ခေါင်းတုံးတုံး၍ သင်္ကန်းဝတ်လာခဲ့ကြသော သာကီဝင်မင်းသား ခြောက်ယောက်တို့သည် ညဥ့်ဦးယံ အချိန်၌ ဘုရားရှင် သီတင်းသုံးနေတော်မူသည့် နိဂြောဓာရုံကျောင်းတော်သို့ ရောက်လာကြ၏။ ၎င်းတို့သည် ဘုရားရှင်၏ ထံတော်သို့ တစ်ယောက်ချင်း တစ်ယောက်ချင်း ၀င်ရောက်ကြပြီး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ဘုရားရှင်ကို ပြားပြားဝပ်ဝပ် ရှိခိုးဦးခိုက်ကြလေ၏။
ထို့နောက် ဘုရားရှင်နှင့် အနီးဆုံး နေရာကို ယူထားသော အာနန္ဒာက စတင်၍ စကားဆိုလိုက်၏။
“အရှင်ဘုရား . . . တပည့်တော် အာနန္ဒာပါ ဘုရား . . .။ အရှင်ဘုရားရဲ့ ဦးရီးတော် သက္ကောဒနရဲ့ အကြီးဆုံးသားပါ ဘုရား . . .။”
“အာနန္ဒာ . . . သင်တို့ အားလုံးကို ငါ သိတယ်။ ဒေ၀ဒတ်၊ ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ ဘဂု နဲ့ ကိမိလတို့ပဲ။ သင်တို့ ဘာဖြစ်လို့ ခေါင်းတုံးတုံး သင်္ကန်းဝတ်ပြီး ငါ့ဆီလာခဲ့ကြတယ် ဆိုတာလည်း ငါ သိတယ်။ သင်တို့ ရဟန်းပြုမယ့် အရေးကို သင်တို့ရဲ့ မိဘတွေက သဘောတူ ခွင့်ပြုလိုက်ကြပြီလား”ဟု ဘုရားရှင်က မေးတော်မူ၏။
“အရှင်ဘုရား . . . ခွင့်ပြုလိုက်ပါပြီ ဘုရား . . .”ဟု တစ်ပြိုင်နက်တည်း ပြန်ကြားလျှောက်ထားကြ၏။
“ရဟန်းတို့ . . . ဒါဆိုရင် . . . သင်တို့ ရဟန်းအဖြစ်ကို ခံယူရရှိကြလိမ့်မယ်။ သင်တို့ကို ငါ အကျင့်လမ်း ညွှန်ပြမယ်။ သံသရာ သမုဒ်ပြင်ကို ကူးခတ်ဖို့ နည်းလမ်းအဖြစ် အသုံးပြုကြ။ ရဟန်းတို့ . . . ငါ မိန့်ကြားနေတယ်။ ဒီနေ့မနက်ပဲ သကျ-ကောလိယ စစ်မြေပြင်မှာ စစ်ဝတ်စုံတွေအပြည့် စစ်လက်နက်တွေ တ၀င့်ဝင့်နဲ့ စစ်ခင်းဖို့ အဆင်သင့်ဖြစ်နေတဲ့ သင်တို့တတွေကို ထင်ထင်ရှားရှား ငါ မြင်တွေ့ခဲ့ရတယ်။ ရဟန်းတို့ . . . ဘာဖြစ်လို့ ပြောင်းလဲသွားတာလဲ။ သင်တို့ရဲ့ စစ်သွေးစစ်မာန် စစ်အာသာတွေ ဘယ်လိုဖြစ်သွားတာလဲ။”
ရှင်အာနန္ဒာက ဖြေကြား၏။
“အရှင်ဘုရား . . . စစ်သွေးစစ်မာန် စစ်အာသာတင် မကဘဲ လောကီလူ့ဘောင်အပေါ် တွယ်တာတဲ့ သံယောဇဉ်ပါ ကုန်ခဲ့တာပါ ဘုရား . . .။ တရားမျှတခြင်းနဲ့ မတရား မမျှတခြင်းကို ခွဲခြားမသိနိုင်ကြတဲ့၊ မှန်ကန် ဖြောင့်မတ်မှုကိုလည်း အရေးမစိုက်တတ်တဲ့ မာနခဲ သာကီဝင်တွေကြောင့်ပဲ တပည့်တော်တို့ ပြောင်းလဲခဲ့ရတာပါ ဘုရား . . .။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကို တားဆီးပေးခဲ့တဲ့၊ ကျိုးကြောင်းဆီလျော်ပြီး တရားမျှတတဲ့ ကျေအေးမှုကို စစ်မြေပြင်မှာ တပည့်တော်တို့ သဘောတူခဲ့ကြပါတယ် ဘုရား . . .။ အရှင်ဘုရားရဲ့ အဆုံးအမကို တပည့်တော်တို့ရဲ့ ရန်သူ ကောလိယတွေ တညီတညွတ်တည်း လက်ခံခဲ့ကြသလို တပည့်တော်တို့လည်း လက်ခံခဲ့ကြပါတယ် ဘုရား . . .။ ဒါပေမယ့် လူကြီးပိုင်း သာကီဝင်တွေဟာ သူတို့ကိုယ်တိုင်တော့ စစ်မြေပြင်ကို မသွားကြဘဲ တပည့်တော်တို့ကို စစ်ပြန်ချီဖို့ သွေးထိုးပေးကြပါတယ် ဘုရား . . .။ တပည့်တော်တို့ တညီတညွတ်တည်း သဘောတူ ကျေအေးခဲ့တာကိုလည်း အပြစ်တင် ရှုတ်ချကြပါတယ်ဘုရား . . .။ အရှင်ဘုရား . . . လူကြီးတွေက ကောလိယတွေရဲ့ သွေးကိုပဲ လိုချင်ကြတာပါ ဘုရား . . .။ မျှဝေခွဲယူခြင်းနဲ့ တရားမျှတခြင်းတွေကို သူတို့ ဂရုမစိုက်ကြပါ ဘုရား . . .။ စစ်တိုက်ကို တိုက်ရမယ်၊ စစ်ကလွှဲရင် ဘာကိုမှ မလိုချင်ဘူးလို့ပဲ တွင်တွင်ကြီး ပြောနေကြပါတယ် ဘုရား . . .။ စိုက်ပျိုးရေးအတွက် ရေရအောင် ဆည်တွေ တာတမံတွေ ဆောက်လုပ်ဖို့၊ ရေကန်တွေတူးဖို့၊ မြောင်းတွေဖောက်ဖို့၊ တာရိုးတွေဖို့ဖို့၊ တိုင်းပြည် ကြွယ်ဝချမ်းသာအောင် လုပ်ဖို့အရေးမှာတော့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြပါတယ် ဘုရား . . .။ ရန်သူ့ နိုင်ငံထဲ ကျူးကျော်ဝင်ရောက်ပြီး စည်းစိမ်းဥစ္စာ မှန်သမျှကို အဓမ္မ သိမ်းပိုက်ဖို့၊ သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာကို ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အသုံးချဖို့ စီစဉ်ကြပါတယ် ဘုရား . . .။ အရှင်ဘုရား . . . တပည့်တော်တို့ ကပိလ၀တ် ပြန်သွားတော့ လူကြီးတွေက တပည့်တော်တို့ကို လှောင်ပြောင် သရော်ကြပါတယ် ဘုရား . . .။ သူတို့က တပည့်တော်တို့တင် မကဘဲ နတ်ရွာစံသွားပြီဖြစ်တဲ့ သုဒ္ဓေါဒနမင်းကြီး၊ မိဖုရားကြီး ပဇာပတိနဲ့ ယသောဓရာ မင်းသမီးတို့ကိုပါ စော်စော်ကားကား ပြောလာကြပါတယ် ဘုရား . . .။ အရှင်ဘုရားကို ပိုပြီးတော့တောင် စော်ကားကြပါသေးတယ် ဘုရား . . .။ အရှင်ဘုရား စစ်ပြေငြိမ်းအောင် လုပ်လိုက်တာဟာ နိုင်ငံတော့်အရေးမှာ ၀င်ရောက် စွက်ဖက်တာပဲလို့လည်း ပြောကြပါသေးတယ် ဘုရား . . .။”
“အာနန္ဒာ . . . မဟာနာမ် မင်းကြီးကရော ဘယ်လိုလဲ . . .။”
“သူဟာ အရှင်ဘုရားရဲ့ အဆောင်တွေ မန္တာန်တွေနဲ့ လှည့်စားဖြားယောင်းတာ ခံရပြီး သွေဖည်ရေးသမား ဖြစ်သွားပြီလို့ ပြောကြပါတယ် ဘုရား . . .။ အရှင်ဘုရား . . . သူဟာ ခိုကိုးရာမဲ့ ဖြစ်နေပါတယ် ဘုရား . . .။ ဘာပဲဖြစ်လာဖြစ်လာ အရေးမစိုက်တော့ဘဲ နောက်တစ်ကြိမ် ရှေ့တန်းပြန်ထွက်ဖို့ သူ ပြင်ဆင်ထားရပါတယ် ဘုရား . . .။ စစ်သည်တော်တွေ၊ တပ်မှုးတွေ၊ ဗိုလ်ချုပ်ကြီးတွေ တော်တော်များများ အပါအ၀င် စစ်တပ်ရဲ့ အများစုက စစ်တိုက်ဖို့ ငြင်းဆန်ကြပါတယ် ဘုရား . . .။ ဒါကြောင့် အဖိုးကြီးတွေ ကိုယ်တိုင်ဝင်ပြီး တိုက်ရခိုက်ရမယ့် အခြေအနေပါ ဘုရား . . .။ သူတို့တတွေက ဒေါသအမျက် ချောင်းချောင်းထွက်နေကြတာ . . .။ တပည့်တော်တို့ စစ်မြေပြင်မှာ ငြိမ်းချမ်းရေး သဘောတူပြီးချိန်မှာ အိုမင်းမစွမ်း မျက်မမြင် ဒုက္ခိတဖြစ်တဲ့ အမတ်ချုပ်ဟောင်းကြီး ဥဒယ စစ်မြေပြင်ကို ရောက်လာပြီး တပည့်တော်တို့ကို စစ်တိုက်ဖို့ သွေးဆောင် ဖြားယောင်းပါသေးတယ် ဘုရား . . .။ တပည့်တော်တို့ကို သူ ဘယ်လိုမှ မစည်းရုံးနိုင်တဲ့အတွက် သူ့ကိုယ်သူ သတ်သေသွားပါတယ် ဘုရား . . .။”
“ရဟန်းတို့ . . . ကဲ့ရဲ့ခြင်းကိုရော ချီးမွမ်းခြင်းကိုပါ ငါ ဥပေက္ခာပြုထားနိုင်တယ်။ လူသားကို ငါ ကောင်းကျိုးပြုလို့ ရမယ်ဆိုရင် ကဲ့ရဲ့သည်ဖြစ်စေ ချီးမွမ်းသည်ဖြစ်စေ ကောင်းကျိုးပြုလိုက်တာပဲ။ ရဟန်းတို့ . . . စစ်ပဲတိုက်နေကြတဲ့ သာကီဝင်တွေရဲ့ ထိုးနှက်တိုက်ခိုက်မှုဟာ ငါနဲ့ ငါ့ဒေသနာတော်ကို ထိုးနှက်တိုက်ခိုက်မှုပဲ။ ငါ့ရဲ့ ဥပေက္ခာအကျင့်၊ သူတော်ကောင်းတရားတွေကို သူတို့ ဆန့်ကျင်ကြတာပဲ။ ငါ့ရဲ့ ဒေသနာတော်က သူတို့ရဲ့ ဗြဟ္မဏတရားဆိုးတွေကို လွှမ်းမိုးလိမ့်မယ်ဆိုတာ သိလိုက်တော့ ဆင်းရဲနာကြည်းမှုတွေ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ဥဒယ သူ့ကိုယ်သူ လုပ်ကြံသွားတာပဲ။ ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ် ဆိုတာကို သူတို့ သိကြတယ်။ ဒါပေမယ့် ရှေ့တိုးပြီး မစဉ်းစားဝံ့ကြဘူး။ သကျတွေကတော့ အစွန်းရောက်တွေပဲ။ သကျတွေကြားထဲကနေ ဒီခြောက်ပါးက ငါ့တရားကို နှစ်သက်နိုင်ကြတယ်၊ ရဟန်းပြုချင်ကြတယ် ဆိုတာဟာ အံ့သြစရာပဲ။ ရဟန်းတို့ . . . သာကီဝင်တွေလို လူတွေဟာ သကျနေပြည်တော်မှာသာ ရှိတာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ အနှံ့အပြား ရှိနေကြတယ်။ သတ္တ၀ါအားလုံး ကောင်းကျိုးရရှိနိုင်အောင်၊ သတ္တ၀ါအားလုံး ကြီးပွားချမ်းသာအောင် ကမ္ဘာအနှံ့ ခြေဆန့်ကြဖို့ ငါ့ရဲ့ တပည့်ကြီးနှစ်ပါး ဖြစ်ကြတဲ့ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်နဲ့ ငါဟောတဲ့အတိုင်း တရားသိကြတဲ့ တပည့်သာဝက အားလုံးတို့ကို ငါ ပြောထားပြီးပြီ။ ရဟန်းတို့ . . . တရားတော်ကို သင်ယူကြ . . .။ သူတော်ကောင်းတရားကို ကျင့်သုံးကြ . . .။ နီးနီးဝေးဝေး ကျေးလက် မြို့ပြ နိုင်ငံတွေဆီ ဒေသနာတော်ကို အရောက်ဆောင်ချဉ်းဖို့ အသင့်ဖြစ်ကြ . . .။”
သာကီဝင် ရဟန်းသစ်တို့ကို ဘုရားရှင် ဆုံးမသြ၀ါဒ ပေးတော်မူနေစဉ် ဝေဿလူငယ် တစ်စုသည် နိဂြောဓာရုံကျောင်းတော်ကို ၀န်းရံကြလျက် ဘုရားရှင်ကို အယုတ္တအနတ္တ စကားလုံးများဖြင့် ချိုးချိုးဖဲ့ဖဲ့ ဟစ်အော်လှောင်ပြောင် ဆဲရေးကြလေ၏။ သာကီဝင် အမိုက်အမဲများနှင့် မာနခဲ ဗြဟ္မဏတို့က ၎င်းဝေဿလူငယ်တို့ကို အခပေး၍ ဆဲရေးစေခြင်း ဖြစ်သည်။
ယုတ်မာကြမ်းတမ်းသည့် ဆဲရေးတိုင်းထွာသံများကို ကြားရသော်လည်း ဘုရားရှင်သည် ဣနြေ္ဒပျက်တော်မမူဘဲ ပကတိအတိုင်း တည်ငြိမ်အေးချမ်းစွာ ရှိတော်မူနေ၏။ သို့သော် ရှင်ဒေ၀တ်ကား စိတ်လှုပ်ရှားလျက် ရှိနေလေ၏။
“အရှင်ဘုရား . . . မိမစစ် ဖမစစ် ဒီကောင်တွေကို တပည့်တော် နှုတ်ပိတ်လိုက်မယ် . . .”ဟု ရှင်ဒေ၀ဒတ်က လျှောက်ထား၏။ ရှင်ဒေ၀ဒတ်သည် စိတ်ဆိုးမာန်ဆိုး ဖြစ်နေပြီး လက်သီးဆုပ်ကာ ညာလက်ရုံးတန်းလျက် ဒေါသနှင့် တက်ကြွနေ၏။
“ဒေ၀ဒတ် . . . ထိုင်ပါ။ သူတို့က ငါ့ကို စော်ကားနေတာပဲ။ သူတို့ ကျူးလွန်စော်ကားတာကို ငါ သည်းခံနိုင်တယ်။”
“အရှင်ဘုရား . . . အဲဒီ မိမစစ် ဖမစစ်တွေဟာ ဗြဟ္မဏတွေ သကျတွေ ခိုင်းတိုင်းလုပ်ရတဲ့ ကျွန်တွေပါ။ အဲဒီကောင်တွေ အမှောင်ရိပ်ခိုပြီး ဆဲနေကြတာပါ . . .။”
“သူတို့က ငါ့ကို ဘာဖြစ်လို့ ကျူးလွန်စော်ကားကြတာတဲ့လဲ။”
“အရှင်ဘုရားက သကျနေပြည်တော်ကို ကောလိတွေလက်ထဲ ထည့်လိုက်တယ်လို့ သူတို့ ပြောကြပါတယ် ဘုရား။ အရှင်ဘုရားဟာ ကောလိယတွေဆီက တံစိုးလက်ဆောင် လာဘ်ယူခဲ့တယ်လို့လည်း ပြောကြပါတယ် ဘုရား။ အရှင်ဘုရားက ကောလိယနွယ် မိန်းမချောတွေကို ကြိုက်နေတာလို့လည်း ပြောကြပါတယ်”ဟု ရှင်ဒေ၀ဒတ်က ပြန်လည် လျှောက်ထား၏။
“ဒေ၀ဒတ် . . . သူတို့ ဆဲရေးစွပ်စွဲကြပေမယ့် ငါ အပြစ်ကင်းနေတာပဲ။ သူတို့ စွပ်စွဲလိုက်ရုံနဲ့ သူတို့ စွပ်စွဲသလို ငါ ဖြစ်မသွားနိုင်ပါဘူး။ ဒါကြောင့် သူတို့ရဲ့ ဆဲရေးစွပ်စွဲမှုတွေဟာ ငါ့အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။ နောက်ပြီးတော့ သူတို့က ဘာတွေ ပြောကြသေးလဲ။”
“အရှင်ဘုရားမှာ မုဆိတ်ကျင်စွယ်တွေလည်း မရှိတော့ဘူး၊ ဆံပင်လည်း မရှိတော့ဘဲ ဦးပြည်းခေါင်းတုံးနဲ့ ဖြစ်နေပြီ၊ အရှင်ဘုရားဟာ ဇာတ်နိမ့်တွေရဲ့ အိမ်တွေမှာလည်း ၀င်နေတယ်၊ သုဿာန်သင်္ချိုင်းက ကောက်ယူထားတဲ့ အ၀တ်တွေကိုလည်း ၀တ်တယ်လို့ ပြောကြပါသေးတယ် ဘုရား။”
“ဒေ၀ဒတ် . . . သူတို့ အမှန်တွေကို ပြောနေကြတာပဲ။ ဒီတော့ သူတို့ ငါ့ကို ကျူးလွန်စော်ကားတာ ဘယ်ဟုတ်မှာလဲ။ မိုက်မိုက်မဲမဲ စည်းမဲ့ကမ်းမဲ့ ဒီကောင်လေးတွေဟာ သူတို့ ယူထားတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေကြတာပဲ။ သူတို့ ယူထားတဲ့ တာဝန်ပြီးသွားရင် သူတို့ ပြန်သွားကြမှာပါ။ အို . . . တပည့်သား သံဃာတို့ . . . ငါ့ကို နမူနာ ယူကြစမ်းပါ . . .။ ခိုင်ခိုင်မာမာ ရပ်တည်ကြစမ်းပါ။ ဘုရားရှင်ရဲ့ တပည့်သာဝကဆိုတာ အတုံ့အလှည့် မပြုရဘူး။ သန်းခေါင်းယံ ရောက်လာပြီ။ ငါ ခဏတစ်ဖြုတ် နားအုံးမယ်။ ကျောင်းတိုက်ထဲက သင်တို့ နှစ်သက်တဲ့နေရာမှာ ညကျိန်းစက်ကြပါ”ဟု မိန့်တော်မူရင်း ဘုရားရှင်သည် ရဟန်းတို့ကို နှုတ်ဆက်တော်မူလိုက်၏။
နိဂြောဓာရုံကျောင်းတော် ၀န်းကျင်မှ ယုတ်မာကြမ်းတမ်းသည့် ဆဲရေး တိုင်းထွာသံများကို ဘုရားရှင် အာရုံစိုက်တော်မမူပေ။ တည်ကြည်သောစိတ်ကို ထိန်းသိမ်းတော်မူလျက် မျက်လုံးအစုံကို မှိတ်တော်မူလိုက်၏။ ရဟန်းတော်တို့လည်း မတ်တပ်ရပ်လိုက်ကြပြီး ဘုရားရှင်ကို ဦးညွတ်ရှိခိုးလိုက်ကြလေ၏။
ရဟန်းတော်များ ညကျိန်းစက်ရန် နေရာယူနေကြစဉ် ရှင်ဒေ၀ဒတ်သည် ကျောင်းတိုက်အပြင်သို့ ခိုးထွက်သွား၏။ ထို့နောက် ရှင်ဒေ၀ဒတ်သည် ဆူဆူညံညံ သောင်းကြမ်းနေသည့် လူငယ်အုပ်စုကို ဟစ်အော်ကြိမ်းမောင်း၍ ခြိမ်းခြောက်လေ၏။
“အောက်ကျနောက်ကျ အမိုက်အမဲကောင်တွေ။ ရပ်ကြစမ်း။ မင်းတို့ တော်ကြစမ်း။ ငါ ဒေ၀ဒတ်တဲ့ကွ။”
ရှင်ဒေ၀ဒတ်၏ ဟိန်းဟောက်သံ ညအမှောင်ထဲမှ ပဲတင့်ဟီး၍ ထွက်ပေါ်လာသောအခါ မြည်တွန်တောက်တီးသံများ၊ သံသေးသံကြောင် အော်ဟစ်သံများ ရပ်တန့်သွားလေ၏။
:)
ရှင်အာစာရ
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
No comments:
Post a Comment