှည့်။ ၀ါတဲ့အပင်က ၀ါ။ ညိုတဲ့အပင်က ညို။ စိမ်းတဲ့အပင်က စိမ်း။ ကောက်လျင်၊ ကောက်လတ်၊ ကောက်ကြီး၊ သက်နု၊ သက်ရင့် စပါးတွေ မျိုးစုံနေတာပဲ။ ကောက်ညှင်းရော၊ ငချိတ်ရော၊ မာကြူရီရော၊ မနောသုခရော၊ ရက်တစ်ရာရော။ ဘာတွေမှန်းကို ဦးချစ်ဖွယ် မသိတော့ဘူး။ ဒီလိုနဲ့ စပါးပင်တွေ အမျိုးမျိုး ဆန္ဒပြနေကြတာနဲ့ ဦးချစ်ဖွယ်ကြီး စပါးမရိပ်လိုက်ရဘူး။ လူပါး ပုလင်းကွဲရှတယ်ဆိုတာ ဒါမျိုးထင်ပါတယ်။


:)
ရှင်အာစာရ
-----

Comment:
မျိုးရိုးမရှိလည်း ရူးတတ်တယ်။
မျိုးကောင်းမှ။ သန့်လည်းသန့်မှ။
နည်းနည်းစီ ယူတယ်ဆိုပေမယ့် . . .။
အလာကားရတိုင်း မကောင်းဘူး။
အရူးမို့ အများက နားလည်ခွင့်လွှတ်နိုင်ပေမယ့် . . .။
သတိ။ ရှတတ်သည်။

No comments:

Post a Comment