Sunday, December 18, 2011

နားနေတော်မူဟန်

နားနားနေနေ။ ဆိုပေမယ့် ခရီးတော့ ပန်းတာပေါ့။ ဒီဇင်ဘာ (၅)ရက်က စခဲ့တာ။ ရှစ်ညမြောက်တုန်းက မန္တလေးမှာ။


အဘိဓမ္မတ္ထသင်္ဂဟပါဌ် နိဿယကျမ်းကြောင့် ဗားကရာဆိုတဲ့ နာမည်ကို သိခဲ့ရတာပါ။ ဗားကရာနိဿယ။ ဗားကရာဆရာတော် ရေးသားတဲ့ အဘိဓမ္မတ္ထသင်္ဂဟပါဌ် နိဿယ။ (မှတ်မှတ်သားသား မရှိလို့ ကောင်းကောင်းမမှတ်မိတော့။ ဖတ်ဖူးခဲ့တာလား ကြားဖူးခဲ့တာလားလည်း မသိတော့။ ဗားကရာဆရာတော်ဆိုတာ ဆရာတော် ဦးဗုဓ်လား။ အင်းဝကနေ အမရပူရ ထီးနန်းပြောင်းလာတော့ အင်းဝက မယ်နုအုတ်ကျောင်းမှာ သီတင်းသုံးခဲ့တဲ့ မင်းဆရာတော် ဦးဗုဓ်ကိုပါ ပင့်ခဲ့တာလား။) စစ်ကိုင်းကနေ မန္တလေးကို ကားနဲ့သွားရင် ကာလမ်းမရဲ့ ညာဘက် (အရှေ့ဘက်)မှာ မဟာဝေယံဘုံသာ ဗားကရာကျောင်းတော်ကို တွေ့ရပါတယ်။ ကျောင်းတိုက်က အမရပူရမြို့ထဲ ပါပါတယ်။ မန္တလေးအသွား အမရပူရကို ကားဖြတ်တိုင်း ကားပေါ်ကနေ မြင်နေကျပါ။ ကျောင်းတိုက်ထဲ ၀င်ကြည့်ချင်တာ ကြာပါပြီ။ ခုမှ ၀င်ကြည့်ဖြစ်ပါတော့တယ်။ ရောက်မယ့်ရောက်တော့ နှစ်ခေါက်။ မအားတဲ့ကြားက လိုက်ပို့ကြတာဆိုတော့ အားတော့ နာတာပေါ့။

လိုက်ပို့ချင်ကြလွန်းလို့။ မန္တလေးဝင်တိုင်း မြင်နေကျဖြစ်တဲ့ ဗားကရာကျောင်းကို သတိရမိတာနဲ့။ နီးနီးလို့ ထင်တာ။ ဘုရားကြီး တောင်ဘက်မှာ။ တကယ်သွားတော့ ဘုရားကြီးကနေ နာရီဝက် မိနစ်နှစ်ဆယ်လောက် ကားမောင်းရသေးတယ်။ ဖြစ်ချင်တော့ ပထမတစ်ရက်မှာ မှောင်မှ ကျောင်းထဲ ရောက်တာမို့။ လမ်းလည်း ကြုံနေလို့။ နောက်နေ့မနက် တစ်ခါထပ်သွားလိုက်တယ်။

ကျောင်းက သိပ်မထူးပါဘူး။ ရှေးဟောင်းကျောင်း။ မင်းကျောင်းမို့ ဖြစ်မယ်။ နန်းဆန်တယ်။ သာမန်ကျောင်းထက်တော့ ခမ်းနားတယ်။ နန့်ရှေ့က ရွှေကျောင်းကြီးထက် ကြီးတယ်။ ရွှေကျောင်းကြီးလိုတော့ လက်ရာတွေ အနုမစိတ်ဘူး ထင်တယ်။ ပင်မကျောင်းဆောင် ဘုရားခန်းကို သော့ခတ်ထားတာ။ ဖွင့်ပေးပါတယ်။ ၀င်ဖူးပြီးတာနဲ့ ပြန်ပိတ်သွားတယ်။ အထဲထဲ ၀င်ကြည့်နေတုန်းမှာ ပိတ်မယ့်လူက ပြန်ပိတ်ဖို့ အပေါက်ဝက စောင့်နေတာ။ ၀င်ကြေးက ကလေး (၁၀၀ိ)၊ လူကြီး (၂၀၀ိ)ဆိုပေမယ့် မယူလိုက်ပါဘူး။ ဆရာတော် ရေးသားခဲ့တဲ့ ပေမူကျမ်းစာတွေကို ၀င်ဖူးဖို့တော့ သော့ဖွင့်မပေးပါဘူး။ ဘယ်သူမှလည်း ဖူးချင်ကြဟန် မတူပါဘူး။ လူသူအရောက်အပေါက်နည်းတဲ့ နေရာ ဆိုတော့လည်း။ ရှေးဟောင်းမော်ကွန်း ကျောင်းတိုက်ကြီးထဲ ဆိုပေမယ့်လည်း။ အတွဲတစ်တွဲ ညုညုကျူကျူ လုပ်နေတာမြင်လို့ အနှောင့်မယှက် မဖြစ်အောင် ကွင်းလိုက်ရသေးတယ်။

ဘုရားခန်းထဲက ဆင်းတုတော်တစ်ဆူကို ဖူးလိုက်ရတော့ ပါဠိတော်တွေထဲ မကြာခဏ တွေ့ရတဲ့ “ပဋိသလ္လာန၀ုဋ္ဌိတော”ဆိုတဲ့ စကားကို သတိရမိတယ်။ ဒီစကားကို ထောက်ပြီး ဘုရားရှင် နေ့သန့်စင်တော်မူလေ့ရှိတယ်၊ နေ့မှာ ခဏတာ အနားယူတော်မူလေ့ရှိတယ်လို့ မှန်းဆရပါတယ်။ ဘုရားရှင် ဘယ်လိုဘယ်ပုံ နားနားနေနေ နေတော်မူတယ် ဆိုတာကိုတော့ မမှန်းဆနိုင်ပါဘူး။ လျောင်းစက်တာလား။ သမာပတ် ၀င်းစားတာလား။ ဘယ်လိုလဲ။

အေဒီ ၁၈-၁၉ ရာစုက ထုလုပ်ခဲ့တယ်ဆိုတဲ့ ဒီဆင်းတုတော်ရဲ့ ကိုယ်နေဟန်က ထူးခြားပါတယ်။ “ပဋိသလ္လာန၀ုဋ္ဌိတော”ကို ရည်ညွှန်းတာများလား။ မင်းနေမင်းဟန်လား။ ခြေချင်းချိတ်ယှက်ပြီး တင်ပလ္လင်ခွေ ထိုင်နေတော်မူပုံပါ။ ဘယ်လက်တော်ကို တင်ပလ္လင်ခွေပေါ် သက်တောင့်သက်သာ ချထားပါတယ်။ ညာလက်တော်ကို နောက်ပစ်ပြီး တံတောင်ဆစ်နဲ့ နောက်ကို ထောက်မှီထားပါတယ်။ ခန့်ခန့်ငြားငြား အေးအေးသက်သာ အနားယူနေတဲ့ မင်းဧရာဇ် တစ်ပါးနှင့် တူပါတယ်။ သင်္ကန်းဝတ်ရုံထားတာနဲ့ ဦးခေါင်းတော်က ဆံတော် နားရွက်တော်တို့ကြောင့်သာ ဘုရားဆင်းတုလို့ သိသာတာပါ။


နောက်တစ်ဆူကတော့ ယသောဓရာ ခြေတော်ဦးခိုက် ရှိခိုးဖို့ ထိုင်ပေးတော်မူခဲ့တယ် ဆိုတာကို ရည်ရွယ်တာ ထင်ပါတယ်။


နားလိုက်ပါဦးမယ်။


:)
ရှင်အာစာရ
14Dec11

No comments:

Post a Comment