ရှေးလွန်လေပြီးသော ကလိယုဂ် ဆုပ်ကပ်အခါက ကဟာပဏဓာဝန အမည်ရှိသော ငြိမ်းချမ်းသာယာသည့် နေပြည်တော်ကြီး၌ သတသဟဿဝဇီရ အမည်ရှိသော တရားမင်းကြီး မင်းပြုတော်မူ၏။
တိုင်းပြည်တွင်း၌ မင်းကြီးကို နှစ်ခြိုက်စုံမက်သူ များစွာရှိသော်လည်း မရိုသေသူ မနှစ်သက်သူများလည်း ရှိ၏။ မလိုသူတို့သည် မင်းမိန့်မှန်သမျှကို ဖီဆန်ကြ၏။ အချို့ကား အသင်းအစု ဖွဲ့စည်းကာ၊ လက်နက်ခဲယမ်း စုဆောင်းကာ တောတောင်တို့၌ စခန်းချ၍ ပုန်ကန်ခြားနားကြ၏။ ပုန်ကန်သူတို့ကို ထောက်ခံအားပေးသူများလည်း အမြောက်အများ ရှိလေ၏။ အထူးသဖြင့် ကျေးတောသူ ကျေးတောသား ဝေးလံခေါင်းဖျားရာ တိုင်းစွန်အရပ်မှ ရွာသူရွာသားတို့သည် မင်း၏ စောင့်ရှောက်မှုကို မရကြသောကြောင့် မင်းကို မချစ်ကြည်ကြ။ မလေးမြတ်ကြ။ သို့ဖြစ်၍ ပုန်ကန်ခြားနားသူတို့ကို ထောက်ခံအားပေးကြ၏။ ထောက်ခံသူတို့သည် သူပုန်တို့ကို စာနပ်ရိက္ခာထောက်ပံ့ကြ၏။ လိုအပ်ရာရာလည်း ကူညီကြ၏။
အချို့ကား တိုင်းပြည်တွင်း၌ မနေလို၍ တိုင်းတစ်ပါးမင်းတို့ထံ သွားရောက်၍ သြဇာခံယူကြ၏။
အချို့လည်း တိုင်းပြည်တွင်း၌ အသက်မွေးမှု မလုံလောက်သောကြောင့် အိုးအိမ်ကို စွန့်ကာ တိုင်းတစ်ပါးသို့ သွားရောက်၍ လုပ်ကိုင်စားသောက်ကြလေ၏။ တိုင်းပြည်တွင်း၌ ပုန်ကန်ခြားနားမှု တိုက်ပွဲများ တစ်နေ့တစ်ခြား တိုးပွားလာပြီး ပြည်တွင်းလူအင်အားလည်း အမြဲယုတ်လျော့နေသောကြောင့် ကြွယ်ဝသော နေပြည်တော်ကြီးသည် တစ်စတစ်စ မွဲပြာကျလာလေ၏။
သို့သော် အမြော်အမြင် ဆင်ခြင်တုံနှင့် ပြည့်စုံသော မင်းကြီးသည် ချွတ်ခြုံကျနေသည့် တိုင်းပြည်ကြီး ပြန်လည်၍ သာယာဝပြောလာအောင် စီမံကွပ်ကဲတော်မူနိုင်၏။ တိုင်းပြည်ကြီး၏ စိုက်ပျိုးရေးနှင့် အခြားစီးပွားရေး ကဏ္ဍများကို လျော်ကန်အောင် စီမံတော်မူနိုင်၏။ သူပုန်တို့ကိုလည်း အောင်မြင်သိမ်းပိုက်တော်မူနိုင်၏။ လက်ရှောင်ခြင်း၊ ခွင့်လွှတ်ခြင်း နှင့် ဖြေရှင်းခြင်းဟူသော မဟာဗျူဟာကြီးသုံးရပ်ကို ချမှတ်၍ အကောင်အထည်ဖော်ခြင်းအားဖြင့် သုပုန်ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လေ၏။
လက်ရှောင်ခြင်း
တရားမင်းကြီး၏ အမိန့်တော်အတိုင်း မင်း၏စစ်သည်တော်တို့သည် ပုန်ကန်ခြားနားသူတို့၏ အခြေစိုက် စခန်းများကို သွားရောက်တိုက်ခိုက်ခြင်း မပြုကြပေ။ မြို့ပြပြည်ရွာသို့ ကျူးကျော်ဝင်ရောက်လာသည့် သူပုန်ရန်ကိုသာ တားမြစ်နှိမ်နှင်း၏။
ခွင့်လွှတ်ခြင်း
လက်နက်နှင့် ငြိမ်းချမ်းရေး အလဲအလှယ်ပြုသော သူပုန်များကို ငြိမ်းချမ်းစွာကြိုဆို၏။ စွမ်းရည်ရှိသော သုပုန်ဗိုလ်တို့ကို မြှောက်စား၏။ ၎င်းတို့၏ စည်းရုံးရေးစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်၊ စီမံခန့်ခွဲမှုစွမ်းရည်တို့ကို အသိအမှတ်ပြု၍ ၎င်းတို့နှင့် ထိုက်တန်သော အကြီးအမှူးရာထူးများ ပေးအပ်၏။ နေပြည်တော် အတွင်း၌ ထိုက်တန်သည့်နေရာ ရကြသော သူပုန်ဗိုလ်ဟောင်း မှူးကြီးမတ်ရာ သေနာပတိတို့ မြောက်များစွာ ရှိလာ၏။ အပျက်စွမ်းရည်တို့သည် အပြုစွမ်းရည်သို့ အသွင်ပြောင်းလာသောကြောင့် မင်းတရား၏ နေပြည်တော်သည် ကြွယ်ဝသည်ထက် ကြွယ်ဝလာ၏။ ငြိမ်းချမ်းသည်ထက် ငြိမ်းချမ်းလာ၏။
ဖြေရှင်းခြင်း
တိုင်းစွန်ပြည်ဖျား ဒေသများကို နေပြည်တော်နှင့် ကူးလူးဆက်ဆံနိုင်အောင် စီမံပေး၏။ လမ်းတံတားများ ဆောက်လုပ်ပေး၏။ စိုက်ပျိုးရေး ပညာပေး လုပ်ငန်းများ ဆောင်ရွက်စေ၏။ တောင်သူလယ်သမားတို့ စားဝတ်နေရေး ချောင်လည်လာရုံမျှမက ချမ်းသာကြွယ်ဝ လာကြလေ၏။ ထို့ကြောင့် ကျေးလက်ပြည်သူတို့သည် မင်းတရားကို တိုး၍တိုး၍ ကြည်ညိုလာကြပြီး သောင်းကြမ်းသူ ပုန်ကန်ခြားနားသူ သုပုန်အဖျက်သမားတို့ကို ထောက်ပံ့ခြင်း မပြုကြတော့ပေ။
မင်းကြီး၏ လောကီအငြိမ်းလမ်း မဟာဗျူဟာကောင်းကြီးတို့ကြောင့် မင်းကြီးအုပ်ချုပ် စိုးစံရာ နေပြည်တော်ကြီးသည် တစ်နေ့တစ်ခြား ပို၍ပို၍ ချမ်းသာလာပြီး တိုင်းတစ်ပါးတို့၏ လေးစားခန့်ငြားမှုကို ရရှိလေ၏။ တောရောမြို့ပါမကျန် တိုင်းသူပြည်သားတို့လည်း မင်းကြီး၏ ဘုန်းတော်ကြောင့် ကျေနပ်ပျော်ရွှင် ကြည်နူးကြရလေ၏။
:)
ရှင်အာစာရ
----------
Ref: pp 71-75, How to stop an insurgency, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies
No comments:
Post a Comment