Monday, September 5, 2011

တရားမင်းသခင် - . . .။ ကလေးများကို ဆုံးမခြင်း

(. . . . . မှ အဆက်)
“တရားမင်းသခင်” အမှတ် (၂၄)ထိ တင်ပြီးပါပြီ။ ကလေးတွေကို စာသင်ဖို့ ပြင်ဆင်ရင်း ကလေးစာတွေ ဟိုတို့ဒီတို့ လိုက်မြီးရာက စိတ်ကူးပေါက်မိလို့ ဒီစာကို ရေးလိုက်တာပါ။ Jayasena Jayakodyကို အားကျပြီး အတုခိုးကြည့်လိုက်ပါတယ်။ ရေးလက်စ တရားမင်းသခင်ရဲ့ ဗုဒ္ဓဝင်ဇာတ်ကြောင်းကတော့ ဒီစာမှာပါတဲ့ အကြောင်းအရာထိ မရောက်သေးပါဘူး။ ဇေတဝန်ကျောင်း မရောက်သေးပါဘူး။ အားလုံးပြီးလို့ စုပေါင်းစာအုပ်ထုတ်နိုင်မှပဲ ဒီအပိုင်းကို သင့်တော်တဲ့ နေရာမှာ ထည့်ရမှာပါ။ ခုတော့ အမှတ်စဉ် နံပါတ် မတပ်ဘဲ ထားလိုက်ပါတယ်။

အမျိုးအားလုံးကို ပေးဖတ်ချင်ပေမယ့် tagချင်တိုင်း များများtagလို့ မရပါ။ Facebookက tagဦးရေ ကန့်သတ်တယ် ထင်ပါတယ်။ အများကြီး tagလိုက်ရင် နောက်လူတွေကို ချန်ထားခဲ့ပါတယ်။ ကြုံသလိုသာ တွေ့ရာမှာ ဖတ်လိုက်ကြပါ။ tagနေကျလူတွေကိုပဲ [ဖတ်ဖတ် မဖတ်ဖတ် :)] tagလိုက်ပါတယ်။

တစ်စုံတစ်ရာ အမှားမြင်ရင် ပြင်ယူလိုက်ကြပါ။

 စာရဲ့သဘောက ပြန်ဖတ်တိုင်း အမှားတွေ့ရတတ်ပါတယ်။ သတ်ပုံအမှား၊ စာစီအမှား မြင်မိရင် ပြောကြပါအုံး။ ပရုဖတ်ဖို့ လူမငှားနိုင်သေးလို့ အကူအညီ တောင်းရတာပါ။ စာကောင်းစာသန့် ဖြစ်အောင် ကူညီကြပါ။ ကျေးဇူးဆပ်ပါမည်။

:)

-----------------------------------


ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ နွေးဦးနံနက် နေခြည်နုနုသည် ကျောင်းတော်ကို အနွေးဓာတ် ပေးနေ၏။ အရိယာတို့ ကျက်စားရာ သာဝတ္ထိ မြို့တော်သည် နွေးထွေးစွာ အေးချမ်းနေ၏။ နွေဦးရာသီဖြစ်၍ ကောင်းကင်ပြင် ကြည်လင်နေသည်။ ကျောင်းရိပ်ခိုသည့် ကျေးငှက် သာရကာတို့ အစာရှာ ထွက်နေကြလေပြီ။ အတောင်သာလျှင် ဝန်ရှိသည့် ငှက်တို့နှင့် အလားတူသော ဘုရားရှင်နှင့် တပည့်သား သံဃာတော်တို့ မြို့တွင်းသို့ ဆွမ်းခံဝင်ရန် အချိန်ကျရောက်လေပြီ။ ထို နံနက်ခင်း၌ ဘုရားရှင်သည် မြို့တွင်းသို့ တစ်ပါးတည်း ဆွမ်းခံကြွတော်မူ၏။

ဘုရားရှင် ဆွမ်းခံ ကြွတော်မူသည့် လမ်းတစ်နေရာ၌ ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်အုပ် အုတ်အော်သောင်းနင်း ဖြစ်နေ၏။ ကလေးတို့သည် လမ်းဘေးရှိ ခြုံတစ်ခုကို ဝိုင်းရံထားကြ၏။ ခြုံထဲသို့ ခဲနှင့် ပစ်ပေါက်နေကြသည်။ ခြုံထဲ၌ ပိတ်မိနေသော မြွေတစ်ကောင်သည် ကလေးတို့ ပစ်ခတ်သည့် ခဲဒဏ်ကြောင့် သေလုမြောပါး ဖြစ်နေ၏။ ကလေးများဆီသို့ တပြစ်ပြစ် ထွေးခဲ့ရ၍ သူ့တံတွေးတို့ ခန်းခြောက်လေပြီ။ ရှိရှိသမျှ သူ့မာန်တို့လည်း ကုန်လေပြီ။ ပါးပျဉ်းထောင်၍ မြွေမာန် မပြနိုင်တော့ဘဲ တွန့်လိမ်လျက်သာ လဲလျောင်းနေရလေတော့၏။

မြွေဆီသို့ အာရုံရောက်နေကြသော ကလေးတို့သည် ဘုရားရှင် ကြွတော်မူလာသည်ကို သတိမထားမိလိုက်ကြပေ။ ဘုရားရှင်သည် ကလေးများ အနီးသို့ ချဉ်းကပ်၍ ကလေးတို့ကို ပျူပျူငှာငှာ စကားဆိုတော်မူ၏။

“ကလေးတို့ . . . ဘာဖြစ်လို့ မြွေကြီးကို နှိပ်စက်နေကြတာလဲ . . .။ သတ်နေကြတာလား . . .။”

နှုတ်လေးသည့် ကလေးများ ခေါင်းငုံ့ မျက်လွှာချလျက် တိတ်ဆိတ်နေကြ၏။ တစ်ချို့က အချင်းချင်း မျက်လုံးနှင့် စကားပြောနေကြ၏။ ဘုရားရှင်ကိုကား မျက်နှာချင်း မဆိုင်ရဲကြပေ။ ရဲတင်း၍ နှုတ်သွက်သည့် ကလေးတို့ကား ဘုရားရှင်ကို တစ်ယောက်တစ်ပေါက် ပြန်လည် လျှောက်ထားကြ၏။

“ဘုန်းဘုရား . . . သတ်တာတော့ မဟုတ်ဘူးလေ . . .။”

“သူက သားတို့ကို ကိုက်မှာ . . .။ သူ မကိုက်နိုင်အောင် သားတို့က အရင်ချတာ . . .။”

“မြွေကြီး တော်တော်တော့ နာနေပြီ . . .။ ဘုန်းဘုရား ရောက်လာလို့ပေါ့။ မဟုတ်ရင် သေလောက်ပြီ . . .။”

“အဲဒီ မောင်သာမဆိုတဲ့ကောင် ကလေးပေမယ့် တော်တော် လက်ဖြောင့်တယ်။ သူပစ်တဲ့ခဲ အားသိပ်မပြင်းလို့သာပေါ့။ သူပစ်လိုက်ရင် ချက်တိုင်းချက်တိုင်း မြွေကို ထိတာချည်းပဲ။”

ကလေးအဖွဲ့တွင် အငယ်ဆုံးဖြစ်သူ မောင်သာမသည် ဘုရားရှင်၏ အနီး၌ ရှိနေ၏။ မောင်သာမသည် သူ ကျုးလွန်မိသော ပြစ်မှုအတွက် ကြောက်လန့် ရှက်ရွံ့နေ၏။ အထူးသဖြင့် ဘုရားရှင်၏ ရှေ့တော်မှောက်၌ နာမည်ဖော်၍ အပြောခံလိုက်ရသောကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေ၏။ ခေါင်းငုံ့လျက် မျက်လွှာချထားရင်း လက်ချောင်းများကို ချိုးနေ၏။ မောင်သာမ၏ အခြေအနေကို ရိပ်စားမိသော မောင်ဝဏ္ဏသည် မောင်သာမ၏ အနီးသို့သွား၍ မောင်သာမ၏ ပခုံးကို ဖွဖွဆုပ်ကာ အသံတိတ် အားပေးနေ၏။ ငိုမယောင် မျက်နှာထားနှင့် မျက်တောင်သာ ပေကလပ် ပေကလပ် တွင်တွင်ခပ်ရင်း အောက်နှုတ်ခမ်းကို အပေါ်သွားများနှင့် ဖိကိုက်နေသူ မောင်သာမသည် ဒဏ်ရာရနေသော မြွေကြီးကို မဝံ့မရဲ လှမ်းကြည့်လိုက်ပြီး ဝမ်းသာအားရ အော်လေ၏။

“ဟော . . .။ မြွေကြီး ပြေးတော့မယ်။ မသေဘူး။”

ကလေးအားလုံး မြွေဆီ ကြည့်လိုက်ကြပြီး ဘုရားရှင်နှင့် မောင်သာမတို့ ရှိရာဘက်သို့ ပြေးလာကြ၏။ မြွေလည်း တစ်ခြားတစ်ဘက်မှ ထွက်သွား၏။ သေလုမျောပါး ဒဏ်ရာရနေသော မြွေ မသေဘဲ လွတ်မြောက်သွား၍ စိုးရွံ့ထိတ်လန့်မှု သက်သာပြီး လွတ်လပ်ပေါ့ပါးသွားသည့် မောင်သာမကို ကြည့်၍ ဘုရားရှင် ပြုံးတော်မူ၏။ မောင်သာမ၏ ခေါင်းကို ယာလက်တော်ဖြင့် ညင်သာစွာ ပုတ်လျက် နှစ်သိမ့်အားပေးတော်မူ၏။

“ဟုတ်ပါတယ် . . . မောင်သာမ . . .။ မင့်မြွေကြီး မသေပါဘူး။ ဒဏ်ရာတော့ ရသွားတာပေါ့။ သက်သာသွားမှာပါ . . .။ ကလေးတို့ . . . စိတ်ပူမနေကြပါနဲ့။”

ဘုရားရှင်၏ အနီးအပါး၌ ဝန်းရံနေကြသော ကလေးတို့သည် ကိုင်ဆောင်ထားသည့် ခဲများကို လမ်းဘေးသို့ လွှင့်ပစ်လိုက်ကြ၏။ ဘုရားရှင်၏ ရှေ့တည့်တည့်၌ ရှိနေကြသော ကလေးတို့သည် ဘုရားရှင်၏ အသရေ ပြည့်ဝသော မျက်နှာတော်ကို အတန်ကြာအောင် ငေးစိုက် ကြည့်နေကြ၏။ ဘုရားရှင်၏ နောက်တော်၌ ရှိနေသော ကလေးတစ်ယောက်သည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဘုရားရှင် မသိအောင် ညင်ညင်သာ ကိုင်ကြည့်ရင်း  သူ့ဘေးက ကလေးတစ်ယောက်ကို လျှာထုတ်ပြနေ၏။ ကလေးများ အားလုံး ဘုရားရှင်နှင့် ရင်းနှီးကျွမ်းလိုကြဟန် တူသည်။

“ကလေးတို့ . . . ငါ့နောက်မှာ မနေကြနဲ့။ ရှေ့ကို လာခဲ့ကြ”ဟု ဘုရားရှင်က ခေါ်တော်မူလိုက်၏။ ထိုအခါ ကလေးများအားလုံး ဘုရားရှင်၏ ရှေ့တော်မှောက်၌ စုဝေးမိလေသည်။ ဘုရားရှင်၏ သင်္ကန်းတော်ကို တိတ်တဆိတ် ကိုင်ကြည့်ခဲ့သော ကလေးငယ်သည် သူ၏ ခိုးကြောင်ခိုးဝှက် ကိစ္စကို ဘုရားရှင် သိလေသလားဟု သံသယဖြစ်မိ၏။ သို့သော် ဘုရားရှင်က သူ့ကို ငေါက်ငမ်းလိမ့်မည် မဟုတ်ဟူ၍ကား သူ အခိုင်အမာ ယုံကြည်ထားသည်။

“ကလေးတို့ . . .။ သက်ရှိ သတ္တဝါ အားလုံးဟာ ချမ်းချမ်းသာသာ နေချင်ကြတယ်။ ကလေးတို့ ပျော်ချင်ကြတယ် မဟုတ်လား။ ဘေးကင်းချင်ကြတယ် မဟုတ်လား။ လူလိမ္မာဆိုတာ စာနာတတ်ရတယ်။ ကြင်နာတတ်ရတယ်။ ကိုယ် ချမ်းသာဖို့၊ ကိုယ်ဘေးကင်းဖို့ သူတစ်ပါးကို ညှင်းဆဲတဲ့သူ၊ လက်နက်နဲ့ တိုက်ခိုက်တဲ့သူဟာ ဘဝသံသရာမှာ ချမ်းသာသုခ မရရှိနိုင်ဘူး။ ကိုယ်ချင်းစာတတ်မှ၊ သူတစ်ပါးကို ငဲ့ညှာတတ်မှ ချမ်းသာမယ်။ နားလည်ကြရဲ့လား။”

“မှန်ပါ ဘုရား . . .။”

“ကလေးတို့ . . . ဒီ သာဝတ္ထိ မြို့ထဲမှာ။ ကိုယ်အင်္ဂါ မပြည့်စုံတဲ့သူတွေ၊ ရုပ်ရည်အဆင်း မလှပတဲ့သူတွေ မြင်ဖူးကြတယ် မဟုတ်လား။”

“ဘုန်းဘုရား . . . သစ်ပင်ပိလို့ ခြေတစ်ဘက် ပြတ်သွားတဲ့ စဏ္ဍာလကြီး ဝစ္ဆလို လူမျိုးလား . . .”

“ဟုတ်တာပေါ့ . . .။”

“ရက်ကန်းသည်မကြီး ဝိသာဆိုရင် သွားခေါခေါ မျက်လုံးစွေစွေနဲ့။ အသားအရေကလည်း ခြောက်ကပ်နေတာပဲ။ ကျက်သရေကို မရှိဘူး။”

“ဟုတ်ပြီ . . . ကလေးတို့။ ကိုယ်အင်္ဂါချို့တဲ့သူတွေ၊ အရုပ်ဆိုး အကျည်းတန်သူတွေ၊ နောက်ပြီး အားအင်ချိနဲ့သူတွေ၊ လေးလံထိုင်းမှိုင်းသူတွေ၊ ကြောက်ရွံ့ထိတ်လန့်လွယ်သူတွေ၊ အနာရောဂါ များသူတွေ၊ အခြွေအရံ အပေါင်းအသင်းမရှိဘဲ အထီးကျန်နေရသူတွေဟာ အတိတ်ဘဝက သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခဲ့လို့ ခုဘဝမှာ  အဲဒီလိုတွေ ဖြစ်နေကြရတာပဲ။

တစ်ချို့ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတာ၊ တစ်ချို့ အရွယ်မရင့်သေးဘဲ သေဘေးဆိုက်ရတာတွေလည်း ကလေးတို့ မြင်ဖူး ကြားဖူးကြတယ် မဟုတ်လား။ အဲဒါတွေလည်း သတ်ဖြတ်ညှင်းဆဲခြင်းရဲ့ အကျိုးဆက်ကို ခံယူလိုက်ကြရတာပဲ။”

“သဘောပေါက်ပါပြီ ဘုရား . . .။”

“ဘုန်းဘုရား . . . မသတ်ဖြတ် မညှင်းဆဲဘဲ သနားကြင်နာတတ်တဲ့ သူဆိုရင် ဘဝတိုင်း ဘဝတိုင်း ရုပ်ချောမှာပေါ့။ အသက်ရှည်မှာပေါ့. . .။ ဒါဆိုရင်တော့. . . ကိုယ်ချင်းစာပြီး ကြင်နာမှ ဖြစ်မယ် . . .။”

“ကလေးတို့ . . . သနားကြင်နာတတ်တဲ့သူတွေ ရုပ်ဆင်းရူပကာ ချောမောလှပတာ၊ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်တတ်တဲ့ ဒေါသအိုးတွေ အရုပ်ဆိုး အကျည်းတန်တာကတော့ ဘဝသံသရာမှာ မပြောနဲ့ ခုဘဝမှာကိုပဲ ထင်ရှားတယ်။ ဒေါသထွက်နေတဲ့သူတွေ၊ စိတ်ဆိုးနေတဲ့သူတွေ၊ စိတ်ညစ်နေတဲ့သူတွေဟာ ရုပ်ရည်လှလို့လား။ မျက်နှာထား ပုပ်သိုးသိုးနဲ့ အရုပ်ဆိုးနေကြတာ မဟုတ်လား။ သနားကြင်နာတတ်တဲ့ သူတွေကတော့ ဖော်ရွေတဲ့ အပြုံးနဲ့ လှနေကြတာ မဟုတ်လား။ ပင်ကိုယ်က ဘယ်လောက် ချောမောလှပတဲ့ သူပဲဖြစ်ဖြစ် ဒေါသထွက်နေရင် လှတော့လို့လား။ အပြုံးပန်းကတော့ အကျည်းတန်သူကိုတောင် လှစေနိုင်တယ်။ ငိုမဲ့တဲ့ ကလေးနဲ့ ပြုံးရယ်တဲ့ ကလေး ဘယ်သူက ပိုလှသလဲ။ ဘယ်သူက ပိုပြီး ချစ်စရာ ကောင်းသလဲ။ တောက်ပတဲ့ အကြင်နာ အပြုံးတစ်ပွင့်ဟာ လောကတစ်ထောင်ကို ကမ္ဘာတစ်ထောင် လင်းလက်စေနိုင်တယ် ကလေးတို့ . . .။”

ဘုရာရှင်၏ မေတ္တာ ကရုဏာ ကြွယ်ဝသော အပြုံးဓာတ်သည် ကလေးများထံ ကူးရောက်ပြန့်နှံ့သွား၏။ ဖြူဖြူစင်စင် အပြစ်ကင်းသော ကလေးတို့ မြတ်နိုးဖွယ် ပြုံးပျော်နေကြသည်။ ကလေးများနှင့် ဘုရားရှင်တို့ အတိုင်အဖောက်ညီညီ အပြန်အလှန် စကားဆိုနေကြရာ မောင်သာမလည်း ရဲစိတ်ဝင်လာပြီး နှုတ်ဆိတ်မနေနိုင်တော့ပေ။ ဘုရားရှင်ကို ရိုသေစွာ လက်လုပ်ချီရင်း ချိုကြည်စွာ လျှောက်ထားလိုက်၏။

“ဘုန်းဘုရား . . . သား . . . တစ်သက်လုံး သတ်ဖြတ်တာတွေ၊ ညှင်းဆဲတာတွေ မလုပ်တော့ပါဘူးဆိုတာကို ဘုန်းဘုရားသိအောင် သူငယ်ချင်းတွေသိအောင် ကတိပေးပါတယ် ဘုရား . . .။”

ကလေးအားလုံး မျက်လွှာချထားလျက် ဘုရားရှင်ကို လက်အုပ်ချီနေကြသည်။ ကလေးငယ်တို့သည် နုနယ်သူတို့ သဘာဝအလျောက် မိုက်မှားမိခဲ့ကြ၏။ သို့သော် မျိုးကောင်းမျိုးသန့် ကလေးများ၊ မိကောင်းဖကောင်းတို့၏ သားထူးသားမြတ်ကလေးများ၊ ပါရမီရှင်လေးများ ဖြစ်ကြသည့် အားလျော်စွာ ဘုရားရှင်၏ ဆုံးမသွန်သင်မှုကို ခံယူရရှိသောအခါ ကလေးအားလုံး ဉာဏ်အလင်း ပေါက်သွားကြလေ၏။ အရွယ်ပင် ငယ်သော်လည်း အရိယာမဂ် ပထမအဆင့်ထိ ရောက်သွားကြ၏။ အရိယာ သူတော်စင်လေးများ ဖြစ်သွားကြပြီး တစ်သက်တာလုံး သတ်ဖြတ်မှု ညှင်းဆဲမှုများကို ရှောင်ကြဉ်ကြလေ၏။ ဘုရားရှင်ကိုလည်းကောင်း၊ ဘုရားရှင်၏ အဆုံးအမ မှန်သမျှကိုလည်းကောင်း၊ ဘုရားရှင်၏ တပည့်သား သံဃာတော် အားလုံးကိုလည်းကောင်း အသက်ထက်ပင် မြတ်နိုးနိုင်သော အာဂယောက်ျားလေးများ ဖြစ်သွားကြလေ၏။ အရွယ်ရောက်သောအခါ သာသနာတော်ကို အားတက်သရော ထောက်ပံ့ကြလေ၏။


:)
ရှင်အာစာရ
မှတ်ချက်။   ။ သမ္ဗဟုလကုမာရကဝတ္ထု (ဒဏ္ဍဝဂ်၊ ဓမ္မပဒအဋ္ဌကထာ) စသည်ကို မှီးပါသည်။

No comments:

Post a Comment