Monday, August 29, 2011

ကြယ်ရံတိမ်စင်လမင်းကြီး

မင်းကြီး . . .။ ရဟန်း ရှင် လူ ပြည်သူတွေ လှုပ်လှုပ်ရွရွ မဖြစ်ရလေအောင်၊ တိုင်းနိုင်ငံတော် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင်၊ နေပြည်တော် ငြိမ်ဝပ်ပိပြားအောင် လုပ်ပေးရပေလိမ့်မယ်။ နေပြည်တော်ကို အုပ်ချုပ်တဲ့အခါမှာ အကြမ်းမဖက်ရဘူး။ ရာဇပရိယာယ် ကြွယ်ကြွယ်နဲ့ ပြည်သူတွေ ကိုယ့်ဘက်ပါအောင် သွေးဆောင်စည်းရုံး သိမ်းသွင်းနိုင်ရမယ်။ ကြက်သားအုပ်မကြီးက ကြက်သားသားလေးတွေ ကြက်မီးမီးလေးတွေကို ရင်အုပ်မကွာ ကွပ်ကဲအုပ်ချုပ်သလို တိုင်းပြည်ကို အုပ်ချုပ်ရမယ်။ ရှေးမင်းတွေရဲ့ ကျင့်ထုံးဟောင်း၊ လုပ်နည်းကောင်းတွေကို ကျင့်သုံးရမယ်။ ရှေးကနည်းကောင်းတွေကို မပယ်မိပါစေနဲ့။ အခွန်အတုပ် အများကြီး မကောက်ပါလေနဲ့။ ပြည်သူတွေ ပူပန်အောင် နှိပ်စက်တဲ့ အာဏာရှင်ဆိုးကြီး မဖြစ်ပါစေနဲ့။ ပြည်သူကို သနားကြင်နာပါ။ ကောင်းကင်မှာ သာနေတဲ့ တိမ်စင်လမင်းကြီးဟာ လောကကြီး အပေါ်မှာ အေးမြတဲ့ အလင်းဓာတ်တွေ ဖြန့်ချပေးနေတယ်။ လမင်းကြီးဟာ နေလို မပူဘူး။ တယ်အေးသကိုး။ ကြယ်တွေရံတဲ့ လမင်းကြီး တယ်တင့်သကိုး။ တိုင်းနေပြည်တော် အပေါ်မှာ လမင်းလိုကျင့်ပါ။ ကြယ်ရံလမင်းကြီး တင့်တယ်သလို မတ်ပေါင်းရံတဲ့ မင်းကြီးလည်း တင့်တယ်ပါစေ။ တိုင်းပြည်ကြီး ပွင့်လင်းပါစေ။ စည်ပင်ကြီးပွားပါစေ။ ကိုယ့်တိုင်းပြည်ထောင်ကို ကိုယ့်ဟာကိုယ် ပြန်ပြီး ကန့်သတ်ပိတ်ဆို့ မထားမိပါစေနဲ့။ တိုင်းတစ်ပါးမင်းတို့ရဲ့ ၀ိုင်းပယ်ပိတ်ဆို့ခြင်း၊ ငြင်းပယ်ဒဏ်ခတ်ခြင်းကိုလည်း မခံရပါစေနဲ့။  ပြည်သူလူထုကရော ကမ္ဘာ့လူထုကပါ “ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ”လို့ ချီးကျူးထောမနာ အပြုခံရပါစေ မင်းကြီး . . .။

:)
ရှင်အာစာရ
(facebookworm)
"မြန်မာစကားပြေ နှင့် လက်ရေးလှ လေ့ကျင့်ခန်း"
၂၉ သြဂုတ်၊ ၂၀၁၁
ရမှတ် = ၁၀၀
ပေးမှတ် = ၁၀၀

------------------------------

"ခပ်သိမ်းပြည်သူ၊
ရဟန်းလူကို၊
သိမ်းမြန်းပိုက်ထုပ်၊
ကြက်သားအုပ်သို့၊
မလှုပ်စေကြောင်း၊
ဖြည့်ဖြားယောင်းလျက်၊
ကျင့်ဟောင်းမလွန်၊
တုတ်ခွန်မပြင်း၊
သနားခြင်းဖြင့်၊
နှိပ်နင်းကလူ၊
မပူစေရ၊
ကွပ်ဆုံးမလျက်၊
ထွန်းပပြောင်ပြောင်၊
မိုးထက်ခေါင်နှိုက်၊
အရောင်ချမ်းလွန်၊
လဗိမာန်လျှင်၊
ပူပန်မရှိ၊
ငြိမ်းလေဘိသို့၊
ကြယ်တိရံကာ၊
တင့်တယ်စွာသား၊
ပမာပုံသင့်၊
လနှယ်ကျင့်၍၊
လင်းပွင့်တိုင်းကား၊
စည်ပင်ပွားလျက်။     ။
လူများကောင်းချီးတွန်စေမင်း။"

['}@>--,---'-----|
ကန်တော်မင်းကျောင်းဆရာတော်
(ရတနာပူရ ပြည်အင်းဝတွင် ဒုတိယမင်းခေါင်း၏ အရီးတော်ဆရာ)
စာ - ၁၀၊ ၁၁
"လောကသာရပျို့ " 
က၀ိမျက်မှန်စာပုံနှိပ်တိုက်၊ ၁၉၄၇

No comments:

Post a Comment