Wednesday, December 21, 2011

မင့်တက်ရှဲလိုက်

Blogကဲ့သို့သော အင်တာနက် စာမျက်နှာများ၌ ဖြစ်၏။ အထူးသဖြင့် Facebook၌ ဖြစ်သည်။

COMMENT -
ရေးတင်လိုက်သော စာကို ဖတ်၍ မှတ်ချက်ပေးကြသည်။ ၎င်းကို အင်္ဂလိပ်လို commentဟု ခေါ်ကြသည်။ မြန်မာလို မင့်ဟု အတိုကောက် ခေါ်ကြသည်လည်း ရှိ၏။ ထို့သို့ မင့်ကြရာ၌ အကောင်းဘက်မှ ရေးကြမင့်ကြသည်သာ များသည်ကို သတိထားမိ၏။ အထူးအထွေ မှတ်ချက်မပေးဘဲ နှစ်သက်မိရာ စာပိုဒ်ကို ကူးယူ၍လည်း မင့်တတ်ကြ၏။ ဆန့်ကျင်ဘက် မင့်ချက်များကိုလည်း မကြာခဏ တွေ့ရတတ်၏။ ဆန့်ကျင်ခြင်းကို အပြစ်မဆိုသာပေ။ ကျဉ်းကျဉ်းမြောင်းမြောင်း ဆန့်ကျင်မှု၊ ရိုင်းရိုင်းပျပျ ထိုးနှက်မှုများလည်း မကြာမကြာ တွေ့ရတတ်သည်။ လုပ်ခွင့်ရှိသော်လည်း မလုပ်သင့်ပေ။ ဆန့်ကျင်သည်ဖြစ်စေ ထောက်ခံသည်ဖြစ်စေ ရေးသူဖတ်သူတို့ အကျိုးရှိရန် အပြုသဘောဆောင်သင့်၏။ အစွဲကင်းကင်းနှင့် မင့်သင့်သည်။

ရံခါ၌ စာတစ်ပုဒ်တည်းကိုပင် မှတ်ချက်ပေးသည့် မင့်ပေါင်း နှစ်ဆယ်သုံးဆယ် လေးငါးခြောက်ဆယ် ရှိသည်ကို တွေ့ရတတ်၏။ မင့်အရေအတွက်ကို ကြည့်၍ စိတ်ဝင်စားသူ များလှသည်ဟု ထင်ရသော်လည်း အခါခပ်သိမ်း ထင်သည့်အတိုင်း မဟုတ်တတ်ပြန်ပေ။ ခေါက်သိမ်းထားသည့် မင့်ချက်များကို ဖြေကြည့်လိုက်သောအခါ စာနှင့်မင့် တစ်ခြားစီ ဖြစ်နေသည်ကို အကြိမ်များစွာ တွေ့ရဖူးသည်။ ရေးတင်လိုက်သော စာနှင့် ဘာမှ မဆိုင်တော့ဘဲ မင့်ကြသူ နှစ်ယောက် သို့မဟုတ် သုံးယောက်တို့၏ အပြန်အလှန် စကားပြောခန်းဖြစ်နေတတ်၏။ ရံခါ၌ ရေးသူနှင့် မင့်သူ နှစ်ဦးသားတို့၏ စာကိုယ်နှင့် ဝေးသွားသော စကားပြောခန်း ဖြစ်နေတတ်၏။ ပြောခွင့် ရှိ၏။ မသင့်ပေ။

TAG -
Facebookသို့ ရောက်ခါစက တအံ့တသြ အထင်ကြီးခဲ့ရဖူးသည်။ စည်လှပါလား၊ အောင်မြင်လှပါလားဟု အံ့သြရ၏။ စာတစ်ပုဒ်ကို စုပြုံဝိုင်းအုံ၍ အားပေးထားသည်ကို ကြည့်၍ အံ့သြရ၏။ စာရေးသူကို အထင်ကြီးရ၏။ မှတ်ချက်ရေးသူ များလှသည်၊ ကြိုက်နှစ်သက်သူ များလှသည်၊ တိတ်တိတ်ဖတ်သွားသူ မည်မျှ ရှိမည်နည်းဟု တွေး၍ အထင်ကြီးချင်စရာပင် မဟုတ်ပါလော။

အားကျသဖြင့် စာရေး၍ တင်လိုက်သည်။ ဖတ်သူရှိဟန်မတူပေ။ မသိခြင်းကြောင့် ဖြစ်မည်။ နောက်မှ သိရသည်။ ရေး၍ တင်လျှင် TAGနိုင်မှ ဖတ်ကြသည်။ စာအောက်ခြေရှိ Tags:      နေရာ၌ မိတ်ဆွေနာမည်များ ထည့်ပါမှ မိတ်ဆွေများက စာကိုသိ၍ ဖတ်ကြသည်။ မှတ်ချက်ရေးကြသည်။ ကြိုက်ကြောင်း ကြေငြာကြသည်။ ရေးရင် တက်လိုက်ပါအုံးဟု ပြောသည်များလည်း ရှိ၏။ တက်နေကျ မတက်မိလျှင် စိတ်ခုတတ်သည်လည်း ရှိ၏။ သတိမူစရာ။

ကြာလာတော့ ချင့်ချိန်ရပြန်သည်။ ရေး၍ တက်လိုက်လျှင် မိတ်ဆွေ၏ ဘက်သို့ စာရောက်သွားသည်ဖြစ်ရာ ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ။ ဖတ်ချင်းမှန်းမသိ၊ မဖတ်ချင်းမှန်းမသိ။ ဆင်ခြင်စရာပင်။ ဘာသာရေးစာ၊ နိုင်ငံရေးစာ စသည်ဖြင့် စာအမျိုးမျိုး ရှိလေရာ ရေးသူနှင့် ဖတ်သူတို့ လိုင်းတူမှ ဖတ်သူက ဖတ်ချင်လိမ့်မည်။ လိုင်းတူမတူလည်း သိရန်မလွယ်ပေ။ ဆက်ဆံကြည့်မှ သိနိုင်မည်။ အရမ်းမတက်သင့်ပေ။

SHARE -
ဖတ်မိသော စာ၊ ကြည့်မိသော ဓာတ်ပုံ၊ ခံစားမိသော ဗီဒိယိုတို့ကို မိတ်ဆွေများနှင့် မျှဝေကြ၏။ Shareလုပ်ကြသည်။ တစ်ခုခုကို လူအမြောက်အများက ၀ိုင်း၍ ရှဲတတ်ကြ၏။ လူအမြောက်အများက ကြိုက်သည်ဟု ဆိုနိုင်၏။ သို့သော် အခါခပ်သိမ်း ထိုအဆို မမှန်ပေ။ ရှဲဦးရေကို ကြည့်၍ အကြိုက်များသည်ဟု မဆိုနိုင်ပေ။ ကြိုက်သူတစ်ယောက်တည်းက အမြောက်အများ လိုက်၍ ရှဲတတ်၏။ အလွန့်အလွန် ကြိုက်လှဟန် တူသည်။ မိတ်ဆွေများစွာတို့ကို ခံစားကြစေလိုဟန် တူသည်။ မည်သို့ဆိုစေ ရှဲခြင်းမှာ ကြီးလေးသော အပြစ်မဟုတ်ပေ။

LIKE -
တစ်ခုခုကို ကြိုက်နှစ်သက်လျှင် likeကိုနှိပ်၍ ကြိုက်ကြောင်း ကြေငြာကြ၏။ ရေးသူကို အားတက်စေသည်။ သို့သော် လိုက်လုပ်ထားသူ အရေအတွက်နှင့် ကြိုက်နှစ်သက်သူ အရေအတွက် တူညီသည်ဟု မဆိုနိုင်ပေ။ လိုက်လုပ်လိုက်တိုင်း ကြိုက်သည် မဟုတ်နိုင်ပေ။ လာတက်ထား၍၊ လာရှဲထားသည်ကို တွေ့ရ၍ တက်သူရှဲသူတို့ ကျေနပ်အောင် လိုက်လုပ်လိုက်သည်လည်း ရှိနိုင်၏။ ကြိုက်နှစ်သက်ခြင်းမှ တစ်ပါး တစ်ပါးပါးသော အကြောင်းကြောင့် လိုက်လုပ်လိုက်သည်များ ရှိနိုင်သည်။ စာမဖတ်ဘဲ လိုက်လုပ်လို့လည်း ရပေသည်။ မည်သို့ဆိုစေ လိုက်လုပ်ခြင်းမှာ အပြစ်မရှိပေ။


:)
ရှင်အာစာရ
21Dec11

No comments:

Post a Comment