Sunday, December 18, 2011

ဆိုတော့ကာ . . . အ၀ှာ စာစီစာကုံး



“ကြက်သည် ငှက်အမျိုးအစား၌ ပါဝင်သည်။ ကြက်၌ ခြေနှစ်ချောင်း၊ နှုတ်သီးနှင့် အမွေးအတောင်များ ပါရှိသည်။ ကြက်သည် အခြားငှက်များကဲ့သို့ မြင့်မြင့်နှင့် ဝေးဝေးလံလံ မပျံသန်းနိုင်ပါ။ ကြက်သည် . . .”

“ကြက်အကြောင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး။ အာပူအောင် ကျက်ခဲ့ရတဲ့စာကို အပြည့်အစုံ မမှတ်မိနိုင်တော့။ အဲဒီတုန်းက ဆရာမက ရှေ့ကနေ ပါးစပ်နဲ့တိုင်ပေးတဲ့ စာစီစာကုံးကို နောက်ကနေ လိုက်ပြီး ရေးရတာ။ ဗလာစာရွက် လေးမျက်နှာလောက် ရှိတဲ့ စာစီစာကုံးကို လိုက်ရေးပြီးသွားတော့ ဆရာမက အမိန့်ထုတ်တယ်။ ဒီစာစီစာကုံးကို နောက်နေ့ကျရင် တစ်ယောက်ချင်း အလွတ်ပြန်ပြရမယ်တဲ့။ “ဆရာမ . . . စာတွေက အများကြီးပဲ”လို့ တစ်ယောက်က စောဒကတက်တော့ “ကြက်အကြောင်း မင်းတို့ သိနေတာပဲ။ ဘာမှ မခက်ဘူး။ ရအောင်ကျက်ခဲ့။ ဒါပဲ”တဲ့။ ရအောင်ကျက်ခဲ့ ဒါပဲလို့ ဆိုပေမယ့် ဆရာမရဲ့ အမိန့် သိပ်ပြီး မပြင်းထန်လှတာကို မှတ်မိသေးတယ်။ ရယ်ကျဲကျဲနဲ့ရယ်။ တော်တော်တည်တဲ့ အပျိုးကြီး ဆရာမကြီးရဲ့ အမိန့်က အပြုံးတစ်ဝက်နဲ့။ စာကျက်ဖို့ အမိန့်ပေးရင်း ဆရာမကြီး ဘာဖြစ်လို့ ပြုံးတယ်မသိ။ ကျောင်းသားတွေကို စာစီစာကုံး မသင်တတ်လို့ ရေးပြီးသား စာစီစာကုံးကို ကူးရေးခိုင်းပြီး အကျက်ခိုင်းရတာမို့ သူ့ဟာသူ ရှက်လို့ ပြုံးတာလား မသိ။ ရှက်စရာလို့ ထင်သလား မထင်ဘူးလား မသိဘူး။ စာတွေများလို့ စာကျက်ရမယ့် ကျောင်းသားတွေကို အားနာလို့၊ သနားလို့ နှစ်သိမ့်တဲ့ အနေနဲ့၊ ချော့ပြီး စာကျက်ခိုင်းတဲ့ အနေနဲ့ ပြုံးလိုက်တာလား မသိ။ ဘာဖြစ်လို့ ပြုံးတယ်ဆိုတာကို ဆရာမကလွဲလို့ ဘယ်သူ သိမှာလဲ။ ဆရာမရော သိရဲ့လား။

နောက်တစ်ပုဒ်က “ခါနွေဆန်း”။ စာစီစာကုံး ခေါင်းစဉ်ကိုက ခပ်ဆန်းဆန်း။ ခေါင်းစဉ် ဘာကိုဆိုလိုမှန်း ချက်ချင်း မသိ။ “ကြက်အကြောင်း”ဆိုတာကတော့ ရှင်းတယ်။ ကြက်အကြောင်းဆိုတာ ကြက်အကြောင်းပဲ။ ဒါကျတော့ တစ်မျိုး။ ခေါင်းစဉ်ကိုက အတွန့်လေးနဲ့။ နွေဦးကာလကို ဆိုလိုမှန်း နောက်မှ ပြန်စဉ်းစားမိတာ။ စာစီစာကုံးထဲမှာ ရေးထားတာတွေကလည်း သိပ်မရှင်း။ ကြက်အကြောင်းတုန်းကလို ဖတ်လိုက်တာနဲ့ ရှင်းမသွား။ ဝေ့လည်ကြောင်ပတ် တော်တော်နိုင်တယ်။ စာစီစာကုံး စတာကိုက ကြည့်အုံး။
“ဆောင်းရတု မြောက်လေပြန်ကို တော်လှန်ကာ ဆော်သွမ်းသွေးလာသော လေပွေလေရူးကလေးများသည် ခါနွေဆန်း၏ ရှေ့တော်ပြေးပင် ဖြစ်ပါသည်”တဲ့။
 မြန်မာစာ ဆိုပေမယ့် မတွေ့ဖူးသေးတဲ့ စကားလုံးတွေ ပါတယ်။ ကျက်ရမယ်ဆိုလို့ ကျက်ခဲ့ရတဲ့ ဒီစာလည်း မေ့တာပဲ။ ဘယ်စာစီစာကုံးကို ဘယ်သူက အကြာကြီး အလွတ်ရထားနိုင်မှာလဲ။ သူများတွေ စာစီစာကုံး ကျက်မှ ကျက်ကြရဲ့လား မသိဘူး။ စာစီစာကုံး ကျက်ကောင်းသလား၊ မကျက်ကောင်းဘူးလား အတိအကျတော့ မသိဘူး။

မူလတန်းပြီးတဲ့အထိ စာရယ်လို့ မရေးရ။ စာရယ်လို့ မရေးတတ်။ မူလတန်းမှာ စာတွေ အလွတ်ကျက်။ စာတွေကျက်ပြီး ဆရာမရှေ့မှာ အလွတ် ပြန်ပြ။ စာမေးပွဲဖြေတော့ ကျက်ထားတာတွေကို ပြန်ချရေး။ ဒီလိုနဲ့ လေးတန်းအောင်တော့ ကျောင်းပြီးခဲ့တာမို့ ကျောင်းကပေးတဲ့ အခြေခံ ပညာရေးနဲ့သာ ဆိုရင်တော့ စာရေးတတ်ဖို့ မလွယ်။

ကျောင်းမှာတုန်းက တွေးတတ်ရေးတတ်အောင် လေ့ကျင့်ခဲ့ရတယ် ဆိုရင်တောင်မှ စာရေးဖို့က လွယ်တာမဟုတ်ဘူး။ ဟုတ်တိပတ်တိ စာတစ်ပုဒ် ဖြစ်လာဖို့ တော်တော်ခက်တယ်။ စေတနာ။ ၀ါသနာ။ အလေ့အလာ။ ခံစားတတ်ဖို့။ မြင်တတ်ဖို့။ ပြန်ပြောတတ်ဖို့။ ပြန်ပြောချင်ဖို့။ ပြေပြစ်ဖို့။ ဆီလျော်ဖို့။ တကယ် မလွယ်တာ။

ငယ်ငယ်က ကျောင်းမှာ မလေ့ကျင့်ခဲ့ရဘဲနဲ့ ပေါက်မြောက်လာတဲ့ ဆရာကြီးတွေလည်း ရှိတော့ ရှိတာပေါ့။ အဲဒီလို ဆေးစက်ကျရာ အရုပ်ထင်တဲ့ ဆရာကြီးတွေ ဆိုရင်တော့ ရေးတိုင်း စာဖြစ်တာပေါ့။ စာရေးရတာ လွယ်တာပေါ့။ ဒါတောင်မှ သူတို့ရေးတဲ့ စာတိုင်းကို လူတိုင်းကြိုက်ဖို့တော့ မဖြစ်နိုင်ဘူး။ ဘယ်သူဘယ်ဝါ ဘယ်ဆရာကြီး ရေးတယ်ဆိုလို့သာ အသိအမှတ် ပြုလိုက်ရပေမယ့် ဟုတ်တိပတ်တိ မဟုတ်တဲ့ စာတွေလည်း ရှိတာပဲ။ ဆရာကြီးတွေလည်း လွယ်လှတာတော့ မဟုတ်။

မယ်မယ်ရရ စာတစ်ပုဒ် ဖြစ်လာဖို့ မလွယ်ဘူးသာ ပြောရတယ် ရေးတတ်လို့ ရေးမယ်ဆိုရင်တော့ ရေးစရာတွေချည်းပဲ။ ရွာနဲ့ ရွာတွေ။ ရွာကလူတွေ။ ဖွဲ့မလား။ ဖဲ့မလား။ စုန်မှာလား။ ဆန်မှာလား။ သရော်ချင်သလား။ ကလော်ချင်သလား။ သဘာဝ။ ရှုခင်း။ ပတ်ဝန်းကျင်။ ကျေးငှက်။ ကလေး။ ခွေး။ လက်ခံ။ ငြင်းဆန်။ သမားရိုးကျ မရိုးနိုင်တဲ့ အမေ။ အမေ့ရုပ်ပုံ။ အမေ့မေတ္တာ။ အမေကဗျာ။ တော်ရုံတန်ရုံ ဆိုရင်ကို ဖတ်လို့ရလောက်တဲ့ အမေစာတွေ။  စပါးတွေ ပေါတဲ့အကြောင်း။ ပဲတွေ ပေါတဲ့အကြောင်း။ ပဲဈေး စပါးဈေးတွေ ပေါတဲ့အကြောင်း။  နတ်တော် လပြည့်ည လငပုပ်ဖမ်းတဲ့အကြောင်း ထည့်ရေးလို့တောင် ရသေး။ တိတ်ဆိတ်အေးချမ်း သာယာတဲ့ လပြည့်ညလို့ ဆိုမလား။ ချောက်ချားစရာလို့ ပြောမလား။ ပျင်းချင်ပျင်း။ ပျော်ချင်ပျော်။ လုပ်တတ်ရင်တော့ လုပ်ချင်သလိုလုပ်။ ရေးစရာတွေ များပေမယ့် ရေးဖို့ မလွယ်တာ။

အကျင့်ပါနေတာက။ စာရွက်ပေါ်မှာ မင်တံနဲ့ ခဲတံနဲ့ မရေးတာ ကြာလို့။ Formဖြည့်တဲ့အခါ လက်မှတ်ထိုးတဲ့အခါတွေလောက်သာ။ MS Wordမှာ Zawgyiနဲ့ ရေးတော့ ပြင်ရတာ လွယ်တယ်။ သိမ်းရတာ လွယ်တယ်။ ဒါဆိုလည်း ရင်ခွင်ပိုက်ကွန်ပျူတာ ပါသားပဲဆိုတော့။ ဘက်ထရီလည်း မကုန်ခင်က ပြန်သွင်းပေးထားတာပဲဆိုတော့။ Onlineမှာရေးပြီး Save draftလုပ်ထားလို့လည်း ရတာပဲဆိုတော့။ ကိုင်ချင်တဲ့အချိန် ကိုင်လို့ရအောင် ရွာအင်တာနက်ဆိုင်က စက်တစ်လုံး အလွတ်ထားပေးထားတယ်ဆိုတော့။ အကြာကြီး ထိုင်နေတော့လည်း မဟုတ်သေးဘူး ဆိုတော့။ စာရေးဖို့ ပြင်နေရင်း ဝေ့လည်ကြောင်ပတ်နဲ့ ဆင်ခြေလိုက်ရှာတော့။ ဆိုတော့ကာ . . . အ၀ှါ။

:)
ရှင်အာစာရ
11Dec11
Happy Birthday

No comments:

Post a Comment