ဘုန်းကြီးသဘာဝအတိုင်း တစ်ကိုယ်ရေ တစ်ကာယသမားဖြစ်ပေမယ့် လောကီကိစ္စ မင်္ဂလာဆောင်တွေနဲ့ မကင်းရာမကင်းကြောင်း ပတ်သက်ခဲ့ရတာတွေ တော်တော်များပါပြီ။ ဘုန်းကြီးသက်တမ်း တစ်လျှောက်မှာ စုံတွဲတွေကို မင်္ဂလာဆောင် ပေးခဲ့ရတာတွေ မနည်းတော့ပါဘူး။ ဗုဒ္ဓဘာသာ ထုံးစံအရ စုံတွဲကို တရားဝင် လက်ထပ်ပေးတာဟာ ဘုန်းကြီးတွေ မဟုတ်ပါဘူး။ လူဝတ်ကြောင်ကပဲ လက်ထပ်ပေးတာပါ။ ဘုန်းကြီးတွေဟာ မင်္ဂလာပွဲမှာ ပရိတ်ရွတ်ပေးတာ၊ တရားဟောပေးတာ၊ ဆုံးမစကား ပြောကြားပေးတာလောက်ပါပဲ။ ဒါပေမယ့် စုံတွဲတော်တော်များများက သူတို့ကို ဘုန်းကြီးက လက်ထပ်ပေးတာလို့ ခံယူကြပါတယ်။
မင်္ဂလာဆောင်နဲ့ ပတ်သက်လို့ အင်္ဂလိပ်စကားမှာ Ringဆိုတဲ့ လက်စွပ်သုံးမျိုး ရှိပါတယ်။
၁။ The Engagement Ring = စေ့စပ်လက်စွပ်
၂။ The Wedding Ring = လက်ထပ်လက်စွပ်
၃။ The Suffer-ring = ?
ဆိုလိုတာက မင်္ဂလာဆောင်လိုက်တာနဲ့ ဒုက္ခတွေ၊ အခက်အခဲတွေ၊ ပြဿနာတွေ ကြုံရပါတော့။ စုံတွဲတွေ ပြဿနာကြုံရတဲ့ အခါမှာ သူတို့ကို လက်ထပ်ပေးခဲ့တဲ့ ဘုန်းကြီးဆီ လာပြီး ရင်ဖွင့်ကြပါတယ်။ အနည်းနဲ့အများ လာပြီး ရင်ဖွင့်ကြလိမ့်မယ် ဆိုတာကိုလည်း ဘုန်းကြီးတို့က ကြိုသိထားပြီးသားပါ။ ပြဿနာတွေ နည်းနိုင်သမျှ နည်းစေချင်ပါတယ်။ ပြဿနာတွေ၊ အခက်အခဲတွေ၊ ဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်ကြစေချင်ပါတယ်။ ဒါကြောင့် မင်္ဂလာပွဲမှာ မင်္ဂလာတရား ဟောတုန်းကတည်းက ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးရပါတယ်။ အိမ်ထောင်သည် ဘ၀မှာ ဘယ်အခြအနေရောက်ရောက် မောင်နှင့်မယ်တို့ တွဲလက်တွေ မြဲကြဖို့ သတိပေးရပါတယ်။ သစ္စာမပျက်ကြဖို့ သတိပေးရပါတယ်။
“ကောင်လေးနဲ့ ကောင်မလေး အတူသွား အတူလာ လုပ်နေကြပြီဆိုရင်
ဒါဟာ ဆက်ဆံပတ်သက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။
သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ကြပြီးတဲ့နောက် စေ့စပ်လိုက်ကြတဲ့ အခါမှာလည်း
ဆက်ဆံပတ်သက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။
လေးနက်မှုကတော့ ပိုလာတာပေါ့။
ပွဲသဘင် အခမ်းအနားနဲ့ လက်ထပ်လိုက်ကြတာကတော့ သစ္စာနှံတဲ့အဆင့်ပါ။
လက်ထပ်မင်္ဂလာပွဲဟာ သစ္စာဖလှယ်ပွဲ ဖြစ်ပါတယ်။
ဒီနေ့ကစပြီး မောင်တို့မယ်တို့ဟာ ဆက်ဆံရုံ ဆက်ဆံကြတဲ့သူတွေ၊
ပတ်သက်ရုံ ပတ်သက်ကြသူတွေ မဟုတ်ကြတော့ပါဘူး။
သစ္စာနှံသူတွေ ဖြစ်သွားကြပါပြီ။
အိမ်ထောင်သည် ဘ၀မှာ ဘယ်အခြေအနေရောက်ရောက်
သစ္စာမပျက်ကြဖို့ အရေးကြီးပါတယ်။
ဆက်ဆံပတ်သက်မှု နဲ့ သစ္စာနှံမှု ဘာထူးသလဲ။
မောင်တို့မယ်တို့ နားလည်အောင် ဥပမာလေးနဲ့ ပြောပါမယ်။
ဆက်ဆံပတ်သက်မှု နဲ့ သစ္စာနှံမှုကို ကြက်ဥကြော် နဲ့ ၀က်သားကင်မှာ တွေ့နိုင်ပါတယ်။
ကြဥကြော်ထဲမှာ ကြက်ရဲ့ ဆက်ဆံပတ်သက်မှုကို တွေ့နိုင်ပါတယ်။
ဝက်သားကင်ထဲမှာ ၀က်ရဲ့ သစ္စာနှံမှုကို တွေ့နိုင်ပါတယ်။
စဉ်းစားကြည့်ကြပါ။
ကြက်ဥကြော်ထဲမှာ ကြက်သားအရသာ ဘယ်လောက်ပါသလဲ။
ဝက်သားကင်ထဲမှာ ၀က်သားအရသာ ဘယ်လောက်ပါသလဲ။
ဒီ မင်္ဂလာပွဲဟာ ကြက်မင်္ဂလာပွဲ မဖြစ်ပါစေနဲ့။
ဝက်မင်္ဂလာပွဲ ဖြစ်ပါစေ။
တွဲလက်ခိုင်ခိုင်နဲ့ သစ္စာမြဲကြပါစေ။”
:)
ရှင်အာစာရ
------------
Ref: pp 29-30, Commitment, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies
No comments:
Post a Comment