Friday, November 11, 2011

တရားမင်းသခင် - ၃၆။ ကုဋာဂါရသို့


ပထမနှစ်ဝက်၌ အပူရှိန် ပြင်းထန်သော နေမင်းသည် လိစ္ဆ၀ီတိုင်း တစ်ခုလုံးကို လောင်စာအမှိုက်များ ဖြစ်သွားအောင် လောင်ကျွမ်းလိုက်၏။ ကျန်နှစ်ဝက်၌ကား တစ်တိုင်းလုံး ရွံ့နွံတောကြီး ဖြစ်သွားပြန်၏။ ရုတ်တရက် သွန်ချလိုက်သလို မိုးသည်းတတ်ပြန်ရာ ရေလျှံတတ်သော မြစ်များချောင်းများကြောင့် ခရီးသွားလာရန် ခက်ခဲလှသည်။ မိုးနှောင်းဆောင်းဦး (နိုဝင်ဘာ၊ ဒီဇင်ဘာ) ကာလ၌ မြောက်ဘက်ဟိမ၀န္တာမှ တိုက်ခတ်လာသည့် နှင်းမုန်တိုင်းတို့ကြောင့် ရာသီဥတု ဆိုးရွားလှသည်။ ဤရာသီ၌ ချမ်းသာကြွယ်ဝသည့် မဂဓတိုင်းမှ လှည်းကုန်သည်များသာ ခရီးထွက်လေ့ ရှိကြသည်။ မုတ်သုန်မိုး သည်းထန်၍ ဂင်္ဂါမြစ်ရေ လျှံနေလျှင်ကား ထို လှည်းကုန်သည်တို့သည်ပင် ခရီးမထွက်နိုင်ကြတော့ပေ။

လိစ္ဆ၀ီတိုင်း၏ ရာသီဥတု မသာယာသည့် အချိန်၌ ကိုယ်တိုင်ခေါင်းတုံးတုံး၍ သင်္ကန်းဝတ်ထားကြသည့် အမျိုးသမီး ခြောက်ယောက်နှင့် ကလေးသူငယ် တစ်ယောက်တို့သည် ဝေသာလီသို့ ခြေလျင် ခရီးနှင်နေကြ၏။ ကပိလ၀တ်မှ ထွက်ခွာခဲ့ကြပြီးနောက် နှစ်ရက်ခရီးနှင်ပြီးသောအခါ အသက်ငါးဆယ့်ငါးနှစ်အရွယ် မိဖုရားဟောင်းကြီး ပဇာပတိသည် ခြေကုန်လက်ပမ်း ကျနေပြီဖြစ်၏။ သို့ဖြစ်၍ ပဇာပတိကို သမီးတော် ရူပနန္ဒာက တွဲကူဖေးမ၍ ခရီးဆက်နေရသည်။ ဤသို့သော ခရီးမျိုး တစ်ခါမှ မသွားဖူးခြင်း၊ ရာသီဥတု ဆိုးရွားခြင်းတို့ကြောင့် တတိယနေ့၌ ရူပနန္ဒာလည်း အားအင်ကုန်ခမ်း၍ ပင်ပန်းနွမ်းနယ်လာ၏။ အတူတွဲလျှောက်နေသည့် သားအမိနှစ်ယောက်တို့ ရွှံ့နွံထဲသို့ ပြိုလဲကျသွားရာ ခုဇ္ဇုတ္တရာ ချက်ချင်းလာရောက်၍ မိဖုရားဟောင်းကြီးကို တွဲကူဖေးမပေးလေ၏။

အမျိုးသမီးတို့သည့် တစ်ဂါဝုတ်ခန့် ခရီးနှင်ပြီးတိုင်း တည်းခိုဇရပ်တို့၌ ရပ်တန့်ကြ၏။ ဇရပ်တို့၌ နားနေကြသည်။ ချက်ပြုတ်စားသောက်ကြသည်။ အိပ်ပျက်ညများကို ကုန်လွန်စေကြသည်။ ပတ်ဝန်းကျင် အစိမ်းဖြစ်နေ၍ ကြောက်လန့်ကြသောကြောင့် တစ်ယောက်နှင့်တစ်ယောက် ပူးပူးကပ်ကပ် တိုးဝှေ့နေကြ၏။ ဤသို့ ခရီးနှင်လာကြရာ ဆယ်ရက်မြောက်နေ့၌ ဝေသာလီနယ်တွင်းသို့ ရောက်ကြလေသည်။

ရာဟုလာသူငယ်လည်း ဆယ်ရက်ခရီးကို အများနည်းတူပင် ခြေလျင်လျောက်၏။ ဟန်ချက်မညီသော ခြေလှမ်းများဖြင့် မိခင်၏လက်ကို ဆွဲကိုင်လျက် ယိုင်ခွေယိုင်ခွေ လျှောက်ရှာသည်။ ပင်ပန်းသော်လည်း ရာဟုလာ မညည်းညူပေ။ ရာဟုလာသည် လမ်းလျှောက်ရင်း ငိုက်စိုက်ကျနေသော ဦးခေါင်းကို ပင်ပမ်းကြီးစွာ မော့ယူလျက် မိခင်ကို ပြော၏။

“မေမေ . . . သားကို ပွေ့ချီပါ့အုံး . . .။”

သားငယ်၏ တိုးလျသော တောင်းပန်သံကို ကြားလိုက်ရသောအခါ ယသောဓရာ ရပ်တန့်လိုက်သည်။ ချည့်နဲ့နေသော ခြေအစုံကို ပူးကပ်လိုက်၏။ စကားဆိုရန်ပင် အားအင်မရှိတော့သည်ဖြစ်၍ လက်ဝဲလက်ဖြင့် သားငယ်၏ ဦးခေါင်းကို ပုပ်ပေးနေ၏။ သားငယ်ကို ဆွဲယူရင်း အားထုတ်၍ စကားဆိုလိုက်သည်။

“သား . . .”ဟု တစ်ခွန်းတည်းသာ ခေါ်လိုက်နိုင်၏။ ပါးနှစ်ဘက်ပေါ်သို့ မျက်ရည်များ တွေတွေစီးကျလာသည်။ နှာခေါင်းပိတ်၍ အသက်ရှူလည်း ကြပ်နေ၏။

“သား . . .”ဟုဆို၍ စကားပြောရန် ဒုတိယအကြိမ် ကြိုးစားပြန်သည်။ သို့သော် စကားလုံးများ ထွက်မလာနိုင်ပေ။ ရာဟုလာလည်း သူ့ကိုယ်သူ သိလိုက်သည်။ သူ လဲကျတော့မည်။ သို့ဖြစ်၍ မိခင်ကို ဒုတိယအကြိမ် တောင်းပန်ပြန်၏။

“မေမေ . . . သားကို ပွေ့ချီပါ့ . . .။”

ယသောဓရာသည် ဘယ်ဘက်လက်ကို အားယူ၍ မတင်ပြီး မျက်ရည်သုတ်၏။ ယသောဓရာ၏ ခန္ဓာကိုယ်၌ ရှိသမျှ အားအင်တို့ ကုန်လေပြီ။ စိတ်ဓာတ်တင်း၍သာ ရပ်တည်နေရ၏။ သို့သော် သားငယ်ကို ပွေ့ချီလိုက်သည်။ သားငယ်ကို ပွေ့ချီလိုက်စဉ် ကိုယ်ကို မထိန်းနိုင်တော့ဘဲ ပက်လက်လဲကျသွား၏။ ရာဟုလာကိုလည်း သက်မဲ့ပစ္စည်း တစ်ခုကဲသို့ မြေပြင်ပေါ် ပစ်ချမိလျက်သား ဖြစ်သွား၏။

ယသောဓရာနှင့် ရာဟုလာတို့ သားအမိနှစ်ယောက်သာလျှင် အားကုန်ခြင်း လဲကျခြင်း မရှိဘဲ ပင်ပန်းနွမ်းနယ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။ ယသောဓရာ လဲကျသွားသောအခါ မိဖုရားကြီး ပဇာပတိသည် တုန်တုန်ရီရီနှင့် မြေပြင်ပေါ် ထိုင်ချလိုက်ပြီး နတ်ဒေ၀ါတို့ကို ဟစ်အော်တိုင်တည်၏။

“အို . . . နတ်ဒေ၀ါတို့ . . . ဒေ၀တာတို့ . . .။”

မိဖုရားကြီးကို တွဲကူပေးနေသူ ခုဇ္ဇုတ္တရာသည် နောက်သို့ အမောတကော ပြန်ပြေး၏။ ရေချိုင့် ကိုင်ဆောင်သူ ရူပနန္ဒာဆီသို့ ပြေးသွားခြင်း ဖြစ်၏။ ခုဇ္ဇုတ္တရာသည် ရူပနန္ဒာထံမှ ရေချိုင့်ကိုယူ၍ ယသောဓရာဆီသို့ ပြေး၏။ သူငယ် ရာဟုလာသည် ငိုကြွေးရင်း မတ်တတ်ရပ်ရန် ကြိုးစားနေသည်။ သူ၏ ညာဘက်တံတောင်ဆစ် အောက်နား၌ သွေးထွက်နေသည်။ သူ့ဘေး၌ လဲကျနေသူမှာ သူ့မိခင်ဖြစ်သည်ကို သတိထားမိလိုက်သောအခါ မျက်ရည်ဆည်၍ ရှိုက်နေရင်း မိခင်အနီးသို့ တိုးသွား၏။ ထို့နောက် “မေမေ။ မေမေ”ဟု ဟစ်အော်ရင်း မိခင်ကို ထူမပေးနေ၏။

ကျွန်မ ခုဇ္ဇုတ္တရာသည် သူ့သခင်မ ယသောဓရာ၏ မျက်နှာပေါ်သို့ ရေဖျန်းပေးလိုက်သည်။ ယသောဓရာ မျက်လုံးဖွင့်နိုင်သည်အထိ စိုးရိမ်တကြီး စောင့်ကြည့်နေ၏။

တစ်ခဏအတွင်း၌ ကောင်းကင်ပြင် မဲမှောင်လာသည်။ သိပ်သည်းသော အမှောင်ထုနှင့် ပြင်းထန်းသော လေအေးတို့ တစ်ပြိုင်နက် ရောက်ရှိလာ၏။ အားအင်ချိနဲ့နေသော ခရီးသည်တို့သည် ဟိုအဝေး ဝေသာလီဆီမှ မီးရောင်များကို မြင်နေရ၍ အားတက်လာကြပြန်သည်။ ယသောဓရာသည် ခုဇ္ဇုတ္တရာ၏ ရင်ခွင်ထဲ၌ ခေါင်းစိုက်၍ နားနေ၏။ ဝေသာလီကို မြင်နေရပြီဟု ပြောသံ ကြားလိုက်ရသောအခါ ယသောဓရာသည် မျက်လုံးဖွင့်ကြည့်၍ မတ်တတ်ရပ်လိုက်သည်။ ဘ၀သစ်ကို ရရှိလိုက်သူ တစ်ယောက်ကဲ့သို့ ခံစားလိုက်ရပြီး ကတုန်ကရင် အသက်ရှုနေ၏။ ကြာမြင့်စွာသော ကာလအတွင်း ယသောဓရာ ကြားခဲ့ဖူးသမျှထဲမှ အကောင်းဆုံး သတင်းတစ်ခု ဖြစ်၏။ ယသောဓရာ အတွက်သာမက ခရီးသည် အမျိုးသမီး အားလုံးတို့အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှ၏။ မျှော်လင့်ချက်ရောင်ခြည် လင်းလက်နေလေပြီ။

“မယ်တော်တို့ရဲ့ ဆင်းရဲဒုက္ခ ဆုံးခန်းရောက်ရမှာပါ သမီးတော်ရယ် . . .။ ဒုက္ခသည် မယ်တော်တို့ကို သားတော်ဘုရား ကူညီစောင့်ရှောက်မှာပါ . . .။ သူ့ကို ကိုးကွယ်ဆည်းကပ်ပြီး မယ်တော်တို့ သက်သာရာ ရမှာပါ . . .။ သွားကြစို့ သမီးတော် . . .”ဟု မိဖုရားကြီး ပဇာပတိက အားအင်မဲ့သော အာခေါင်သံကြီးဖြင့် ပြော၏။

မိဖုရားကြီးသည် ခုဇ္ဇုတ္တရာ၏ ကူညီတွဲမမှုကို စောင့်မနေတော့ဘဲ မတ်တတ်ရပ်လိုက်ပြီး ခြေလျင်ခရီးကို ပြန်စလေ၏။ အမျိုးသမီးအုပ်စု ခရီးဆက်နေစဉ် စူးစူးရှရှ ပြင်းထန်သည့် လေအေးနှင့်အတူ မိုးကြီးရွာချလိုက်၏။ မိုးထဲလေထဲ၌ အမျိုးသမီးတို့ ခိုက်ခိုက်တုန်နေကြ၏။ မိုးမှောင်ထဲ၌ လျှောက်နေကြရင်း ရွှံ့ဗွက်ထဲသို့ မကြာခဏ လဲပျိုကျကြ၏။ သို့သော် ခရီးအဆုံးကို မြင်နေရပြီဖြစ်၍ ခရီးကို ရပ်နားကာ လမ်းဘေးဇရပ်သို့ ၀င်ရောက်၍ မိုးခိုရန် မည်သူမျှ ဆန္ဒ မရှိကြပေ။ သူငယ်ရာဟုလာသည် မိခင်၏လက်ကို ဆွဲလျက် မိခင်ရှေ့မှ လျှောက်နေ၏။ သုဘာနှင့် ကာဠုဒါယီ၏ မယားဖြစ်သူ မာလာတို့သည် နောက်ဆုံးမှ လိုက်လာနေကြ၏။ ၎င်းတို့သည် အိုးခွက်ပန်းကန်များနှင့် ဆန်ဆီစသည်ကိုလည်း ခေါင်းပေါ်တင်ရွက်၍ သယ်ယူကြရ၏။ ခရီးသည် အမျိုးသမီးတို့သည် သာဓုသံ ယဲ့ယဲ့ ရွတ်ဆို၍ စိတ်အားတင်းနေကြလေ၏။

မိုးမှောင်ထဲ၌ စလူရွက်ဆောင်းထားသူ လူတစ်ယောက်သည် ဝေသာလီဘက်မှ လာနေ၏။ ထိုလူသည် မိုးရေထဲ၌ ခေါင်းငိုက်စိုက်ချလျက် လျှောက်လာနေရာ အမျိုးသမီး အုပ်စု၏ ရှေ့ဆုံးမှ လျှောက်နေသူ မိဖုရာကြီး ပဇာပတိကို ၀င်တိုက်မိလေ၏။ ထိုလူ ဘာမှ မဖြစ်သော်လည်း မိဖုရားကြီး ပဇာပတိသည် မြေပြင်ပေါ်သို့ ဘိုင်းကနဲ လဲကျသွား၏။ ထိုလူသည် လူချင်းတိုက်မိလိုက်မှန်း သေချာပေါက် သိသည်ဖြစ်၍ အံ့သြဟန် မပြဘဲ ခပ်အေးအေးပင် စကားဆို၏။

“တောင်းပန်ပါတယ်ဗျာ . . .။ မတော်တဆ တိုက်မိတာပါခင်ဗျာ . . .။ ထပါဗျာ . . . ထပါ။ ဗုဒ္ဓရှင်တော် မစပါစေ . . .။”

ရွှံ့နွံများ ပေကျံနေသူ မိဖုရားကြီး မတ်တတ်ရပ်လိုက်၏။ မိဖုရားကြီးသည် တုန်တုန်ခိုက်ခိုက် ဖြစ်နေသည့် နှုတ်ခမ်းများကို လက်ဖမိုးနှင့် ဆွဲပွတ်၍ သုတ်ရင်း စကားဆိုရန် ကြိုးစား၏။ သို့သော် စကားတစ်လုံးမျှ မမြွက်ဟနိုင်ပေ။ သို့ဖြစ်၍ သူ့ရှေ့မှာ ရပ်နေသည့် လူကို လက်နှင့် လှုပ်ကိုင်ကြည့်၏။

အဆိုပါလူစိမ်းက ထပ်မံ၍ တောင်းပန်စကား ဆိုပြန်သည်။

“တကယ့်ကို မတော်တဆ တိုက်မိတာပါဗျာ . . .။ ခွင့်လွှတ်ပါဗျာ . . .။ အမှောင်ထဲမှာမို့ ဒေါ်ဒေါ့်ကို မမြင်ရလို့ပါ . . .။”

မိဖုရားကြီး ပဇာပတိလည်း သည်းမခံနိုင်တော့သည့် အမူအရာဖြင့် တုန်တုန်ခိုက်ခိုက် ဖြစ်နေသည့် နှုတ်ခမ်းများကို လက်နှင့်ပွတ်သပ်ရင်း မေး၏။

“မဟုတ်သေးပါဘူးကွယ် . . .။ ဘာတဲ့ . . . မင်း ဗုဒ္ဓလို့ ပြောလိုက်သလား။”

“ဟုတ်ပါတယ် ဗျာ . . .။ ဘုရားရှင်ကို တိုင်တည်ပြီး ဆုတောင်းပေးတာပါ”

“ဗုဒ္ဓရှင်တော် ဘယ်မှာလဲ။ ဝေသာလီမှာလား။ ပြောစမ်းပါ မောင်ရင်ရယ် . . .။ ပြောပါအုံး . . .။ ဒေါ်ဒေါ်တို့ စိတ်သက်ရာရအောင် မြန်မြန်ပြောစမ်းပါ”ဟု မိဖုရားကြီးက ၀မ်းသာအားရ အော်ပြော၏။

လူစိမ်းသည် ပြာပြာသလဲ ဖြစ်နေသည့် မိဖုရားကြီးနှင့် သူ့အနီးသို့ ရောက်လာကြသည့် အမျိုးသမီးတို့ကို ကြည့်၍ အနည်းငယ် အံ့သြနေ၏။ အားလုံးကို ခြုံကြည့်၍ အကဲခတ်လိုက်သည်။ အမျိုးသမီးတို့၏ အသံကို ပြတ်ပြတ်သားသား ကြားနေရ၏။

“အံ့သြလိုက်တာ ဗျာ . . . ။ အခုလို မိုးထဲလေထဲ မုန်တိုင်းထဲမှာ ညဥ့်နက်သန်းခေါင် မပြောနဲ့ နေ့ခင်းမှာတောင်မှ လူတွေ အိမ်တွင်းကအိမ်ပြင် မထွက်ကြဘူး။ ဘယ်လို ဖြစ်ကြတာလဲဗျာ . . .။ ဒီကလေးလေးကလွဲလို့ အားလုံးက အမျိုးသမီးတွေချည်းပဲ။ ပြောစမ်းပါအုံးဗျာ။ ဘယ်ကလာကြတာလဲ။”

“မောင်ရင် . . . ဒေါ်ဒေါ်တို့ ခြေလျင်ခရီး ထွက်လာတာ ဆယ်ရက်တောင် ရှိပြီ။ သကျနေပြည်တော် ကပိလ၀တ်က လာတာပါ။ ဗုဒ္ဓရှင်တော်ကို ဖူးတွေ့ဖို့ လာခဲ့ကြတာပါ။ ဘုရားရှင် ဘယ်မှာ သီတင်းသုံးတော်မူနေတာလဲ ပြောပါတော့ကွယ် . . .။”

“ဘုရားရှင်က ဟို . . . မြို့တော်အပြင်ဘက် ကုဋာဂါရကျောင်းတိုက်မှာ သီတင်းသုံးတော်မူပါတယ် ဒေါ်ဒေါ် . . .။ ကျွန်တော်က သုမိတ္တပါ။ ဘုရားရှင်ရဲ့ တရားတော်ကို နာယူခဲ့ရတာ ကြည်နူးစရာ ကောင်းလိုက်တာ ဒေါ်ဒေါ်ရယ် . . .။ တရားနာနေရင်း ညရောက်လို့ ရောက်မှန်းတောင် မသိခဲ့ပါဘူး။ ရာသီဥတု ဆိုးရွားနေတာလည်း သတိမထားမိခဲ့ပါဘူး။”

ဘုရားရှင်အကြောင်း ကြားလိုက်ရသောအခါ သုဘာ၏ နှုတ်မှ သာဓုသံ ထွက်ပေါ်လာ၏။ အခြားအမျိုးသမီးများလည်း သာဓုခေါ်ကြလေသည်။

မိဖုရားကြီး ပဇာပတိသည် မျှော်လင့်တကြီးနှင့် စကားဆက်၏။

“ဒေါ်ဒေါ်တို့ အခုလို ခရီးပန်းနေတုန်း ကံကောင်းထောက်မလို့ မောင်ရင်နဲ့ တွေ့လိုက်ကြရတာပါကွယ် . . .။ ပြောရအုံးမယ် မောင်ရင်ရယ် . . .။ ဒေါ်ဒေါ်က မိဖုရားကြီး ပဇာပတိပါ။ ရှင်တော်ဗုဒ္ဓရဲ့ မိထွေးတော်လေကွယ်။ ဟို ကလေးပွေ့ထားတာကတော့ ယသောဓရာ မင်းသမီးပဲ။ လူဝတ်ကြောင် ဘ၀တုန်းက သားတော်ဗုဒ္ဓရဲ့ မိဖုရားပေါ့။ ဒေါ်ဒေါ်တို့ ဘယ်သွားရမှန်းမသိ ဖြစ်နေကြတာပါ။ ခိုကိုးရာမဲ့တွေပါ မောင်ရင်ရယ်. . .။ မောင်ရင်က ဒေါ်ဒေါ်တို့ကို ဘုရားရှင်ဆီ ပို့ပေးမယ်ဆိုရင် ကျေးဇူးတော် အနန္တပါကွယ် . . .။”

သုမိတ္တသည် မိဖုရားကြီး၏ တောင်းပန်မှုကို ၀မ်းမြောက်ဝမ်းသာ လက်ခံလိုက်၏။ သူဆောင်းထားသည့် စလူရွက်ကို မိဖုရားကြီး၏ ဦးခေါင်းပေါ် တင်ပေးလိုက်ပြီး အမျိုးသမီးအုပ်စုကို ဦးဆောင်ကာ ဘုရားရှင် သီတင်းသုံးတော်မူနေရာ ကုဋာဂါရကျောင်းတော်သို့ တစ်ခေါက်ပြန်သွားလေ၏။


:)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment