Saturday, August 27, 2011

Jesus Loves You Anyway - နင် ဘာဖြစ်နေနေ ချစ်တယ်

“Long time no seeပါလား မိတ်ဆွေကြီး . . .။”
:)

----------------------------------------------------

ဟိုတစ်လောက “Hello”ဆိုတဲ့ Postထဲမှာ ထည့်ရေးခဲ့တဲ့ ဒကာမ ရေးလိုက်တဲ့ စာကို မမျှော်လင့်ဘဲ ဖတ်လိုက်ရပါတယ်။ သူက facebookမှာ ဟိုကဒီက ဇာတ်လမ်းတွေ ရှောင်ချင်ပုံရပါတယ်။ ဒါကြောင့် ပျက်ချော်ချော် တစ်ယောက်ယောက်က သူ့နာမည်ကို addလိုက်မှာ စိုးတဲ့အတွက် နာမည် မပြောတော့ပါဘူး။ ပြည်ပမှာ ကျောင်းတက်နေတဲ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး။ သူ့နာမည် “မချစ်ကြည်လဲ့ရည်”ဆိုပါစို့။ (ဒီ နာမည်ကို ကြိုက်တဲ့သူ ယူ သုံးနိုင်ပါတယ်။) နာမည်မှန် မထည့်လိုက်ပေမယ့် “Hello” postထဲမှာ ရေးခဲ့သလို ရောက်ချင်ရာရောက် ရမ်းaddတာမျိုး ဆိုရင်တော့ ကိုယ့်ဟာကိုယ်သာ ကြည့်လုပ်လိုက်ပါ မချစ်ကြည်လဲ့ရည်ရေ . . .။ :)

မချစ်ကြည်လဲ့ရည်ရဲ့ စာထဲမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ တစ်ခြားလူတွေလည်း မျှဝေခံစားနိုင်မယ့် အကြောင်းအရာ ပါနေလို့ စာကိုတော့ ဖုံးကွယ်မထားတော့ပါဘူး။ ဒီစာကို ဘယ်သူရေးတယ် ဘယ်ကလာတယ်လို့ Googlerတွေ ရှာနိုင်မှာ မဟုတ်တဲ့အတွက် စာကို ဖော်ပြတာတော့ ပြဿနာ မရှိလောက်ဘူး ထင်ပါတယ်။ စာစီအမှားလေးတွေ ပြင်ပြီး စာ ဖော်ပြလိုက်တာကိုတော့ မချစ်ကြည်လဲ့ရည် လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မကျေနပ်ရင်လည်း ခွင့်လွှတ်ပါ။

----------------------------------------------------

“ဘုန်းဘုန်း

နေကောင်းပါလား ဘုရား။

facebook တက်ဖြစ်ရင် ဟိုကဒီကနဲ့ ဇာတ်လမ်းဖြတ်လို့မရလို့ ဘုန်းဘုန်းပို့စ်တွေ အမြဲဖတ်ဖြစ်ပေမယ့် like မနှိပ်ဖြစ်၊ comment မပေးဖြစ်ဘူးဘုရား။ အမြဲတော့ tag ပေးပါဘုရား။ ဂရုတစိုက် အမြဲ ဖတ်ပါတယ်။

ဘုန်းဘုန်းကို တစ်ခု မေးချင်လို့ပါ။ မြတ်စွာဘုရားကို မဟာကရုဏာရှင်လို့ အကြွင်းမဲ့ စိတ်ထဲမှာ ရှိပါတယ်။ ဒါပေမယ့် တစ်ခါတုန်းက တစ်ယောက်ထဲ စိတ်ဓာတ်ကျသလို အားကိုးမရှိသလို ခံစားရတယ်။ စိတ်ထဲမှာလည်း တစ်ခုခုကြောင့် အပြစ်မကင်းတဲ့ ခံစားချက်ရှိနေတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုချစ်တဲ့ မေတ္တာထားတဲ့သူ ရှာမတွေ့ဘူး၊ ကိုယ့်မှာ အပြစ်ရှိနေလို့ ကိုယ့်ကို မေတ္တာထားနိုင်တဲ့သူ မရှိဘူးလို့ စိတ်ထဲမှာ no one to tend to ဖြစ်တယ်။ အဲဒီအချိန်မှာ ဘုရား တရားတွေးပြီး မဖြေနိုင်ဘူး ဖြစ်တယ် ဘုရား။ စိတ်ထဲမှာ မေတ္တာငတ်နေတယ်လို့ ထင်တယ်။ ကံ ကံ၏ အကျိုးကြောင့် ကိုယ်လုပ်တဲ့ကိစ္စ ကိုယ့်ကံက ကိုယ်နဲ့ပဲဆိုင်တယ် ဘုရားလည်း မကူနိုင် မချစ်နိုင်ဘူးလို့ စိတ်ထဲဖြစ်တယ်လို့ ထင်တယ် ဘုရား။ အဲဒီအချိန်မှာ Jesus loves you anyway ဆိုတဲ့ စာသား ဖတ်မိတယ် ဘုန်းဘုန်း။ အဲဒီစာသားက ဘယ်လို ခွန်အားပေးမှန်း မသိဘူး။ တစ်ယောက်မှ မရှိတဲ့အချိန်မှာ နင် ဘာဖြစ်နေနေ ချစ်တယ်လို့ ပြောတာ အရမ်း relief ဖြစ်တဲ့ ခံစားချက်ရတယ်။ ပြောချင်တာက အဲဒီလို ခံစားချက်ပေးတဲ့ ဘုရားက မေတ္တာထားတဲ့ သာဓက လို၊ ပုံ လိုမျိုး သိချင်တာပါ ဘုရား။ မြတ်စွာဘုရားက သတ္တဝါ အားလုံးအပေါ် မဟာကရုဏာထားတယ် ဆိုတာတော့ သိတယ်၊ ဒါပေမယ့် အဲဒီမေတ္တာဓာတ်ကို စိတ်ဓာတ်ကျနေချိန်မှာ တွေးယူလို့ မရဘူးဖြစ်နေတယ်။ စိတ်ဓာတ်ကျချိန်မှာ ဘုရားရှိနေပေးတယ်လို့ ခံစားချင်တာ ဘုန်းဘုန်း။ :) ဘုန်းဘုန်းက စာရေးလဲကောင်း နိပါတ်တော်တွေလဲ သိတာမို့ အပူကပ်တာပါ။ ဘုန်းဘုန်း အချိန်ရတဲ့အခါ ရေးပေးပါနော် ဘုရား။

ပို့စ်တွေအားလုံးအတွက် ကျေးဇူးတင်လျက်ပါ ဘုရား။”

ချစ်ကြည်လဲ့ရည်

----------------------------------------------------

သတင်းကြားရတာ ၀မ်းသာပါတယ် မချစ်ကြည်လဲ့ရည်။

Jesus loves you anyway ဆိုတာကို ဖတ်ပြီး reliefဖြစ်ရတယ်ဆိုတော့ . . . :)။ သူတစ်ပါးရဲ့ ဘာသာရေးကို ပျက်ရယ်ပြုရာ ရောက်မလားလို့တော့ စဉ်းစားမိပါတယ်။ မချစ်ကြည်လဲ့ရည်ကို နောက်သလို ပြောင်သလို ဖြစ်သွားမှာလည်း စိုးမိပါတယ်။ ဒါပေမယ့် အချင်းချင်းမို့ ပြန်ပြောပါ့မယ်။ . . . relief ဖြစ်တယ်ဆိုတာ မြာပွေတဲ့ သူဋ္ဌေးသား ချောချောလေးက စကားလုံးလှလှလေးတွေနဲ့ ရည်းစားစကား လာပြောလို့ ရင်ခုန်သွားရတဲ့ ကောင်မလေးတစ်ယောက်လို ခံစားလိုက်ရတာများလားလို့ စဉ်းစားမိတယ်။ :)

ဘာသာရေး ယုံကြည်ချက် ဆိုတာကလည်း ပြောရတော့ခက်သားပဲ။ ငယ်ငယ်က အင်္ဂလိပ်စာ သင်ပေးတဲ့ ခရစ်ယန် သူတော်ကောင်း ဒကာကြီးဆီကနေ ခရစ်ယန်အကြောင်း Jesusအကြောင်း နည်းနည်းပါးပါး သိဖူးတယ်။ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ တော်ကြတာပဲ။ အဲဒီ ဒကာကြီးဆိုရင် အခြေခံ အင်္ဂလိပ်စာ သင်ပေးတဲ့အပြင် စာဆက်သင်ဖို့ အားပေးတယ်။ လောကီဘွဲ့တစ်ခု ရတဲ့အထိ စီစဉ်ပေးတယ်။ ကျောင်းစရိတ် ကျူရှင်စရိတ်တွေ ခံတယ်။ လုပ်ရကိုင်ရမယ့် အဆက်အသွယ်တွေနဲ့ ချိတ်ပေးတယ်။ ကျောင်းကြိုပို့ လုပ်ပေးတယ်။ ကျောင်းမုန့်ဖိုးပေးတယ်။ အတန်းချိန်တွေမှာ ဆွမ်းမခံရအောင် အိမ်မှာ နေ့ဆွမ်းကပ်တယ်။ ဒီလောက်အထိ အဆင်ပြေတာကတော့ သူ့ချွေးမက ဗုဒ္ဓဘာသာ ဖြစ်နေလို့ပါ။ ပြောဆိုဆက်ဆံတဲ့ နေရာမှာလည်း လူရည်လည်တယ် ပြောရမလား မသိဘူး။ "အရှင်ဘုရား ၊ တပည့်တော်" ပြောတတ်တယ်။ ကြုံတုန်း ပြောချင်တာက ဘာသာရေး အစွဲမကြီးတဲ့ ခရစ်ယန် တစ်ယောက်ရဲ့ မေတ္တာ စေတနာ။ သူ့ဆီက သိခဲ့ရတဲ့ သူ့ဘာသာကြောင်းက . . . . .။ လူတစ်ယောက် သေဆုံးရင် ၀ိဥာဉ်က သူသေမြှုပ်နှံရာ သင်္ချိုင်းမှာ စောင့်နေရတယ်။ လူဆိုးလား လူကောင်းလား ဆုံးဖြတ်ချက်ပေးမယ့် Judgment Dayအထိ စောင့်နေရတယ်။ (ဒီကြားထဲ သင်္ချိုင်းတွေ အရွှေ့အပြောင်း ခံရရင် ခက်ကုန်ရောတဲ့။) ဆုံးဖြတ်ချက် ချပြီးတဲ့အခါ လူဆိုးဆို ထာဝရငရဲမှာ ခံရမယ်။ လူကောင်းဆိုရင် ထာဝရကောင်းကင်ဘုံမှာ စံရမယ်။ နှစ်လမ်းပဲ ရှိတယ်။ မသေခင် ကျူးလွန်မိတဲ့ ပြစ်မှုတွေကို ဘုရားသခင်ထံမှာ တောင်းပန်ရင် အပြစ်ကင်းတယ်။ ဘုရားသခင်ကိုတော့ ယုံကြည်ရမယ်။ ယုံကြည်တဲ့သူ အပြစ်ကျူးလွန်မိလို့ တောင်းပန်တယ်ဆိုရင် “နင်ဘာဖြစ်နေနေ ချစ်တယ်” ဆိုတဲ့ သဘောမျိုး။ မိုက်တဲ့သူကို လိမ္မာခွင့်ပေးတဲ့ သဘောမျိုး။

ဗီဇမသေးတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ကောင်းကင်ဘုံမှာ ထာဝရ တည်ရှိနေတဲ့ သူတို့ရဲ့ ဘုရားသခင်ကို သူတို့ ယုံကြည်သလို မယုံကြည်ပေမယ့် မေတ္တာငတ်နေချိန်မှာ မေတ္တာစကား ကြားရတဲ့အတွက် စိတ်သက်သာရာရလိုက်တာ ဖြစ်မယ် ထင်ပါတယ်။

ဗုဒ္ဓဘုရားရှင်ကတော့ Jesusလို ကောင်းကင်ဘုံမှာ ထာဝရ တည်နေနိုင်သူ မဟုတ်တော့ အမြဲတမ်း (ခုချိန်ထိ၊ ကိုယ်တိုင်ကိုယ်ကျ) မေတ္တာဓာတ်တွေ မပို့လွှတ်နိုင်တော့ဘူးပေါ့။ ဒီသဘောတရားတွေ သိပြီးသား ဖြစ်မှာပါ အကျယ် မပြောတော့ပါဘူး။ ဘုရားရှင် သက်တော်ထင်ရှား ရှိနေမယ် ဆိုရင်လည်း နင် ဘာဖြစ်နေနေ ချစ်တယ်ဆိုတာမျိုး ဘုရားရှင်ကတော့ မိန့်တော်မူမှာ မဟုတ်ပါဘူး။ နင်ဘာဖြစ်နေနေ ချစ်တယ်လို့ ပြောတာဟာ Jesusက ပြောတာပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘုရားက ပြောတာပဲဖြစ်ဖြစ်၊ ကျမ်းစာရေးသူက ထွင်ရေးတာပဲဖြစ်ဖြစ် ပြောတိုင်းတော့ မယုံသင့်ပါဘူး။ ဘုရားရှင်ကတော့ ဖြစ်နိုင်ရင် မေတ္တာ ကရုဏာနဲ့ ကူကယ်မယ်။ မဖြစ်နိုင်ရင် ကရုဏာသက်မယ်။ မိမိကိုယ်သာ ကိုးကွယ်ရာ။ ဒါတွေလည်း သိပြီးသားတွေပါပဲ။

ဘုရားရှင် မရှိတော့ပေမယ့် မေတ္တာဓာတ်တွေ ပို့လွှတ်နေသူတွေ ရှိပါတယ်။ သူတို့မေတ္တာကို ခံယူနိုင်အောင် ကိုယ်ကလည်း မေတ္တာပို့ပေးပါ။ မေတ္တာရောင်ပြန် ခံယူပါ။

“တစ်ယောက်ထဲ စိတ်ဓာတ်ကျသလို အားကိုးမရှိသလိုခံစားရတဲ့” အခါမျိုးမှာ “ဘုရား တရားတွေးပြီး မဖြေနိုင်ဘူး ဖြစ်တယ်”ဆိုတာ ဘုရားတရား အလေ့အထုံ နည်းသေးလို့ ထင်ပါတယ်။ စွပ်စွဲတာ မဟုတ်ဘူးနော်။ :)

အလေ့အထုံ များတယ်ဆိုရင်တောင်မှ အကြပ်အတည်း ကြုံရရင် ဘုရားမကယ်နိုင် တရားမကယ်နိုင် ဖြစ်ကြရသေးတာပဲ။ သာမန်လူနဲ့ စာရင်တော့ သက်သာရာ ရနိုင်တာပေါ့။

“စိတ်ထဲမှာလည်း တစ်ခုခုကြောင့် အပြစ်မကင်းတဲ့ ခံစားချက်ရှိနေတယ်”ဆိုတာနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်ဆိုတဲ့ ဘုရားရှင်ရဲ့ နည်းလမ်းကို ကျင့်သုံးကြည့်ပါ။ အဲဒါက သမ္မပ္ပဓာန် တရားတော်ပါ။ လေးပါးထဲပါ။ သိပြီးသားလည်း ဖြစ်နိုင်ပါတယ်။
၁။ ကျူးလွန်မိတဲ့ မကောင်းမှုတွေကို ကြိုးစားပြီး မေ့လိုက်ပါ။
၂။ မကျူးလွန်ရသေးတဲ့ မကောင်းမှုကို မကျူးလွန်မိအောင် ကြိုးစားပါ။
၃။ ပြုဆည်းပူးထားတဲ့ ကုသိုလ်တွေကို အထပ်ထပ် ပြန်လည်သုံးသပ်ပြီး ကုသိုလ်ပွားပါ။
၎။ မပြုရသေးတဲ့ ကုသိုလ်တွေ ပြုဖြစ်အောင် ကြိုးစားပါ။

အပြစ်မကင်းတဲ့ ခံစားချက်ကို ကုစားဖို့အတွက် ဗုဒ္ဓဘာသာမှာလည်း နည်းရှိပါတယ်။ တစ်ခုခု ပြစ်မှားမိပါတယ်၊ နောက်ထပ် မမှားစေရပါဘူးလို့ ၀န်ခံကတိ ပေးလိုက်တာပါပဲ။ အဖေကို သတ်မိတဲ့ အပြစ်အတွက် စိတ်မချမ်းမသာ ဖြစ်နေတဲ့ အဇာတသတ်မင်း ဘုရားရှင်ထံမှာ ၀န်ချတောင်းပန်လိုက်လို့ သက်သာရာ ရသွားတာမျိုးပေါ့။ တစ်ယောက်ယောက်နဲ့ ဆက်စပ်ပြီး အမှားလုပ်မိထားရင် ဆက်စပ်ပတ်သက်သူကို တောင်းပန်နိုင်ပါတယ်။ ဆက်စပ်ပတ်သက်သူကို တွေ့ဖို့ မဖြစ်နိုင်ရင် ကိုယ့်စိတ်ကိုယ် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီး ဘုရားရှေ့မှာ ၀န်ချတောင်းပန်နိုင်ပါတယ်။ ကိုယ် ကြည်ညိုလေးစားရတဲ့၊ ကိုယ့်အပြစ်ကို သူများတွေ လျှောက်မပြောဘဲ ဖုံးထားပေးမယ်လို့ စိတ်ချရတဲ့ လူကြီးလူကောင်း တစ်ယောက်ယောက်၊ ဆရာတော် တစ်ပါးပါးထံမှာ ၀န်ချတောင်းပန်နိုင်ပါတယ်။

ကိုယ်က အပြစ်ကျူးလွန်ထားတာ မရှိဘဲ မိသားစု ဆွေမျိုး မိတ်ဆွေတွေ အပါအ၀င် ပတ်ဝန်းကျင် အခြေအနေကြောင့် စိတ်မအေးရတာ၊ စိတ်အားငယ်ရတာ ဆိုရင်တော့ ဒီအခြေအနေတွေနဲ့ ကြုံနေရတာဟာ ကိုယ့်ကံပေါ့လို့ ဆင်ခြင်ပြီး ကိုယ်လုပ်သင့်တာ ကိုယ်လုပ်နိုင်တာကိုသာ အတတ်နိုင်ဆုံး ကြိုးစား လုပ်နေလိုက်ပါ။

ကိုယ်ကလည်းကောင်း ကိုယ့်ပတ်ဝန်းကျင်ကလည်း မဆိုးဘဲနဲ့ ဘ၀ဆိုး အဖြစ်ဆို့နဲ့ ကြုံရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလို ဖြစ်ရတာဟာ ကောင်းကံတွေ အကျိုးမပေးနိုင်သေးလို့ပါ။ ယခုဘ၀ ရှေးရှေးဘ၀၊ ဘ၀အဆက်က ပြုထားပြီးဖြစ်တဲ့ ကောင်းကံတွေ လမ်းပွင့်လာအောင် ရေလာမြောင်းပေး လုပ်ပေးတဲ့အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ ကုသိုလ်တွေ များများလုပ်ပေးပါ။

“စိတ်ဓာတ်ကျချိန်မှာ ဘုရားရှိနေပေးတယ်လို့ ခံစား”နိုင်အောင် ဘုရားဂုဏ်တော်တွေ များများပွားပေးပါ၊ ဘုရားဂုဏ်တော်တွေ များများ ဆင်ခြင်ပေးပါ။ ဂုဏ်တော်ပွားတာ ကျင့်သားရသွားရင်၊ ဂုဏ်တော်ထုံတဲ့စိတ် အရှိန်အဟုန် ရလာရင် စိတ်ဓာတ်ကျချိန်မှာပဲဖြစ်ဖြစ်၊ စိတ်ဓာတ်တက်ကြွချိန်မှာပဲဖြစ်ဖြစ် ဂုဏ်တော်တွေကို ခဏခဏ သတိရနေပြီး ဘုရားနဲ့အတူ ရှိနေနိုင်ပါတယ်။ ပွားများထားတဲ့ အောက်မေ့ထားတဲ့ ဂုဏ်တော်တွေရဲ့ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကောင်းကျိုးတွေ ရပါလိမ့်မယ်။

“ကိုယ်လုပ်တဲ့ကိစ္စ ကိုယ့်ကံက ကိုယ်နဲ့ပဲဆိုင်တယ် ဘုရားလည်း မကူနိုင် မချစ်နိုင်ဘူးလို့ စိတ်ထဲဖြစ်တယ်”ဆိုတာ တော်တော် ကောင်းပါတယ်။ ဗုဒ္ဓဘာသာရဲ့ အခြေခံ ယုံကြည်ချက် ဖြစ်ပါတယ်။ ဒီသဘောတရားကို စိတ်ထဲမှာ စွဲထားပြီး ပြောခဲ့တဲ့ နည်းတွေထဲက သင့်တော်တာကို သုံးကြည့်ပါ။

မချစ်ကြည်လဲ့ရည် အဆင်ပြေပါစေ။


:)
မေတ္တာဖြင့်
ရှင်အာစာရ
၂၇ သြဂုတ်၊ ၂၀၁၁

No comments:

Post a Comment