“ကာဠုဒါယီ . . . ဒါက ဘာလဲ။ ငါ့သားတော် ဘာဖြစ်လို့ ခုထိ မလာသေးတာလဲ”ဟု မင်းကြီးကမေး၏။
“အရှင်မင်းကြီး . . . မြတ်စွာဘုရားက လမ်းမှာပဲ တန့်ရပ်တော်မူနေပါတယ် ဘုရား . . .။”
“ဘာဖြစ်လို့လဲ။ ပြောစမ်းပါ ကာဠုဒါယီ။ ငါ့ကို ပြောစမ်းပါ။”
သာကီဝင်များနှင့် ပုဏ္ဏားတော်များလည်း မြင်းဆွဲယာဉ် ရှိရာသို့ ရောက်လာကြသည်။ အနွေးထည်များ ဝတ်ထားကြသော်လည်း အေးလွန်း၍ ခိုက်ခိုက်တုန်နေကြ၏။
ကာဠုဒါယီက လျှောက်ထားလိုက်သည်။
“အရှင်မင်းကြီး . . . ယာဉ်ထဲမှာ . . .။ ကြည့်ရှုတော်မူပါ ဘုရား။”
မင်းကြီးသည် ယာဉ်ထဲသို့ စွေ့ခနဲ့ ကြည့်လိုက်ပြီး မိန့်တော်မူ၏။
“ဟဲ့ အမတ်။ ငါ နားမလည်တော့ဘူး။ ယာဉ်ထဲမှာ စုတ်စုတ်ပြတ်ပြတ် ကိုယ်တုံးလုံး အဖွားအိုပဲ တွေ့တယ်။ ကာဠုဒါယီ . . . နင် ရူးများနေသလား။ သုသာန်တစပြင်က အမှိုက်ပုံမှာ ထားရမယ့် အဖွားအိုကို ဘာဖြစ်လို့ မြို့တော် ခေါ်လာရတာလဲ။ ငါမျှော်နေတာက ငါ့ သားတော်ဘုရား . . . နင် ခေါ်လာတာက . . .။”
“အရှင်မင်းကြီး . . .။ အရှင်မင်းကြီးရဲ့ သားတော်ဘုရားဟာ ထူးဆန်းတဲ့ ပုဂ္ဂိုလ်ပါ ဘုရား။ သူ့လို ပုဂ္ဂိုလ်မျိုးဖြင့် ကျွန်တော်မျိုး တွေ့လည်းမတွေ့ဖူး ကြားလည်းမကြားဖူးပါ ဘုရား။ မြို့တော်အပြင်ဘက် လမ်းဘေးရေမြောင်းထဲက တွေ့ခဲ့ရတဲ့ ဒီ အမျိုးသမီးကြီးဟာ သုဘာ ဖြစ်ပါတယ် ဘုရား။ တစ်ချိန်က မြို့တော်ရဲ့ ပြည့်တန်ဆာ ဖြစ်ခဲ့သူပါ။ ခုတော့ အိုမင်းရွတ်တွ နေပါပြီ။ ရောဂါဘယတွေ စွဲကပ်နေပါပြီ။ စိတ်လည်း မမှန်တော့ပါ ဘုရား။ အရှင်မင်းကြီး . . . ကျွန်တော်မျိုး လျှောက်ထားတာကို နားဆင်တော်မူပါ။ အဖြစ်မှန်ကို သံတော်ဦး တင်ပါ့မယ် ဘုရား . . .။
အရှင်မင်းကြီး . . . ဘုရားရှင်နဲ့ ကျွန်တော်မျိုးတို့ လာနေကြတာပါ။ ဘုရားရှင်ရဲ့ တပည့်သား သံဃာတော်တွေလည်း ပါပါတယ်။ ကျွန်တော်မျိုးတို့ လာနေရင်း ဘုရားရှင်က ဒီ အမျိုးသမီးကို မြင်တော်မူပြီး တပည့်တော်ကို သူ့အကြောင်းတွေ မေးမြန်းစုံစမ်းတော်မူပါတယ် . . .။ ကျွန်တော်မျိုး မြင်းဆွဲယာဉ်နဲ့ လာခဲ့တာကို ဘုရားရှင် သိသွားတော့ အမိန့်ရှိပါတယ် ဘုရား။ သူ့စကားအတိုင်း အတိအကျ လျှောက်ထားပါ့မယ် ဘုရား . . .။
ဒါဆိုရင် သူ့ကို ယာဉ်ပေါ်တင်ခေါ်သွားပြီး ခမည်းတော် မင်းကြီးဆီ ပို့လိုက်ပါ။ ဒီလို ဒုက္ခရောက်နေသူကို ကယ်တင်တာဟာ ငါ့ကို ဂုဏ်ပြုရာ ရောက်လိမ့်မယ်လို့ ခမည်းတော် မင်းကြီးကို ပြောလိုက်ပါ။ သူ့ကို သင့်တော်တဲ့ ဆေးဝါးကုသမှု ပေးလိုက်ပါ။ သူ့နဲ့ သင့်တော်တဲ့ အဝတ်အစားတွေ ပေးလိုက်ပါ။ ဒီကိစ္စ ဆောင်ရွက်ပြီးမှပဲ ကပိလဝတ်ဟာ ဘုရားရှင်တို့နဲ့ သင့်တော်တဲ့နေရာ ဖြစ်လိမ့်မယ်ဆိုတာ ခမည်းတော် မင်းကြီးကို ပြောလိုက်ပါ။ ငါ ဒီနေရာက စောင့်မယ်။ ဒီ သူဆင်းရဲမကြီးကို ခေါ်ပြီး မြို့တော်ပြန်ပါ။ သူ လိုတာတွေ လုပ်ပေးလိုက်ပါ။ ဒီကိစ္စ ပြီးပြီဆိုရင် ငါ့ကို အကြောင်းကြားပါ။ အဲဒီအခါကျရင် ငါ ကပိလဝတ်မြို့ထဲ ဝင်မယ်။”
ကာဠုဒါယီ၏ လျှောက်ထားချက် မပြီးဆုံးမီပင် မာနခဲ သာကီဝင်တို့ ကြမ်းတမ်းရိုင်းပျလာကြ၏။ အစပထမ၌ တိတ်ဆိတ်စွာ ရပ်နေကြရင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၏။ ထို့နောက် မင်းကြီးကို ဒေါနှင့်မာန်နှင့် ဟိန်းကြဟောက်ကြလေတော့၏။
“မင်းကြီး။ ကျွန်ုပ်တို့ကို ဒီပုံစံမျိုးနဲ့ စော်ကားဖို့ ဒီနေရာ ဖိတ်ခေါ်ခဲ့တာလား။ မင်းကြီးရဲ့သား သိဒ္ဓတ္ထပဲဖြစ်ဖြစ်၊ လောကသရဖူ ဗုဒ္ဓပဲဖြစ်ဖြစ် ကျွန်ုပ်တို့အရေး မဟုတ်ဘူး။ ခုတော့ စော်ကားခံလိုက်ရတယ်။ မှတ်မိသလောက် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ဒီလို စော်ကားခံရတာမျိုး တစ်ခါမှ မရှိခဲ့ဘူး။ မင်းကြီး . . .။ ကျွန်ုပ်တို့ သည်းခံနိုင်တဲ့ အတိုင်းအတာ ကျော်လာပြီ။ သူ့ကို ကြိုဆိုဖို့ ချမ်းချမ်းစီးစီး လာစောင့်နေကြတဲ့ ကျွန်ုပ်တို့ကို အခုလို စော်ကားတာဟာ ဘာအဓိပ္ပာယ်လဲ။ ရှင်းပြစမ်းပါအုံး။ ”
စိတ်ရှုပ်ထွေးသွားသော မင်းကြီးသည် တောင်ဝှေးထောက်လျက် ယာဉ်ဆီသို့ ဒယီးဒယိုင် ချဉ်းကပ်နေ၏။ ခေါင်းငိုက်စိုက် ချထားပြီး မြေပြင်ကို တွေတွေကြီး ငေးရင်း ရေရွတ်နေ၏။
“အို . . . နတ်ဒေဝါတို့ . . .။ ဘယ်လို ပျက်စီးခြင်းတွေ ရောက်လာပါလိမ့် . . .။ သားတော် . . . အို . . . ငါ့သား . . .။ ဘာဖြစ်လို့ ခမည်းတော်ကို စိတ်ထိခိုက်အောင် လုပ်ရတာလဲ . . .။”
စိတ်ရှည် သည်းခံတတ်သူ ကာဠုဒါယီက ရိုကျိုးစွာ လျှောက်တင်၏။
“အရှင်မင်းကြီး . . .။ သာကီဝင် မင်းအပေါင်းတို့ . . .။ မျက်မာန်တော် မထားကြပါနဲ့ . . .။ လောကဥသျှောင် ဘုရားရှင်ဟာ အရှင်တို့ တွေးခေါ်စဉ်းစားသလို မတွေးခေါ် မစဉ်းစားပါဘူး။ ဘုရားရှင်ဟာ အားလုံးအပေါ်မှာ တညီတညွတ်တည်း မျှမျှတတ ရှိပါတယ်။ သူ့ဖခင် မင်းကြီး အပေါ်မှာရော ဒီ အဖွားအိုကြီး အပေါ်မှာပါ သူ . . . ထားရှိတော်မူတဲ့ သဘောထားက အတူတူပါပဲ။ သူဟာ . . . လူတိုင်းကို တစ်သမတ်တည်း ဆက်ဆံတော်မူတာပါ . . . .။”
“မင်းကြီး . . .။ မင်းကြီးရဲ့ သားတော်ဟာ သူ့ မွေးသဖခင် မင်းကြီးကိုရော ဒီ နုံချာတဲ့ အဖွားအိုကြီးကိုပါ တစ်သဘောတည်း ထားတယ်ဆိုရင် သူ ရရှိခဲ့တဲ့ ဘုရားအဖြစ်ဆိုတာ ဘယ်လိုဟာမျိုးလည်းလို့ ကျွန်ုပ်တို့ ခန့်မှန်းနိုင်ပါပြီ”ဟု သာကီဝင်တို့က ချက်ချင်းပင် ထေ့လုံးနှင့် တုံ့ပြန်ကြ၏။
“အရှင့်သားတို့ . . . ။ ဘုရားအဖြစ်ကို လျှော့မတွက်ကြပါနဲ့ . . .။ ဘုရားရှင် ဒီရောက်လာတဲ့အခါကျတော့ ဘုရားရှင်ရဲ့ ကြီးမြတ်မှုကို အရှင့်သားတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြပါလိမ့်မယ်။ အထင်အမြင် လွဲမှားတာတွေ မဖြစ်သင့်ပါဘူး။ ခု လောလောဆယ် လုပ်သင့်တာက ဒီ အမျိုးသမီးကြီးကို ဆေးဝါးကုသပေးဖို့၊ ကျန်းမာအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ ဆန္ဒတော်အတိုင်း ဖြစ်သွားအောင် ဒီ အမျိုးသမီးကြီးကို မြို့တော်မှာ အကောင်းဆုံး သမားတော်ဖြစ်တဲ့ သဉ္စယဆီ ပို့ခွင့်ပြုတော်မူပါ အရှင်မင်းကြီး . . .။ ဒီ အမျိုးသမီးကြီး အကောင်းဆုံး ဆေးဝါးကုသမှု ရလိုက်ပြီ၊ သင်တော်တဲ့ အစားနဲ့အဝတ် ရလိုက်ပြီဆိုတဲ့အကြောင်း ဘုရားရှင်ဆီ သတင်းပို့ လျှောက်ထားနိုင်တဲ့အခါမှာ ဘုရားရှင်ဟာ အလွန့်အလွန်ကိုပဲ နှစ်သက်တော်မူပါလိမ့်မယ်။ အဲဒီအခါ မြို့ထဲလည်း ဝင်တော်မူပါလိမ့်မယ် ဘုရား . . .။ အရှင့်သားတို့ . . . မြတ်စွာဘုရားရှင်ဟာ ကူကယ်ရာ မဲ့သူကို ကူညီရမယ်ဆိုတဲ့ သင်္ခန်းစာ ပေးတော်မူချင်လို့ သူ ကြွတော်မမူခင် ဒီ ဒုက္ခသည် အဖွားအိုကို အရင်လွှတ်လိုက်တာ . . . ထင်ပါတယ် . . .။ ဘယ်သူ့ကိုမှ စော်ကားဖို့ ရည်ရွယ်တော်မမူပါဘူး . . .။ အရှင်မင်းကြီး . . . ဒီ အမျိုးသမီးကြီးကို သဉ္စယဆီ ပို့ခွင့် ပြုတော်မူပါ ဘုရား . . .။”
မင်းကြီး ဘာမှ မမိန့်မြွက်နိုင်သေးမီ သာကီဝင်မင်းသားတို့၏ ဦးစီးခေါင်းဆောင် သက္ကောဒနက ဆို၏။
“သမားတော် သဉ္စယဟာ အမျိုးမြတ်တဲ့ သာကီဝင်တွေ အတွက်ပဲ။ မဟာဆီ မဟာသွေးတွေကိုပဲ သူ ကုသပေးတယ်။ မြင့်မြတ်တဲ့ သာကီမျိုးကို အရှက်ရအောင် စော်ကားမနေဘဲ ဘဝဆုံးခါနီးနေတဲ့ ဒီ မိန်းမယုတ်ကို သုသာန်ပို့လိုက်တာ အကောင်းဆုံးပဲ။”
ထိုစဉ် ယာဉ်အတွင်းမှာ လဲလျောင်းရင်း တိတ်တဆိတ် နားထောင်နေသော သုဘာက ခါးခါးသီးသီး ထအော်လိုက်၏။
“ခု ပြောတဲ့လူ ဘယ်သူလဲဆိုတာ ငါ သိတယ်။”
“ဟယ် . . . ဒီမိန်းမ။ ငါတို့ကို အရှုပ်တိုက်တဲ့ မိန်းမစုတ်။ ဘယ်သူလဲဆိုတာ သိရင် ပြောစမ်း”ဟု သက္ကောဒနက ကြိမ်းဝါး၏။
“သက္ကောဒနပဲ။ . . . . . မောက်မာ ဝင့်ကြွားတဲ့ သက္ကောဒနပဲ။ သက္ကောဒန . . . နေစမ်းပါအုံး။ ငါ့ကို နင် ဘယ်လို ပွေ့ခဲ့ဖက်ခဲ့တယ်ဆိုတာ မှတ်မိသေးလား။ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်တုန်းက ငါ့ တိုက်ခန်းဆောင်ထဲမှာလေ။ ငါ့ နှုတ်ခမ်းတွေကို နင် နမ်းခဲ့စုတ်ခဲ့တာရော မှတ်မိသေးလား။ ခုတော့ ငါ့ နှုတ်ခမ်းတွေ အနာတရဖြစ်နေပြီ။ ပုပ်သိုးနေပြီ။ အနံ့ ထွက်နေပြီပေါ့။ နင်နဲ့ လက်ထပ်ပါလို့ ငါ့ကို နင် တိုးလျှိုး တောင်းပန်ခဲ့သေးတယ်လေ။ မောက်မာ ဝင့်ကြွားလိုက်တဲ့ သက္ကောဒန . . .။ အဲဒီတုန်းက ငါ . . .”
“ဒီမိန်းမ . . .။ တော်တန်တိတ်။ ငါ့ကိုပါ စော်ကားတော့မလို့လား”ဟု မင်းကြီးက ကြားဝင်၍ ဟစ်အော်ငေါက်မဲလိုက်၏။
“မဟုတ်ပါဘုရား . . .။ အရှင်မင်းကြီးက အဲဒီလို မတောင်းဆိုခဲ့ပါဘူး။ အရှင်မင်းကြီး တည်ကြည်ခဲ့ပါတယ်။ ခုလည်း တည်ကြည်တာပါပဲ . . .။”
မင်းကြီးနှင့် သက္ကောဒနတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းငိုက်စိုက် ချနေလိုက်ကြ၏။ ထို့နောက် မင်းကြီးသည် ခေါင်းပြန်ထောင်၍ ကာဠုဒါယီကို မိန့်တော်မူ၏။
“အမတ်ကြီး . . .။ သူ့ကို သဉ္စယဆီသာ . . . ခုချက်ချင်း ပို့လိုက်ပါ။ သင့်တော်တဲ့ ဆေးဝါးကုသမှု ပေးလိုက်ပါ။ အဝတ်အစား ကောင်းကောင်းလည်း ပေးလိုက်ပါ။ ငါ . . . သေမှပဲ အေးတော့မယ် . . .။ ငါ . . . နန်းတော်ပြန်တော့မယ် . . .။ ငါ့မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားပြီမို့ ငါ . . . ငိုရင်းနဲ့ နန်းတော်ပြန်သွားပြီ . . . လို့ ငါ . . . ချစ်ရတဲ့ ငါ့သားတော်ကို . . . ပြောလိုက်ပါ . . .။”
:)
ရှင်အာစာရ
Ref:
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
No comments:
Post a Comment