Thursday, December 22, 2011

သူတောင်းစား (၁)

ကျဉ်းဖွင့်
တောင်းစားသူကို သူတောင်းစားဟု ခေါ်၏။ ဆုတောင်းစားဟုလည်း ခေါ်၏။ ပေးကမ်းသူကို ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပေးသောကြောင့် ဖြစ်မည်။

အလင်္ကာ
ပက်ပက်စက်စက် ယုတ်ယုတ်မာမာ မဆဲရေး မတိုင်းထွာလိုသူတို့သည် အမြင်ကပ်သူကို သူတောင်းစားဟု ကဗျာဆန်ဆန် ဆဲကြ၏။ ခွေးသူတောင်းစားဟုလည်း ဆဲကြသည်။ ငါကိုင်တုတ်ခြင်းထက် များစွာ ယဉ်ကျေး၏။ ယုတ်မာရိုင်းပြသည့် ဂါမ္မဒေါသမှ လွတ်မြောက်သော ဆဲရေးနည်း ဖြစ်၏။ ဂုဏ်အလင်္ကာ တစ်ခုခု မြောက်နိုင်သည်။ မည့်သည့်ဂုဏ် မည်သည့်အလင်္ကာမြောက်ကြောင်း သုဗောဓာလင်္ကာရမည်သော ကဗျုပဒေသ ရှေးဟောင်းကျမ်းနှင့် ညှိနိုင်၏။ (ဤနေရာ၌ မညှိအားတော့ပါ။)

ဘဝ
တောင်းရမ်းစားသောက်သူ သူတောင်းစား စစ်စစ်တို့သည် တောင်းရမ်း၍သာ အသက်မွေးကြ၏။ သားစဉ်မြေးဆက် တောင်းစားသည့် မျိုးဆက် (အနည်းဆုံး မြန်မာနိုင်ငံ) နေရာအနှံ့အပြား၌ ရှိ၏။ မျိုးရိုးလိုက်သော သူတောင်းစားတို့သည် မတောင်းရလျှင် မနေနိုင်ဟုဆို၏။ အိမ်နှင့်ယာနှင့် ရွှေတွဲလွဲ ငွေတွဲလွဲ နေနိုင်သော်လည်း တောင်းရမှ နေသာထိုင်သာ ရှိသည်ဟုဆို၏။ မတောင်းဘဲနေလျှင် ယားသည် ဆို၏။ သို့ဖြစ်၍ တစ်လတစ်ခါ ရွာစဉ်လှည့်ကာ တောင်းရမ်းကြကြောင်း ငယ်စဉ်က မှတ်သားဖူးသည်။ ဟုတ်မှန်ခဲ့လျှင် ထူးဆန်းသည်။

သူတောင်းစား ဘ၀နှင့် စပ်လျဉ်း၍ ကလေးသူငယ်တို့ကို အဓမ္မဖမ်းကာ သူတောင်းစား အလုပ်ခိုင်းသည်ဟု ကြားဖူး၏။ လူကုန်ကူးသူတို့က ကလေးများကို ၀ယ်ယူ၍ နေ့ထွက်ကိုက်အောင် တောင်းရမ်းခိုင်းသည်ဟု ကြားဖူးသည်။ ယုတ်မာလှ၏။

ဘန်းစကား
မသဒ္ဓါရေစာ မဖြစ်မနေ ပေးလိုက်ရသည့် အမှုကိစ္စတို့၌ အတင်းအဓမ္မ တောင်းရမ်းသူ အာဏာရှင်များကိုလည်း သူတောင်းစားဟု သမုတ်ကြ၏။ ဗန်းစကားဟု ဆိုနိုင်မည် ထင်သည်။ ၎င်းတို့ကား အထက်က ဆိုခဲ့ပြီးသော သူတောင်းစားများကဲ့သို့ မဟုတ်။ အတင်းအဓမ္မ ထက်တန်းကျသော အတုသာ ဖြစ်ချေ၏။ သူတောင်းစား စစ်စစ်တို့ကို ကဲ့ရဲ့လျှင် ၎င်းတို့ကို အထူး ကဲ့ရဲ့သင့်သည်။

ဘုန်းကြီးကျောင်းသား
ငယ်စဉ်က အစိုးရ စာသင်ကျောင်းတက်သည့် ကလေးများနှင့် ဘုန်းကြီးကျောင်းသားတို့ စကားစစ်ထိုး လှောင်ပြောင်သရော်ကြပုံများကို သတိရမိသည်။

တန်းကျောင်းသားတို့က အထူးသဖြင့် တန်းကျောင်းသူတို့က ဘုန်းကြီးကျောင်းသား(များ)ကို မြင်လျှင်မြင်ချင်း “ဘုန်းကြီးကျောင်းသား သူတောင်းစား ခွက်စုတ်ပါရဲ့လား”ဟု ဆိုကြသည်။ (သူတောင်းစားကို ဒဒေါင်းဇားဟု အသံထွက်ကြသည်။) ဘုန်းကြီးကျောင်းသားများ ဆွမ်းတော်ဗျို့ ဟစ်၍ ဆွမ်းခံသည်ကို ရည်ရွယ်၏။  ဘုန်းကြီးကျောင်းသားတို့ကလည်း အညံ့မခံဘဲ “ဘုန်းကြီးကျောင်းက ကြာဇံချက်၊ ဆရာမကျောင်းက (ဖာ)ခံထွက်”ဟု ပြန်ဆိုကြ၏။ မဆီမဆိုင်နှင့် ကြမ်းတမ်းလှ၏။

ဤစကားနှင့် စပ်လျဉ်း၍ ဘုန်းကြီးကျောင်းနှင့် အတန်းကျောင်းတို့ တစောင်စောင် ဖြစ်နေပုံကို ပြန်လည်သုံးသပ်မိသည်။ ထိုစဉ်က အတန်းကျောင်းများ ပေါ်လာသည်ကို ဘုန်းတော်ကြီးတစ်ချို့  (တစ်နည်းအားဖြင့် တော်တော်များများ)က မနှစ်သက်ကြပေ။ ဤအဆိုသည် အနည်းဆုံး ရင်းရဲရွာ အနီးတစ်ဝိုက်၌ မှန်ကန်၏။ အတန်းကျောင်းများ ပေါ်လာ၍ ကလေးများ ဘုရားတရားနှင့် ဝေးတော့မည်ဟု စိုးရိမ်သံဖြင့် အပြစ်ဆိုကြ၏။ တစ်ဘက်သတ် အပြစ်ပုံချခြင်းဟု ထင်မိသည်။ ကလေးများ အတန်းကျောင်းတက်ကြ၍ ဘုရားတရားနှင့် ဝေးမည်ဆိုသည်မှာ ဟုတ်သလောက် ဟုတ်၏။ သို့သော် စနစ်ကို အပြစ်မဆိုသင့်ပေ။ ခေတ်၏ တောင်းဆိုမှုကို မငြင်းဆန်နိုင်။ ခေတ်က အတန်းကျောင်းများ လိုအပ်လာ၏။ ကလေးများ တန်းကျောင်းတက်ကြသော်လည်း ဘုရားတရားနှင့် မဝေးအောင် ဘုန်းတော်ကြီးများ ဆောင်ရွက်နိုင်၏။ ခရစ်ယန်ကဲ့သို့သော အခြားဘာသာများကဲ့သို့ ကျောင်းပိတ်ရက်များ၌ ကလေးများကို ဘုရားစာ တရားစာ သင်ပေးနိုင်သည်။ သို့သော် ဘာမှ မလုပ်ဘဲ ကလေးချင်း တစောင်စောင် ဖြစ်အောင်သာ (ကျောင်းထိုင်ဆရာတော်များ၊ အခန်းနေဦးဇင်းများ၊ ကိုရင်ကြီးများက) မသိမသာ တို့ပေးခဲ့ကြသည်။ ကလေးဆန်၍ ကျဉ်းမြောင်းလှ၏။ ဤအခြေအနေမှာလည်း အနည်းဆုံး ရင်းရဲရွာ အနီးတစ်ဝိုက်၌ မှန်ကန်ခဲ့၏။ (တစ်နိုင်ငံလုံး နီးပါး၌) ကလေးများကို ကျောင်းပိတ်ရက်များ၌ ဘုရားစာ တရားစာ သံဃာစာ သင်ပေးခြင်း ကိစ္စကို ယခုတိုင်လည်း ထိထိရောက်ရောက် ပေါက်ပေါက်မြောက်မြောက် စနစ်တကျ အစဉ်တစိုက် မလုပ်နိုင်ကြသေးပေ။ စိုးရိမ်စရာ ပျက်ကွက်မှုတစ်ခု ဖြစ်နေပေသည်။ အတန်းကျောင်းများ ပေါက်မြောက်လာပြီး ကာလအတန်ကြာသော ယနေ့ခေတ်၌ ဘ-ကခေါ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများလည်း မှိုလိုပေါက်လာခဲ့ပြီ ဖြစ်၏။ သို့သော်။ ဘုန်းတော်ကြီးသင် ဆိုသော်လည်း ကလေးများကို စာသင်သော ဘုန်းတော်ကြီးမှာ အလွန်ပင် ရှားပါးလှ၏။ ဆက်စပ်ပတ်သက်၍ ရောက်ဖူးသည့် ဘ-ကကျောင်းများ၌ လူဆရာဆရာမများကသာ ကလေးများကို စာသင်ပေးကြ၏။ ဘုန်းတော်ကြီးများ အနေဖြင့် အတန်းစာ မတတ်၍ စာသင်မပေးသည်ဆိုလျှင် မပြစ်မဟုတ်ပေ။ သို့သော် ဘ-ကကျောင်း ရောက်လာသော ကလေးများကို တရားဓမ္မများ သင်ပေးနိုင်၏။ ယူတတ်လျှင် အခွင့်ကောင်းဖြစ်သည်။ တစ်ဖန်ထပ်၍ သို့သော်။ ဘ-ကကျောင်း တော်တော်များများ၌ ဤအခွင့်အရေးကို ဟုတ်တိပတ်တိ မယူကြကြောင်း သတိထားမိ၏။ အပြစ်သင့်နေသည် ထင်၏။

ဘိက္ခု
ဘုန်းကြီးကျောင်းသားများကို လှောင်ပြောင်သရော်သော တန်းကျောင်းသားတို့၏ စကားသည် မရိုင်းလှဘဲ ယုတ္တိရှိသည်။ ဘုန်းကြီးများကို ပါဠိလို ဘိက္ခုဟုခေါ်၏။ ဘိက္ခုကို တောင်းစားသူဟု ခပ်ကြမ်းကြမ်း ဘာသာပြန်ဆိုနိုင်သည်။ ဘိက္ခနသီလော ယာစနသီလောဟု ဖွင့်သည်။ တောင်းစားတတ်သော အလေ့ရှိသူဟု ဆိုလို၏။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ
22Dec11

No comments:

Post a Comment