Monday, December 19, 2011

Ear - နားရွက်

တရွေ့ရွေ့ ရွေ့နေတဲ့ ယိုယွင်းမှု အရွေ့တွေကို နာလွန်းလို့ နားခိုရာ ရှာနေရင်း ရွာထိပ်က နေကြာခင်းထဲအရောက် နားရွက်တစ်ခု ကောက်ရခဲ့တယ်။ ယာတောက ပြန်လာချိန်မှာ မေမေ ထမင်းချက်နေတုန်းပဲ ရှိသေးတယ်။
                        
စာမတတ်တဲ့ မေမေက ဆောင်းရာသီရောက်တိုင်း အအေးမိနေကျ။  နှပ်တရှုပ်ရှုပ်နဲ့ အလုပ်ရှုပ်နေတဲ့ မေမေက မီဖိုးချောင်ထဲက ထွက်လာရင်း မေးတယ်။

“လက်ထဲက ဘာပုလင်းလဲ။”

ဘာမှ ပြန်မပြောဘဲ နေကြာခင်းထဲက ကောက်တွေ့ခဲ့တဲ့ ပုလင်းကို မေမေ့လက်ထဲ ထည့်ပေးလိုက်တယ်။ မေမေက ပုလင်းကို ခဏပဲ ကြည့်ပြီး ပြန်ပေးတယ်။ နားရွက်ပါတဲ့ ပုလင်းကို မေမေ စိတ်မ၀င်စားဘူး။ ပြန်လှည့်သွားပြီး မိသားစုအတွက် မနက်စာ ဆက်ချက်နေတယ်။

ညီမလေး ဇာခြည်ဦး မေမေနဲ့အတူ ကြက်သွန်ဖြူ အခွံသင်နေတယ်။ ညီမလေးက လာကြည့်ချင်ပုံရတယ်။ ဒါပေမယ့် လာမကြည့်ဘူး။ ဘာလို့လဲတော့ မသိဘူး။

မူလတန်းပညာရေးတောင် မပြီးဆုံးခဲ့ဘဲ စာကြမ်းပိုး ဖြစ်လာခဲ့တဲ့ မမမူကတော့ ထုံးစံအတိုင်း စာအုပ် လက်ကြားညှပ်နဲ့။ အနားလာပြီး ဖန်ဗူးထဲ စူးစိုက်ကြည့်ရင်း အတည်ပေါက်ကြီး ကောက်ချက်ချတယ်။

“မင့်ဟာ . . . နားရွက်။ ဗန်ဂိုးရဲ့ နားရွက် ဖြစ်နိုင်တယ်။”

သားထောက်သမီးခံ မရှိတဲ့ မုဆိုးမ မမမူက လောကကြီးကို သိပ်ပြီး စိတ်ဝင်စားတာ မဟုတ်ဘူး။ သူ့ဟာသူ အေးအေးဆေးဆေး နေတာ။ ဘယ်လို ပြဿနာကိုမှလည်း မမမူ မမှုဘူး။ မမမူရဲ့ သီအိုရီက ပြဿနာတိုင်းမှာ အဖြေရှိတယ်။ စိတ်ကူးယဉ်တာကို အနုပညာလို့ မမမူ သတ်မှတ်တယ်။ သူ အနုပညာရှင် မဖြစ်နိုင်တာကိုတော့ သူ နည်းနည်းလေးမှ စိတ်ကသိကအောက် မဖြစ်ဘူး။ သူက တော်တော်လေးတော့ စိတ်ကူး ယဉ်တတ်တယ်။

နားရွက် ကောက်ရခဲ့တယ်ဆိုတဲ့သတင်း ကြားကြတဲ့ အိမ်နီးနားချင်းတွေ ဆယ့်ငါးယောက်လောက် လာကြည့်ကြတယ်။ တော်တော်များများက မမမူရဲ့ ကောက်ချက်ကို လက်ခံကြတယ်။ နားရွက်ဆိုတာကို ယုံကြတယ်။ တစ်ချို့ကတော့ နားရွက်မဖြစ်နိုင်ဘူးတဲ့။ ဗန်ဂိုးဆိုတာကိုတော့ သူတို့ သိကြဟန် မတူဘူး။ ရွာမှာ ဗန်ဂိုးအကြောင်း သိတဲ့သူ ရှားတယ်။ လက်ချိုးရေလို့ ရတယ်။ ရွာဦးကျောင်း ဆရာတော်။ ဦးဇင်း ဦးဝိစိတ္တ။ ကိုရင်ကြီး ဦးသြသဓ။ ကျောင်းဆရာကြီး ဦးဖိုးကျား။ ရွာဆော်ကြီး ဦးသိန်းစိန်။ မမမူ။ မမြမှီ။ မြေတိုင်းစာရေး ကိုဂျွန်ပေါ။ ဆရာမလေး အေးသီတာ။

ဖေဖေနဲ့ ကိုကိုတို့ လယ်တောက ပြန်လာကြပြီ။ ကောက်လှိုင်းလှည်းကြီးနဲ့။ ကိုကိုက နွားတွေကို ကောက်လှိုင်းလှည်းကနေ ဖြုတ်ပြီး နွားစားကျင်းမှာ တတ်တယ်။ နွားစာကို နှမ်းဖတ်ပုပ်ရည် ဖျန်းပေးတယ်။ ဖေဖေကတော့ လှည်းပေါ်က ဆင်းတာနဲ့ ရုံးစုရုံးစု ဖြစ်နေတဲ့ နေရာ ရောက်လာပြီး ခဏ အကဲခတ် ကြည့်တယ်။ အခြေအနေကို ခြုံပြီး နားလည်လိုက်တဲ့ အခါမှာ ဘယ်သူ့ကိုမှ သီးသန့် မရည်ရွယ်ဘဲ လေသံအေးအေးနဲ့ မေးလိုက်တယ်။

“နားရွက်က ဘယ်ဘက်လား ညာဘက်လား။”

ဘယ်သူမှ မဖြေကြဘူး။ ကာယကံရှင် ကိုယ်တိုင်လည်း နားရွက်ကိုသာ စိတ်ဝင်စားနေတာ။ ဘယ်လားညာလား မစဉ်းစားမိဘူး။ ဖန်ဗူးလေးနဲ့ ထည့်ထားတာမို့ စိတ်ဝင်စားလို့သာ ကောက်ယူခဲ့တာ။ အစက နားရွက်ရယ်လို့တောင် သိခဲ့တာ မဟုတ်ဘူး။ မမမူ ပြောလို့သာ နားရွက်လို့ လက်ခံထားတာ။ ဘယ်နားရွက်လား ညာနားရွက်လား မမမူကို မေးမယ်လုပ်တော့ မမမူက ရေခပ်ထွက်သွားပြီ။ နားရွက် ဘယ်လားညာလား စဉ်းစားနေကြချိန်မှာ ဖေဖေနဲ့ ကိုကိုကို မေမေက သတိပေးတယ်။

“ကဲ ရေသွားချိုးကြ။ ထမင်းကျက်ပြီ။”

နားရွက် လာကြည့်ကြတဲ့ အိမ်နီးချင်းတွေ တဖြုတ်ဖြုတ်နဲ့ ပြန်သွားကြတယ်။ ဖေဖေနဲ့ ကိုကိုတို့ ရေချိုးထွက်သွားကြပြီ။ ရေခပ်သွားတဲ့ မမမူ ပြန်မလာသေးဘူး။ မေမေနဲ့ ညီမလေးတို့ ထမင်းပွဲပြင်ဖို့ ဇွန်းတွေ ပန်းကန်တွေ ပန်းကန်ပြားတွေ ဆေးနေကြတယ်။ ထမင်း စားချင်စိတ် မရှိသေးဘူး။ နားရွက်ကိုပဲ စိတ်ဝင်စားနေမိတယ်။ နွားတွေကတော့ နားရွက်တွေ စွင့်ထောင်လို့။ လှမ်းမျှော်ကြည့်နေကြတယ်။ နွားစားကျင်းထဲမှာ နွားစာ ကုန်လောက်ပြီ။


:)
ရှင်အာစာရ
21Dec11

No comments:

Post a Comment