နှစ်တွေတောင် တော်တော်ကြာခဲ့ပါပြီ။ အင်္ဂလန်က ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ကြီးနဲ့ စိတ်ပညာရှင်တွေ တိုင်ပင်ပြီး ပညာရေးနဲ့ဆိုင်တဲ့ လေ့လာစမ်းသပ်မှုတစ်ခု လျှို့ဝှက် ပြုလုပ်ခဲ့ပါသတဲ့။
အဲဒီကျောင်းမှာ သက်တူရွယ်တူ ကလေးတွေအတွက် တန်းခွဲနှစ်ခု ရှိသတဲ့။ စာသင်နှစ် အကုန်မှာ နောက်ပညာသင်နှစ်သစ်ကျရင် ကလေးတွေကို သင့်တော်ရာ တန်းခွဲမှာ နေရာချထား ပေးနိုင်အောင် အရည်အချင်းစစ် စာမေးပွဲတစ်ခု သီးသန့်ကျင်းပသတဲ့။ အဲဒီ စာမေးပွဲရဲ့ အောင်စာရင်းကိုတော့ ထုတ်ပြန်ကြေငြာ မပေးဘဲ လျှို့ဝှက်ထားလိုက်သတဲ့။
အခြေအနေမှန်ကို ကျောင်းအုပ်ကြီးနဲ့ လေ့လာစူးစမ်းတဲ့ စိတ်ပညာရှင်ကြီးတွေသာ သိသတဲ့။ အဲဒီ အစီအစဉ်ကို ကျောင်းသားမိဘတွေ၊ လက်အောက်ငယ်သား ဆရာဆရာမတွေ မသိကြဘူးတဲ့။ စီစဉ်ပုံက ဒီလိုပါ။ ပညာသင်နှစ်အသစ် ရောက်တဲ့အခါ ကလေးတွေကို တန်းခွဲနှစ်ခုမှာ နေရာချထားတော့ ကလေးအုပ်စု နှစ်ခုကို ပျမ်းမျှအားဖြင့် အရည်အချင်း တူနေအောင် လုပ်လိုက်သတဲ့။ အရည်အချင်းစစ် စာမေးပွဲမှာ အဆင့်(၁)ရတဲ့ ကလေးကို အဆင့် (၄)၊ အဆင့် (၅)၊ အဆင့် (၈)၊ အဆင့် (၉)၊ အဆင့် (၁၂)၊ အဆင့် (၁၃) . . . ရခဲ့တဲ့ ကလေးတွေနဲ့ တစ်ခန်းထဲမှာ ထားလိုက်သတဲ့။ တစ်ခြားတစ်ခန်းမှာတော့ အဆင့် (၂)၊ အဆင့် (၃)၊ အဆင့် (၆)၊ အဆင့် (၇)၊ အဆင့် (၁၀)၊ အဆင့် (၁၁) . . . ရခဲ့တဲ့ ကလေးတွေကို ထားလိုက်သတဲ့။ စာမေးပွဲ ရလဒ်အပေါ် မူတည်ပြီး ကလေးအုပ်စု နှစ်ခုကို အရည်အချင်း ညီမျှအောင် ခွဲပေးထားသလို ကလေးနှစ်အုပ်စုကို သင်ကြားပေးမယ့် ဆရာဆရာမ နှစ်အုပ်စုကိုလည်း အရည်အချင်း တူနိုင်သမျှတူအောင် ခွဲပြီး ခန့်ထားပေးလိုက်သတဲ့။ စာသင်ခန်း နှစ်ခန်းနဲ့ သင်ထောက်ကူ ပစ္စည်းတွေကိုလည်း တူနေအောင် စီစဉ်ပေးလိုက်သတဲ့။ အစစ အရာရာ ညီမျှနေအောင် စီစဉ်ထားပေမယ့် သိသာတဲ့ ခွဲခြားမှု တစ်ခုတော့ ရှိသတဲ့။ အတန်းတစ်ခုကို “တန်းခွဲ (အေ)”လို့ နာမည်ပေးလိုက်ပြီး နောက်တစ်ခုကို “တန်းခွဲ (ဘီ)”လို့ နာမည်ပေးလိုက်သတဲ့။
စာသင်နှစ် စပြီ။ စောစောက ပြောခဲ့သလို ကလေးနှစ်အုပ်စုရဲ့ အရည်အချင်းက အတူတူပဲ။ စာသင်ပေးတဲ့ ဆရာဆရာမတွေရဲ့ အရည်အချင်းကလည်း အတူတူပဲ။ စာသင်ခန်းနဲ့ သင်ထောက်ကူ ပစ္စည်းတွေကလည်း အရည်အသွေး အတူတူပဲ။ ဒါပေမယ့် (အေ)တန်းက ကလေးတွေဟာ တော်ကြတယ်၊ (ဘီ)တန်းက ကလေးတွေကတော့ ညံ့ကြတယ်လို့ အားလုံးက ထင်နေကြသတဲ့။ ကျောင်းအုပ်ကြီးနဲ့ စိတ်ပညာရှင် သုတေသီတွေကလွဲလို့ပေါ့။
တစ်ချို့ ကျောင်းသားမိဘတွေဆိုရင် သူတို့သားသမီးတွေ (အေ)တန်းရောက်သွားတာကို အံ့သြမဆုံး ဖြစ်နေကြသတဲ့။ သူတို့ကလေးတွေ ဒီလောက်တော်မယ်လို့ မထင်ခဲ့ကြပဲကိုး။ တော်တဲ့ကလေးတွေကို ၀မ်းသာအားရနဲ့ ချီးမွမ်းကြသတဲ့။ ဆုတွေချကြသတဲ့။ မျက်နှာသာ ပေးကြသတဲ့။ အခွင့်အရေး ပေးကြသတဲ့။ (ဘီ)တန်းက ကလေးတွေရဲ့ မိဘတွေကတော့ ကလေးတွေကို ညံ့ရမလားလို့ ဆူပူကြိမ်းမောင်းကြသတဲ့။ စာမှ မကြိုးစားတာလို့ အပြစ်ပြောကြသတဲ့။ ညံ့တဲ့အတွက် ဒဏ်ခတ်တဲ့ အနေနဲ့ ပေးနေကျ အခွင့်အရေးတွေကိုတောင် ရုပ်သိမ်းလိုက်ကြသတဲ့။ ကျောင်းက ဆရာဆရာမတွေကလည်း (ဘီ)တန်းက ကလေးတွေကို ခွဲခွဲခြားခြား နှိမ့်ချပြီး ဆက်ဆံကြသတဲ့။ ဒီလို ညံ့တဲ့ ကလေးတွေကို သင်ပြပေးနေလို့ အလကားပဲနေမှာ၊ ထူးထူးချွန်ချွန် ဖြစ်လာမယ့်ဟာတွေ မဟုတ်ဘူးလို့ ယူဆကြသတဲ့။ ဒီလိုနဲ့ စာသင်နှစ် ကုန်သွားတော့ အရည်အချင်းစစ် စာမေးပွဲ လုပ်ပြန်သတဲ့။
စာမေးပွဲ အောင်စာရင်းကတော့ အားလုံး မျှော်ထားတဲ့ အတိုင်းပဲ။ ဘာမှ အံ့သြစရာ မဟုတ်ဘူး။ (အေ)တန်းက ကလေးတွေဟာ (ဘီ)တန်းက ကလေးတွေထက် အပြတ်အသတ် သာနေပါရောတဲ့။ အတော်ဆုံး ကလေးတွေကိုပဲ (အေ)ခန်းထဲမှာ ထားခဲ့ပြီး အညံ့ဆုံး ကလေးတွေကို (ဘီ)ခန်းထဲမှာ ထားခဲ့တာလို့ အားလုံးက ထင်နေကြသတဲ့။ အခြေအနေမှန်ကိုသိတဲ့ ကျောင်းအုပ်ကြီးနဲ့ သုတေသီ စိတ်ပညာရှင်တွေက လွဲလို့ပေါ့။
တကယ်တော့ ကလေးတွေဟာ သတ်မှတ်ခံရတဲ့အတိုင်း ဖြစ်လာကြရတာပါ။ ဆက်ဆံခံရတဲ့အတိုင်း ဖြစ်လာကြရတာပါ။ ယုံကြည်ခံရတဲ့အတိုင်း ဖြစ်လာကြရတာပါ။
ကလေးတွေတင်ပဲလား။ လူကြီးတွေရော ဘယ်လိုလဲ။ အတ္တလောကရဲ့ မိုက်မဲမှုအောက်မှာ ဘယ်လိုများ သတ်မှတ်ခံနေကြရပါသလဲ။ ဘယ်လိုများ ဆက်ဆံခံနေကြရပါသလဲ။ ဘယ်လိုများ ယုံကြည်ခံနေကြရပါသလဲ။ အမိုက်အမဲ အတ္တလောကရဲ့ သတ်မှတ်မှု၊ ဆက်ဆံမှု၊ ယုံကြည်မှုတွေကို ဘယ်လိုဘယ်ပုံ ခံယူကြမလဲ။
:)
ရှင်အာစာရ
Ref: pp 19-20, The Class B Kids, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies
No comments:
Post a Comment